Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၃ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၃ )

(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၃

19/10/23

Diary in the darkness


မနေ့က ဂါဇာဆေးရုံ ဗုံးကြဲခံရလို့ လူ ငါးရာကျော် သေတယ်။ အမေရိကန်သမ္မတ အစ္စရေးခရီးစဉ်မှာ အာရပ်နိုင်ငံတွေနဲ့ တွေ့မယ်အစီအစဉ်တွေဖျက်လိုက်ရတယ်။ လူမှုကွန်ယက်ပေါ်မှာ အစ္စရေး-ဟားမတ် စစ်ရေးသတင်းတွေ အုန်းအုန်းထနေတယ်။ 

https://youtu.be/uYHdKP0oJgo?si=dQOeySIJwpk1PPyG


ရုရှား-ယူကရိန်း စစ်ပွဲ သတင်းတွေ မှိန်သွားတယ်။ 

နွေဦးတော်လှန်ရေးသတင်းတွေလည်း အရင်ကလောက် မတွေ့ရတော့ဘူး။ ရပ်ကွက်ရုံး ဗုံးကွဲတာ၊ အုပ်ကြီးတွေ ဒလန်တွေ အသတ်ခံရတာ၊ စကစ စစ်ရှုံးတာတွေဟာ သတင်းထူး မဟုတ်တော့ပါဘူး။ 

KIA က စကစ စခန်းကြီးတွေ သိမ်းတဲ့သတင်း၊ စကစ တနေ့တည်း ဗုံး သုံး လေးကြိမ် ကြဲတဲ့သတင်းတွေ မှိန်သွားတယ်။

https://www.facebook.com/groups/284804306411320/permalink/717664363125310/?ref=share&mibextid=NSMWBT

ရပ်ကွက်ထဲက သတင်းထူးကတော့ လမ်းထဲက အချစ်တော်ခွေးကလေး မောင်ညို ပျောက်ခြင်းမလှ ပျောက်သွားတယ်ဆိုတဲ့ သတင်းပါ။ သူက လမ်းထဲကို သူခိုးဝင်လာရင်ဟောင်တယ်၊ ရှောင်တခင် ဧည့်စာရင်းစစ်တဲ့သူတွေ လာရင် ဟောင်တယ်။ ညအချိန်မတော် လူစိမ်း ဝင်လာရင် အဆက်မပြတ်ဟောင်လေ့ရှိတယ်။ ကူညီပါ‌ရစေ ဟု ဆိုသူတွေထက် အများကြီး ပိုအားကိုးရတယ်။ သူကို တလမ်းလုံးက ချစ်ကြတယ်။ ရှိစုမဲ့စု ချန်ထားတဲ့ထမင်းဟင်းတွေကို ကြွေးကြတယ်။ အရင်တုန်းကလို တအိမ်ထဲကပဲ အဝမကျွေးနိုင်တော့ပေမယ့် ချစ်သူခင်သူများတော့ အဆင်ပြေပါတယ်။ ခါတိုင်းလို ဝဝလင်လင်ကြီးတော့ မစားရရှာတော့ဘူးပေါ့။ သူအစာ ဆာရင် ကျွေးနေကျအိမ်တွေရှေ့မှာ ဆောင့်ကြောင့်ကလေးထိုင်ပြီး အမြီးကလေးကို နှန့်ပြလေ့ရှိတယ်။ ခုတော့ သူ့ကိုလမ်းထဲမှာ မတွေ့ရတာ လေး ငါးရက် ရှိပြီ။ သူကို သတ်စားလိုက်ကြပြီတဲ့။ လမ်းထဲက ချဲတွက်‌ နေတဲ့ မိန်းမတစုက လမ်းထိပ်က အရက်ဝိုင်းဘက်ကို မျက်စောင်းထိုးရင်း ပြောကြတယ်။ 

ဟိုဘက်လမ်းမှာ ကောင်လေးတစ်ယောက် မီးလိုင်းပြောင်းချိတ်ရင်း ဓာတ်တိုင်ပေါ်မှာ တန်းလန်းကြီး သေသွားပြီတဲ့။ ဒီသတင်းကို လမ်းထဲက ချဲမမတွေကပဲ အရင်ဆုံးသတင်းရတာပါ။ ကောင်လေးက လေးဆယ်ကျော်ပဲ ရှိသေးတယ်။ ရပ်ကွက် သာရေးနာရေး လူမှုရေးတွေမှာ အားကိုးရတဲ့ကောင်လေးတဲ့။ ရပ်ကွက်ထဲမှာ လျှပ်စစ်မီး အလှည့်ကျပေးတဲ့စနစ်ကြောင့် အိမ်တချို့က မီးတိုင်ပေါ်တက်ပြီး ဟိုလိုင်း ဒီလိုင်း မီးလာတဲ့လိုင်းကို ပြောင်းချိတ်ကြတယ်။ အဲဒီလို မီးပြောင်းချိတ်ရင် မီတာခလည်း မကျဘူးတဲ့။ မီးပြောင်းချိတ်ပေးတဲ့ ကောင်လေးကို လက်ဖက်ရည်ဖိုးလေး နည်းနည်းပါးပါး ပေးရင် ရပြီတဲ့။ ခုတော့ မီးပြောင်းချိတ်ပေးတဲ့ ကောင်လေး ဓာတ်လိုက်လို့ သေပြီ။ မီးလာချိန်မဟုတ်ဘဲ ရုတ်တရက် မီးပေးလိုက်တော့ ကောင်လေးခမျာ မီးလိုင်းပြောင်းဖို့ ဓာတ်ကြိုးကိုင်ရင်း တန်းလန်းမို့ ဓာတ်လိုက်ပြီးသေပါလေရောတဲ့ဗျာ။ ဘာတတ်နိုင်မလဲ။ 

သူ့သားက ထိုင်းမှာ အလုပ်လုပ်ဖို့ နိုင်ငံကူးလက်မှတ်ရုံးကို သွားနေရာက ချက်ချင်းပြန်လာရတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ ကုန်ကျထားတဲ့ ကြွေးတွေ တနင့်တပိုးကြီးနဲ့ ဒုက္ခပါပဲတော်လို့ ပုဝဝ မိန်းကြီတစ်ယောက်ရဲ့ ညည်းသံ ကြားရတယ်။

ညဘက် အသုဘအိမ်ကို အကူငွေ သွားထည့်ပါတယ်။  အိမ်ရှေ့လမ်းဘေးမှာ ထိုးထားတဲ့ မိုးကာတဲမှာ လူငယ် လူလတ် ဆယ်ယောက်လောက်က ဇယ်တောက်နေကြတယ်။ သူတို့ရှေ့မှာ ငွေစက္ကူ ငါးရာတန်၊ တစ်ထောင်တန်၊ တစ်သောင်းတန်တွေ။ လှေကားရင်းမှာတော့ အရွယ်ကောင်း မိန်းမ ယောက်ျား ငါးယောက် ခြောက်ယောက်လောက် ကစားနေတဲ့ ဖဲဝိုင်းတစ်ဝိုင်း။ ဆယ်ပေပတ်လည် အိမ်ပေါ် ဧည့်ခန်းထဲမှာတော့ ဖဲဝိုင်း နှစ်ဝိုင်း။ ဘေးထိုး သုံးလေးယောက်နဲ့ ဆူဆူညံညံ။ 

ကျနော် အလိုက်တသိပါပဲ။ အကူငွေကို အသုဘရှင်ဟု ထင်ရသူ အမျိုးသမီးလက်ထဲ ထည့်ကာ ပြန်ခဲ့ရတယ်။ အမျိုးသမီးရဲ့ ကျေးဇူးတင်စကားကိုပင် မစောင့်နိုင်။ 

တကယ်တော့ နာရေးဖြစ်နေကြတာ ကျနော်တို့ ရပ်ကွက်ထဲမှာသာ မဟုတ်။ ကျနော်တို့ တနိုင်ငံလုံးမှာ။ ကျနော်တို့ တကမ္ဘာလုံးမှာ။

ဒုက္ခရောက်သူတွေ ရောက်ကြ။

သေသူတွေ သေကြ။

ကြေကွဲသူတွေ ကြေကွဲကြ။

မသာအိမ် ဖဲဝိုင်းထောင်သူတွေ ထောင်ကြ။

မသာပွဲစားလုပ်သူတွေ လုပ်ကြ။

တကမ္ဘာလုံးမှာ၊ တကမ္ဘာလုံးမှာ။

ဂါဇာက ဆေးရုံ ဗုံးထိ။ 

လူငါးရာကျော်သေ။

အမေရိကန်သမ္မတ ဂျိုး အစ္စရေးရောက်။

တကမ္ဘာလုံးမှာ။

တကမ္ဘာလုံးဟာ မသာအိမ်ပါပဲ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar