Breaking News

အောင်ဝေး - သစ်ပင်နဲ့ သစ်တော၊ ဖားနဲ့ ငှက်၊ အကောင်းမြင်နဲ့ အဆိုးမြင်


အောင်ဝေး - သစ်ပင်နဲ့ သစ်တော၊ ဖားနဲ့ ငှက်၊ အကောင်းမြင်နဲ့ အဆိုးမြင်

(မိုးမခ) အောက်တိုဘာ ၂၀ ၊ ၂၀၂၃


၁။

အမေရိကန် ဆောင်းဦးပေါက်ကို ရွက်ကြွေရာသီလို့ ခေါ်ကြပါတယ်။ သစ်ရွက်တွေ အရောင်ပြောင်းပြီး သစ်ပင်တွေ စင်စင်ကြွေတဲ့အချိန်ပါ။ ရိုးတံပြိုင်းပြိုင်း သစ်ကိုင်းမည်းမည်းနဲ့ အပင်တွေဟာ ရွက်သစ်တွေ ပြန်ဝေလာဖို့ နွေဦးပေါက်ရာသီကို ခြောက်လစောင့်ရပါတယ်။ အသွင်ကူးပြောင်းရေးကာလ ဆိုပါတော့။ ဒီကာလမှာ နှင်းကိုက်တဲ့ဒဏ်၊ ရေခဲမိုးရိုက်တဲ့ ဒဏ်တွေကို အန်တုရင်ဆိုင်ရတယ်။ ခုခံတော်လှန်ရတယ်။ သဘာဝတရားက စက်တင်ဘာလထဲမှာ

ဆောင်းဦး (Fall/Autumn) ပေါက်ပြီး မတ်လထဲမှာ နွေဦး (Spring) ပေါက်ပါတယ်။

အခု သစ်ရွက်တွေ ကြွေနေကြပြီ။ သစ်ပင်တွေ အရွက်ကြွေတာ တစ်ပင်တည်းကြွေတာ မဟုတ်ဘူး။ တရပ်လုံး၊ တရွာလုံး၊ တတောလုံး ကြွေတာပါ။ ဒီလိုပါပဲ။ နွေဦးပေါက်လို့ သစ်ပင်တွေ ရွက်နုဝေပြီ ဆိုရင်လည်း တပင်တည်း ဝေတာ မဟုတ်ပါဘူး။ တတောလုံး၊ တတောင်လုံး ဝေတာပါ။

အဲဒီလို သစ်ပင်နဲ့ သစ်တော အဆက်အစပ် အခြေအနေ အဖြစ်အပျက်ကို "Tree vs Forest Phenomenon" လို့ ဆိုပါတယ်။

လောကကြီးကို လူတွေ ကြည့်မြင်ကြတဲ့အခါ ကြည့်မြင်ပုံ လောကအမြင် (World Outlook) နှစ်မျိုး ရှိပါတယ်။

ပထမတစ်မျိုးက အနုပဋိလောမ (Dialectic) အမြင်နဲ့ ဒုတိယတစ်မျိုးက တက္ကဗေဒ (Matter Physics) အမြင်တို့ပါပဲ။

ပထမအမြင်က ဆိုပါတော့၊ အင်ကြင်းတောကြီးတစ်ခုကို ကြည့်တဲ့အခါ အင်ကြင်းပင် တစ်ပင်ချင်းနီရဲအောင် ပွင့်နေတာသိသလို၊ အင်ကြင်းတောကြီး တတောလုံး နီနီရဲရဲပွင့်နေတယ် ဆိုတာကိုလည်း စီးမြင်တယ်။

ဒုတိယအမြင်ကကျတော့ အင်ကြင်းပင်တွေ နီနီရဲရဲ တစ်ပင်ချင်း တစ်ပင်ချင်း ပွင့်နေတယ်ဆိုတာကို သိပေမဲ့၊ အင်ကြင်းတောကြီးတစ်ခုလုံး ပွင့်လို့ နီရဲနေတာကို လွှမ်းခြုံပြီး မမြင်ပြန်ဘူး။

ဒီတော့၊ မှန်ကန်တဲ့ လောကအမြင်အရဆိုရင်၊ တစ်နည်း လောကအမြင်ဟာ မှန်ကန်ရမယ်ဆိုရင် တစ်ပင်ချင်းကို သိသလို တစ်တောလုံးကိုလည်း မြင်ရပါမယ်။

တစ်တောလုံးကို မြင်သလို တစ်ပင်ချင်းကိုလည်း သိနေဖို့ လိုပါတယ်။

ဒါကို "တစ်တောလုံးမြင်၊ တစ်ပင်ချင်းသိ" လို့ ဆိုကြပါစို့။ ဒါဟာ အနုပဋိလောမအမြင်၊ Dialectic အမြင်ပဲ ဖြစ်ပါတယ်။

နောက်ထပ် ဥပမာတစ်ခု ဆိုပါဦးတော့။

သစ်မျိုးစုံပေါတဲ့ ဂနိုင်တောမြိုင်ကြီး တစ်ခု။ ဒါက အင်၊ ဒါက ကညင်၊ ဒါက ပျဥ်းကတိုး စသဖြင့်တစ်ပင်ချင်းရဲ့ နာမည်တွေကို သိသလို၊ ဟောဒါက အနောက်ရိုးမသစ်တော၊ ဒီဟာက ပဲခူးရိုးမသစ်တော၊ အဲဒီလို သစ်တောကြီးတစ်ခုလုံး ခြုံငုံမြင်နိုင်ဖို့ လိုတယ်။

ဒါကြောင့် ကျနော်တို့မှာ အနုပဋိလောမအမြင် ရှင်သန်နေဖို့ အထူးလိုအပ်တာပါပဲ။

၂။

ဖားတစ်ကောင် ရေတွင်းထဲမှာ အုံအင် အော်နေတယ်။ ငှက်တစ်ကောင် လေထဲမှာ ပျံဝဲလို့။

ငှက်က တောင်ပံခတ်ရင်း ကောင်းကင်တော် ချီးမွမ်းခန်းဖွင့်လိုက်တယ်။ "အင်မတန်ကျယ်ပြောလှတဲ့ ကောင်းကင်ကြီးပါတကား" တဲ့။

ဒါကို ရေတွင်းထဲက ဖားက ကြားသွားပြီး—

"ဟဟပဲ ရမယ် ငှက်ရေ။ အင်မတန်ကျယ်ပြောလှပါတယ် ဆိုတဲ့ မင်းရဲ့ ကောင်းကင် ဆိုတာကြီးက ငါ့ရေတွင်းဝလောက်ပါပဲလား" လို့ ပြန်ပြောလိုက်တယ်။

ငှက်က ဘယ်နေမလဲ။ ပြန်တုံ့ပြန်ပြောလိုက်ပုံက "ဒီစကားမျိုး နေပြည်တော်မှာ သွားပြော။ ကောင်းကင်ကြီး အမှန် တကယ်ကျယ်တယ်ဆိုတာ လေထဲမှာ ပျံနေတဲ့ ငါတို့ငှက်တွေပဲ သိတယ်။ မင်းတို့လို ဒေါ်စိန်အေးကျောင်းက ကောင်တွေ အဲလေ ရေတွင်းထဲကကောင်တွေ ဘယ်သိနိုင်ပါ့မလဲ။ မင်းတို့က အနုပဋိလောမအမြင်၊ Dialectic အမြင်မှမရှိပဲကိုး" တဲ့လေ။

ဖား။ ။ ဘာလဲဟ အနုပဋိလောမ၊ ဘာတုံးဟ Dialectic?

ငှက်။ ။ မသိရင် မှတ်ထား။ ကောင်းကင်က အမှန်ကျယ်ပြီးသား။ မင်း ပြောရမှာကဒီလို။ ကောင်းကင်၏ အစိတ်အပိုင်းတစ်ရပ်သည် ကျွန်ုပ်၏ ရေတွင်းဝလောက်ရှိသည်။ ဒီလိုပြော။ ဘာလဲ။

ရေတွင်းဝလောက် ဉာဏ်နဲ့ တော်လှန်ရေးကို လာမဝေဖန်နဲ့၊ အတောင်ပံနဲ့ ရိုက်ချပစ်လိုက်မယ်။ ဒီလိုနဲ့ ငှက်က လေထဲမှာ ပျံမြဲပျံတယ်။ ပျံရင်း ရှင်တယ်။ ဖားကတော့ သူ့တက္ကဗေဒအမြင်နဲ့သူပဲ ရေတွင်းထဲမှာ ကျောက်တုံးပိပြီး သေတယ်။

ငှက်က လောကကြီးကို အကောင်းမြင်တယ်။ ဖားကတော့ အကောင်းမမြင်နိုင်ရှာဘူး။ အဆိုးမြင်တယ်။

ကျိုပြီး ဖန်ခွက်ထဲ ထည့်ထားတဲ့ နွားနို့ကို ဂျွန်ကလည်း မြင်တယ်။ ဂျော့ချ်ကလည်း မြင်တယ်။

ဂျွန်။ ။ နွားနို့က ပူလည်း မပူတော့ဘူး။

ဂျော့ချ်။ ။ နွားနို့က နွေးနေသေးတာပဲ။

ကဲ- မိတ်ဆွေ။ ခင်ဗျား ဖားလား၊ ငှက်လား။ ဂျွန်လား၊ ဂျော့ချ်လား။ ရဲရဲဖြေ။

၃။

နွေဦးတော်လှန်ရေးမှာ ဝိသေသအကျဆုံး အချက်နှစ်ချက် ရှိတယ်။

(က) လက်နက်ကိုင်တိုက်ပွဲကို ပြည်သူလူထုရဲ့ ချွေးနှဲစာနဲ့ တိုက်နေတာ ဖြစ်တယ်။

(ကမ္ဘာမှာ မရှိဖူးဘူးလို့ The Econmics မဂ္ဂဇင်းကြီးက ရေးတယ်)

(ခ) ဒီနေ့ လူထုခုခံစစ်ဟာ ပဋိညာဥ်တစ်ခုနဲ့ တိုက်နေတဲ့စစ်လည်း ဖြစ်တယ်။

ပထမအချက်။ ၂၀၂၁ မှာ NUG က လူထုရဲ့ ထောက်ပံ့ငွေနဲ့ အခြားရန်ပုံငွေ အမေရိကန်ဒေါ်လာ

၂၅ သန်း ရခဲ့တယ်။

၂၀၂၂ မှာ ကန်ဒေါ်လာသန်း ၁၀၀ ရခဲ့တယ်။

၂၀၂၃ နှစ်မကုန်ခင် ကန်ဒေါ်လာ သန်း ၃၀၀ အထိ ရဖို့ ရည်မှန်းထားတယ်လို့ NUG က တရားဝင်ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

NUG က ရတဲ့ ရန်ပုံငွေအားလုံးရဲ့  ၉၉ %ကို MOD ရဲ့ စစ်ရေးအတွက် သုံးစွဲပြီး ကျန်တဲ့ ၁% ကတော့ အစိုးရစရိတ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒုတိယအချက်အနေနဲ့  ၂၀၂၁ မတ်လ ၈ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို ဖွဲ့စည်းခဲ့ပါတယ်။ NUCC က ၂၀၂၁ မတ်လ ၃၁ နေ့ရောက်တော့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် (FDC) အပိုင်း ၁ နဲ့  ၂ ကို ကြေညာပါတယ်။

၂၀၂၁ ဧပြီလ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပေါ်ထွန်းလာပါတယ်။

NUCC ရဲ့ ပဋိညာဥ်ကို ယုံကြည်လက်ခံတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု EAOs ငါးဖွဲ့က NUG နဲ့ တရားဝင်ပူးပေါင်းလက်တွဲပြီး စစ်ကောင်စီကို စစ်ကြေညာတိုက်ခိုက်ပါတယ်။ ဒီ EAOs ငါးဖွဲ့ကတော့-

KNU/KNLA ကရင်

KIO/KIA ကချင်

KNPP/KA ကရင်နီ

CNF/CNA ချင်းနဲ့

ကျောင်းသားတပ်မတော် ABSDF တို့ပါပဲ။

ဒါကြောင့် ဒီနေ့ စစ်ပွဲကို အဲဒီဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်နဲ့ တိုက်နေတာ ဖြစ်တယ်လို့ အခိုင်အမာပြောတာ ဖြစ်တယ်။

အကြမ်းဖျင်းပြောရင် NUG-MOD လက်အောက်မှာ (မြို့နယ်ပေါင်း ၂၅၀ မှာ) PDF တပ်ရင်းပေါင်း ၃၀၀ ခန့် ဖွဲ့စည်းပြီးဖြစ်တယ်။ (ရင်းဖွဲ့စည်းပုံက ခုနစ်ယောက် တစ်စိတ်၊ သုံးစိတ် တစ်စု၊ သုံးစု တစ်ခွဲနဲ့ တပ်ခွဲ ၃ ခွဲကို တပ်ရင်းတစ်ရင်း၊ တစ်ရင်း စုစုပေါင်းအင်အား ၂၀၀ ခန့် ဖြစ်တယ်။)

ဒါကြောင့် PDF ရင်း ၃၀၀၊ အင်အား ၆၀,၀၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။

MOD ကွပ်ကဲမှုအောက်မှာ မရှိတဲ့ အခြားတော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေလည်းအများအပြား ရှိပါသေးတယ်။

ဥပမာတစ်ခု၊ ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တွေဆိုရင် အင်အားအနေနဲ့ တပြည်လုံးမှာ ၇၅,၀၀၀ ကျော်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

NUG-MOD အနေနဲ့ PDF တွေကို လက်နက်တပ်ဆင်နိုင်မှု၊ ထောက်ပံ့နိုင်မှု အရင် D-Day ကြေညာစဥ်အချိန်ကထက် ပိုလုပ်ဆောင်လာနိုင်ပါတယ်။

MOD က PDF ၃ ရင်းမှ ၅ ရင်းကို ဗျူဟာတစ်ခုအနေနဲ့ စစ်ဗျူဟာတွေ ဖွဲ့စည်းနေပါပြီ။ (မနေ့တစ်နေ့ကပဲ ပုလဲဗျူဟာဖွဲ့စည်းပြီးပြီလို့ ဒေသခံလက်နက်ကိုင် ကဗျာဆရာနှစ်ယောက်က လှမ်းပြောပါတယ်)

၄။

NUG-MOD ဟာ စစ်ဒေသကြီးသုံးခု ခွဲထားပြီးတိုက်နေတာ ဖြစ်တယ်။

စစ်ဒေသ (၁) စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်း။

စစ်ဒေသ (၂) တနင်္သာရီ၊ ပဲခူး၊ ကရင်၊ မွန်၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်း။

စစ်ဒေသ (၃) ကရင်နီ၊ ရှမ်းတောင်နဲ့ နေပြည်တော်။

စစ်ဒေသအလိုက် EAOs တွေနဲ့ PDF တွေ ပူးပေါင်းစစ်ဆင်နေကြတာ တွေ့ရမယ်။ 

အကြမ်းဖျင်း NUG ရဲ့ မဟာမိတ်ဖြစ်တဲ့ EAOs ငါးဖွဲ့မှာ အင်အား ၄၅,၀၀၀ (တနိုင်ငံလုံး EAOs အားလုံး ပေါင်းအင်အားရဲ့ ၃၁%) ရှိတယ်လို့ သိရပါတယ်။

NUG နဲ့ တရားဝင် မပူးပေါင်းသော်လည်း PDF တွေကို လေ့ကျင့် နေရာပေး လက်နက်တပ်ဆင်နေတဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ (TNLA, AA နဲ့ MNDAA ကိုးကန့်)လည်း ရှိသေးတယ်။ သူတို့က NCA မှာ မပါဘူး။ စစ်တပ်နဲ့ တိုက်ပွဲတွေ မကြာမကြာ ဖြစ်နေတယ်။ သူတို့အင်အား ၄၅,၀၀၀ ရှိတယ်လို့ဆိုတယ်။ ၃၁% ပါပဲ။

ဒါ့အပြင် NCA လက်မှတ်မထိုးတဲ့ UWSA ဝ၊ SSPP/SSA ရှမ်းနဲ့ NDAA မိုင်းလား။ သူတို့က စစ်တပ်နဲ့ ရန်စောင်နေတဲ့ အဖွဲ့တွေ။ အင်အား ၄၅,၀၀၀၊ ၃၁% ပဲ။

ဒီတော့ NCA လက်မှတ်ထိုးပြီး စစ်ကောင်စီနဲ့ပေါင်းနေတဲ့ EAOs ခုနစ်ဖွဲ့ ဆိုတာက RCSS/SSA ရွက်ဆစ်၊ MNSP မွန်ပြည်သစ် ၊ DKBA ၊ KNU ခွဲထွက်ငြိမ်းချမ်းရေးကောင်စီ၊ ALP စောမြရာဇာလင်း၊ PNLO ခွန်ဥက္ကာနဲ့ LDU လားဟူတို့ ဖြစ်တယ်။ သူတို့ခုနစ်ဖွဲ့ပေါင်းအင်အားက ၁၂,၀၀၀ ပဲရှိတယ်ဆိုတော့ တနိုင်ငံလုံး EAOs စုစုပေါင်းအင်အားရဲ့ ၇% သာပဲ။

ကဲ- မင်းအောင်လှိုင်မှာ EAOs အင်အား ၇% ပဲရှိတယ်။

ကျနော်တို့ဘက်မှာ တရားဝင်လက်တွဲတာ ၃၁% ရှိထားတယ်။ တစ်ဖက်တစ်လမ်းကနေ ကူညီနေတာက ၃၁% ရှိနေတယ်။

ကျနော်တို့ကို ရန်မမူတဲ့ နောက်ထပ် ၃၁% လည်းရှိသေးတယ်။

ပြောရရင် ကျနော်တို့ဘက်မှာ EAOs အင်အား ၉၃%(၁၃၅,၀၀၀)။ မင်းအောင်လှိုင်ဘက်မှာ ၇%(၁၂,၀၀၀)။

ကဲဗျာ၊ ဒီလောက်ပေါင်းစည်းညီညွတ်နေတဲ့၊ မမှိတ်မသုန် တိုက်နေတဲ့ EAOs + PDFs + ပကဖ + အခြား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ (ဥပမာ- KNDF, CNF, PLA, BPLA စသည်)က ရွပ်ရွပ်ချွံချွံ တိုက်နေတဲ့ ဒီစစ်ကို မနိုင်တော့ဘူး၊ နိုင်မှာမဟုတ်ဘူးလို့ ဘယ်သူ ပြောရဲသလဲ။

စစ်ခွေး ရွေးကောက်ပွဲဖြစ်ပြီး မင်းအောင်လှိုင် သမ္မတဖြစ်လာမှာပဲလို့ ဘယ်သူ ထင်ကြေးပေးနေသလဲ။

စစ်ခွေးနိဂုံး ၂၀၂၃ ဆိုတာ အလကား ဖင်ယားလို့ပြောတဲ့စကား မဟုတ်ဘူး။

ဒါကို မဖြစ်နိုင်ဘူးလို့ ပြောတဲ့သူဟာ ဖြစ်အောင်လည်း မလုပ်ချင်သူသာ ဖြစ်တယ်။

ဘယ်နေရာကို စစ်တပ်က စစ်ကြောင်းထိုးလို့ ဘယ်ဒေသမှာ လွတ်မြောက်နယ်မြေတွေ ဆုံးရှုံးကုန်ပြီလို့ ကုန်းရုန်းအော်နေတဲ့ ပါးစပ်တွေပိတ်ထား။

နောက်ထပ် တောင့်ခံနိုင်ရင် တစ်နှစ် ကံကောင်းပေါ့ ဆိုတဲ့ ပါးစပ်တွေ ပိတ်လိုက်တော့။ အဲဒါ ငါတို့မဟုတ်ဘူး။ အဲဒါ နင်တို့ ပထွေးစစ်ခွေးတွေ။

၅။

နိဂုံးချုပ်ပါတော့မယ်။

စစ်ကိုင်းမှာ အရေးနိမ့်နေပြီ၊ ပုလဲမှာ အထိနာနေတယ်၊ အင်းတော်မှာ PDF တွေ၊ ပကဖတွေ အလုပ်မဖြစ်ဘူးဆိုပြီး အော်အော်ဖွမနေနဲ့။ ဒါ စစ်တိုက်နေတာ။

ရန်သူနဲ့ ဘတစ်ပြန် ကျားတစ်ပြန် ခံစစ်နဲ့ ထိုးစစ်ကြား ကူးလူးနေမှာပဲ။ ဖက်ဆစ်ခွေးတွေဘယ်တော့မှ အမြဲမနိုင်ဘူး။

စစ်ကိုင်း တစ်ခုတည်း မကြည့်ပါနဲ့။ ပုလဲ တစ်ခုတည်းမကြည့်ပါနဲ့။ အင်းတော် တစ်ခုတည်း မကြည့်ပါနဲ့။ တနိုင်ငံလုံးကို ခြုံငုံပြီးကြည့်ပါ။ တတိုင်းပြည်လုံးကို ဖြန့်ကြက်ပြီး ကြည့်ပါ။ သစ်ပင်တစ်ပင်တည်းကို ကြည့်ပြီး ကောက်ချက်မဆွဲပါနဲ့။ သစ်တောကြီးတစ်ခုလုံးကို မြင်အောင် ကြိုးစားပြီးသုံးသပ်ပါ။

ဒီနေ့ ငါတို့ စစ်နိုင်နေသလား၊ စစ်ရှုံးနေသလား၊ သေချာစဥ်းစားပြီးမှ ဖြေပါ။

ရန်သူကို လျှော့မတွက်ဖို့ လိုသလို မိမိဘက်ကိုလည်း ဘယ်တော့မှ လျှော့မတွက်မိပါစေနဲ့။ ရန်သူကို အထင်မသေးမိဖို့ အရေးကြီးသလို မိမိဘက်ကိုလည်း အထင်သေးအမြင်သေး မဖြစ်ဖို့ လိုပါတယ်။ တစ်နေရာမှာ PDF စခန်းတစ်ခု ဝင်အစီးခံရလို့ တစ်နိုင်ငံလုံးက PDF တွေတော့ ကုန်ပါပြီဆိုပြီး တယ်လီဂရမ်က ကောင်တွေကြားအောင် အလန့်တအား ထထမအော်နဲ့။

အခုအချိန်ဟာ စွန့်စားနေရတာ။ အသက်ပေးနေရတာ။ အမှားမခံဘူး။ တော်လှန်ရေးက မှားလို့မရဘူး။ မှန်တယ်။ အကယ်လို့ လုပ်ရင်းကိုင်ရင်း တစ်ခုခု မှားသွား၊ ချွတ်ယွင်းသွားတာမျိုး ကြုံတတ်တယ်။

ဘယ်လို အမှားလဲ။ သေနင်္ဂဗျူဟာ မမှားဘူး (ဘုံရန်သူ မပျောက်ဘူး) လုပ်နည်းကိုင်နည်းအမှား (နည်းပရိယာယ် အမှား) ဆိုရင် အကောင်းမြင်စိတ်နဲ့ ဝေဖန်ထောက်ပြရမယ်။ ဝိုင်းဆဲ၊ ဝိုင်းဆွမ်းကြီးလောင်းတာမျိုးက ရဲဘော်ရဲဘက်မဆန်ဘူး။

အခုတော့ စေတနာလည်း မမှန်၊ အဆိုးမြင်ဝါဒကလည်း ကုပ်ပိုးတက်စီးနေတဲ့ လူတချို့က NUG-MOD-PDF အတွဲလိုက်ကြီး တစိုက်မတ်မတ် ဖောင်းထုနေတာကတော့ နိုင်ငံရေးသုက်ကြောင်တာ သက်သက်ပါပဲ။ ရေတွင်းထဲကနေ အုံအင်နေရုံသာပါပဲ။

နွေဦးတော်လှန်ရေး ဆိုတာ သစ်တောကြီးတစ်ခုလုံး ဖြစ်တယ်။ CRPH တွေ၊ NUCC တွေ၊ NUG တွေ၊ EAO တွေဆိုတာ သစ်ပင်တစ်ပင်ချင်း၊ တစ်ခုချင်းတွေပဲ။

တစ်ခုချင်းကိုလည်း သိအောင်လုပ်ပါ။ တစ်ခုလုံးကိုလည်း မြင်အောင်ကြိုးစားပါ။ တော်လှန်ရေးအပေါ်မှာ အကောင်းမြင်စိတ် မွေးပါ။ ကျနော်လည်း ဘာကောင်မှမဟုတ်ပါဘူး။ 

ကဗျာလေး ကာရန်မှန်အောင် ရေးတတ်ရုံပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်။ ။

အောင်ဝေး

(အောက်တိုဘာ ၁၇၊ ၂၀၂၃)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar