ဖွံ့ဖြိုးရေး အခွန်အကောက်နဲ့ စစ်မက်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံဒေသတွေ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၉ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၃
ဖွံ့ဖြိုးရေး အခွန်အကောက်နဲ့ စစ်မက်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံဒေသတွေ
စစ်ကောင်စီ ဥက္ကဋ္ဌ ဖြစ်သူ မင်းအောင်လှိုင်က ပြည်နယ်တိုင်း ဝန်ကြီးချုပ်တွေ တက်ရောက်တဲ့ စီးပွားရေး ကော်မတီ အစည်းအဝေးမှာ အသုံးစရိတ်တွေ လိုအပ်မှသာ တောင်းခံဖို့ ပြောဆိုလိုက်တယ်လို့ ဘီဘီစီ မြန်မာပိုင်း သတင်းထဲမှာ ဖော်ပြထားတာ ဖတ်ရှုလိုက်ရပါတယ်။ စစ်ခေါင်းဆောင်က လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးတို့လို ကဏ္ဍတွေမှာ သုံးစွဲစရာတွေ အများအပြားရှိနေတဲ့ အတွက် တကယ်လိုအပ်မှသာ တောင်းခံဖို့ ပြောဆိုတာလို့ သတင်းထဲ ဖော်ပြထားတာ ဖတ်ရှုရပါတယ်။
ဒါက စာရွက်တွေပေါ်က ကိန်းဂဏန်းတွေ၊ အစီရင်ခံစာတွေအရ စစ်ခေါင်းဆောင် သိရှိတဲ့ မြန်မာနိုင်ငံ အခြေအနေဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တကယ့် အပြင်မှာ ဘယ်လိုတွေ ဖြစ်ပျက်နေသလဲဆိုတာ စစ်ခေါင်းဆောင် သေသေချာချာ မသိရှိတာလည်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒေသအများအပြားမှာ လက်နက်ကိုင် တိုက်ပွဲ ဖြစ်ပွားနေတာတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းနဲ့ အခြားသော အရပ်ဖက်ဌာနတွေ အနေနဲ့ အမှန်တကယ် အုပ်ချုပ်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ မလုပ်ကိုင်နိုင်ပဲ လုပ်ကြံသတ်ဖြတ်မခံရအောင် ရှောင်တိမ်းနေထိုင်နေကြရတဲ့ အခြေအနေမျိုးအောက်မှာ အသုံးစရိတ်တွေ သုံးစွဲဖို့ အခြေအနေ အခွင့်အရေး မရှိတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ဥပမာအားဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနလက်အောက်က လမ်းတံတား ဌာနက သက်ဆိုင်ရာဝန်ထမ်းတွေ အနေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း တို့က လမ်းအတော်များများ မှာ လမ်းတံတား ဖြတ်သန်းခ ကောက်ခံတာ၊ လမ်းပိုင်းထိန်းသိမ်းပြုပြင်တာတွေ မလုပ်ဆောင်နိုင်တာ နှစ်နဲ့ချီရှိနေပြီဖြစ်ပါတယ်။ ဥပမာအားဖြင့် ကလေး ဂန့်ဂေါကားလမ်းလို၊ စစ်ကိုင်း-မုံရွာကားလမ်း၊ မန္တလေး -မိုးကုတ်၊ စစ်ကိုင်းနဲ့ မြစ်ကြီးနား မဟာဗျူဟာ ကားလမ်းတို့လို လမ်းပိုင်းတွေမှာ လုံခြုံရေးဂိတ်တွေမှာ လက်နက်ကိုင်တွေက အခွန်အကောက်ကောက်ခံ တာမျိုးသာရှိပြီး လမ်းတံတား အသုံးပြုခ နဲ့ လမ်းတံတား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းမျိုးတွေ မလုပ်နိုင်တော့တဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ ဒီလမ်းပိုင်းတွေကို တာဝန်ယူထားတဲ့ အဆင့်ဆင့်သော အင်ဂျင်နီယာတွေ အနေနဲ့ ယခင်ကလို လမ်းပြုပြင်ထိန်းသိမ်းတဲ့အသုံးစရိတ်တွေ အထက်ကို တင်ပြပြီး လမ်းပြုပြင်ထိန်းသိမ်းတဲ့ ကုမ္ပဏီတွေကို တင်ဒါချပေးတာမျိုး မလုပ်နိုင်တော့တဲ့ အနေအထားမျိုးဖြစ်ပါတယ်။
အလားတူပညာရေး ကဏ္ဍဘက်မှာလည်း စစ်ကောင်စီ ပညာရေးဌာနက လက်လှမ်းမမှီတော့တဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေ၊ ကျောင်းဆရာ၊ ဆရာမတွေ စီဒီအမ် လုပ်ပြီး မလည်ပတ်နိုင်တဲ့ စာသင်ကျောင်းတွေ တနိုင်ငံလုံးမှာ အများအပြားရှိနေပြီး အဆိုပါ စာသင်ကျောင်းတွေအတွက် နိုင်ငံဘတ်ဂျက် အသုံးစရိတ်ထဲက သုံးစွဲစရာ မလိုအပ်တဲ့ အနေအထားမျိုးတွေဖြစ်ပါတယ်။ အဲဒီလို အနေအထားရှိတဲ့ နေရာဒေသတွေက အထက်မှာ ဖော်ပြထားတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ ကရင်နီ၊ ချင်း၊ ကချင်၊ မကွေးတိုင်း မြောက်ပိုင်း၊ တနင်္သာရီ၊ ကရင်ပြည်နယ်တို့မှာ အများအပြား ရှိနေတာဖြစ်ပါတယ်။
ကျန်းမာရေး ကဏ္ဍကြည့်ရင်လည်း အလားတူအနေအထား တွေ့ရမှာပါ။ မဖွင့်နိုင်တဲ့ တိုက်နယ်ဆေးရုံတွေ၊ ကျေးလက်ဆေးပေးခန်းတွေ၊ စီဒီအမ် လုပ်သွားကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အများအပြား ရှိတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ မရှိသလောက် ဖြစ်နေတဲ့ နယ်မြေဒေသတွေ အများအပြားရှိနေတာကြောင့် ကျန်းမာရေး အသုံးစရိတ် လက်တွေ့မှာ မသုံးစွဲနိုင်တဲ့၊ သုံးစွဲစရာမလိုတဲ့ ဒေသတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။ တဖက်မှာ အဲဒီဒေသတွေက တရားဝင် အခွန်အကောက်လည်း မရသလို ဒေသတွေရဲ့ ဖွံ့ဖြိုးရေး ကျန်းမာရေး၊ ပညာရေး စတာတွေအတွက်လည်း သုံးစွဲဖို့ မလိုတဲ့ အနေအထားဖြစ်ပါတယ်။ သို့ပေမယ့် တကယ့် လက်တွေ့မှာတော့ အဲဒီဒေသတွေရဲ့ အသုံးစရိတ်တွေကို စစ်ကောင်စီဘက်က သက်ဆိုင်ရာ ဒေသတာဝန်ခံသူတွေ ဘယ်လိုလုပ်ဆောင်ကြသလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိတဲ့အနေအထား ဖြစ်ပါတယ်။
ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပုသိမ်၊ တောင်ကြီး အစရှိတဲ့ မြို့ကြီးတွေမှာတော့ မြို့ပေါ်ဧရိယာက အခွန်အကောက်တွေ ကောက်ခံရရှိမှာဖြစ်ပေမယ့် နယ်တွေက အခွန်အကောက်တွေကိုတော့ အားလုံးကောက်ခံရရှိဖို့ လွယ်ကူတဲ့အနေအထားမဟုတ်ပါဘူး။
တနယ်နဲ့ တနယ် ဆက်သွယ်ထားတဲ့ ကားလမ်းတွေမှာ လက်နက်ကိုင်အဖွဲ့တွေက စစ်ဆေးရေး ဂိတ်တွေဖွင့်လှစ်ပြီး ကောက်ခံတာက နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ လက်ရှိအနေအထား လို့ဆိုရမှာ ဖြစ်ပါတယ်။ ကားတစီးကို ထောင်ဂဏန်းကနေ သိန်းဂဏန်းအထိ အခွန်အကောက်ကောက်ခံ နေကြတာဖြစ်ပြီး လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေအနေနဲ့ ရိက္ခာ၊ လောင်စာ၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်း အစရှိတဲ့ ကုန်ပစ္စည်းတွေ သယံဇာတထုတ်ယူမှုတွေအပေါ် နယ်မြေ အသီးသီးက အဖွဲ့အစည်း အသီးသီးက အခွန်အကောက် ကောက်ခံကြတာဖြစ်လို့ စားသုံးသူထံရောက်ရှိတဲ့အခါ ကုန်စျေးနှုန်းတွေက ရန်ကုန်၊ မန္တလေး တို့လိုမြို့ကြီးတွေကထက် အဆနဲ့ချီ မြင့်တက်နေတာမျိုးလည်း သတင်းတွေမှာ ဖတ်ရှုရမှာဖြစ်ပါတယ်။
လတ်တလော အနေအထားဟာ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ လက်နက်ကိုင် တိုက်ပွဲမှာ အောင်မြင်မှုရဖို့ ရန်ပုံငွေ၊ အခွန်အကောက်က ရေသောက်မြစ်သဖွယ် အရေးကြီးတာကြောင့်လည်း အခုလို စိုးမိုးရာ နယ်မြေတွေမှာ ဖြတ်သန်းသွားလာတဲ့အပေါ် အခွန်ကောက်ခံတဲ့ အပေါ် ဘယ်အဖွဲ့ကမှ ကန့်သတ်တာ၊ တားမြစ်တာ မလုပ်ကြသလို တဖက် စစ်အာဏာရှင် တပ်တွေ အနေနဲ့လည်း ၄င်းတို့ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို ဖြတ်သန်းကြတဲ့ သူတွေကို လုံခြုံရေး ရည်ရွယ်ချက်နဲ့ စစ်ဆေးရင်း ဖြတ်သန်းခ၊ သယ်ဆောင်ခတွေကို လက်နက်အာဏာကို သုံးပြီး ကောက်ခံနေကြတာ ဖြစ်ပါတယ်။
ဒီလို ဒေသတွေမှာ အသက်ရှင် နေထိုင်နေရတဲ့ လူထုအနေနဲ့တော့ စစ်မက်ဖြစ်ပွားလို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက်ပျက်စီးနေတဲ့ အနေအထားအောက်မှာ စစ်ပွဲတွေရဲ့ စရိတ်စက ဝန်ကို ခွဲဝေထမ်းပိုးကြရတဲ့ အခြေအနေက လွဲပြီး အခြားရွေးစရာ လမ်းမရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar