Breaking News

ဆောင်းဝေ (နတ်မောက်) - ဗူးသီးတစ်လုံးပေါ်မှာ

ဗူးသီးတစ်လုံးပေါ်မှာ
ဆောင်းဝေ (နတ်မောက်)
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၃

အိမ်အပြင်ဘက်မှာ မိုးဟာတဖွဲဖွဲမို့၊ မိုးသီးမိုးပေါက်တွေဟာ အိမ်နောက် ဖေးက ဗူးစင်ပေါ်တပေါက်ချင်းကျနေပြီး အိမ်နံရံအပြင်ဘက်ကိုလည်း တစ်စက်ချင်းလာစင်နေတယ်။ အချို့ဗူးရွက်တွေပေါ် ရေစက်တချို့တင်နေပြီး ကွန်ကရစ်ကြမ်းပြင်ဟာ နေ့အလင်းရောင်နည်းနည်းနည်းအောက်မှာ စိုစွတ်လင်းချင်းနေတေ့ာတယ်။ ခါတိုင်းရက်တွေမှာ တွေ့ရတတ်တဲ့ ပြေးလွှားဆော့ကစားနေကျရှဉ့်ငယ်လေးတွေကို မတွေ့ရပဲ မျက်လုံးရှေ့ကမြင် ကွင်းတခုလုံးဟာ မိုးရေကျသံကလွဲရင် တိတ်ဆိတ်နေသလို ခံစားမိတယ်။ သစ်ကိုင်းတွေကို လေတိုးတိုက်ချင်းမရှိ၊ သစ်ရွက်တွေလည်း လှုပ်ခတ်ချင်းမရှိ၊ လူသွားလူလာ မရှိ။ အရာရာဟာ တိတ်ဆိတ်ငြိမ်သက်နေတာကို ကိုယ်ဟာ အရသာခံနေမိတယ်။

ဒီအချိန် လမ်းပေါ်ထွက်လိုက်ရင်တေ့ာ ကားဟွန်းတီးသံ၊ ရထားတွေ ပြေး လွှားသံ၊ စကားပြောသံအမျိုးမျိုးနဲ့ လူအုပ်ကြီးကို တွေ့ရမှာမှန်ပေမယ့် အဲဒါတွေကို ကိုယ်ဟာ အခုမလိုချင်သေးဘူး။ အခုလိုအပ်နေတာ တိတ် ဆိတ်ငြိမ်သက်နေမှုပဲ။ ဒီနေ့အရေးတကြီးသွားစရာနေရာမရှိ၊ အရေးတကြီးလုပ်စရာအလုပ် မရှိ။ ဒီလိုအချိန်မှာ မိုးတဖွဲဖွဲဟာ မြင်နေရတဲ့ရှုခင်းထဲ ထပ်ဖြည့်ပေးထားတယ်။ ကိုယ်ဟာ အခု အရသာရှိနေတယ်။ ဒါပေမယ့် လူသေအလောင်းတခုကို မစားသောက်ခင် စိတ်ပြေနပြေထိုင်ကြည့်နေတဲ့ လင်းယုန်တစ်ကောင်ရဲ့မျက်လုံးနဲ့တေ့ာ မဟုတ်ပါဘူး။ မြင့်မားတဲ့တောင်တလုံးပေါ် ခက်ခက်ခဲခဲတက်ပြီးတဲ့နောက် မြင်ကွင်းတခုလုံးကိုပျော်ရွှင်စွာကြည့်နေတဲ့ ဓာတ်ပုံရိုက်သမားတယောက်ရဲ့ နှလုံးသားမျိုးနဲ့ပါ။ ဖြေပြီးသားအဖြေလွှာကို သဘောကျစွာ တစိမ့်စိမ့်ပြန်ကြည့်နေတဲ့ စာမေးပွဲအခန်းထဲက ကျောင်းသားငယ်လေးတယောက်ရဲ့ ကြည်နူးစိတ်မျိုးနဲ့ပါ။ ကြည်ရွှင်တဲ့စိတ် လွမ်းတတဲ့စိတ်နဲ့ပါ။ တစုံတရာကို ရုတ်တရက်သတိရသွားလို့ သီချင်းတပုဒ်ကို တိုးတိုးလေးဖွင့်လိုက်မိတယ်။

“အိမ်ခေါင်မိုးက မိုးမလုံလည်း ငါတို့လုံးဝ စိတ်မကုန်ပါ
ရေခံခွက်အောက် မိုးစက် တပေါက်ပေါက်ကျသံဟာ တွံတေးကြီးတေးသံလား”

သီချင်းဟာ လူတယောက်ကို နေရာတခုမှာမတ်တပ်ရပ်ကြီး ဒီအတိုင်းထားခဲ့ပြီး သူ့စိတ်ကို အဝေးကြီးဆီ ဆွဲခေါ်သွားတယ်။ စိတ်ဟာ မုန်တိုင်းထဲလွင့်ပျံနေတဲ့ သွပ်ပြားတချပ်လို လွင့်ချင်ရာလွင့်ထွက်သွားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်က အိမ်ခေါင်းမိုးပေါ်မိုးရေကျသံဟာလည်း နားထဲကိုချက်ချင်းရောက်ရှိလာခဲ့တယ်။ မိုးရွာထဲကျောင်းသွားခဲ့ပုံတွေ၊ မိုးရေထဲ အဝတ်အစားမပါပဲ ပြေးထွက်သွားပုံတွေ၊ မိုးခြိမ်းသံကြားရင် မိဘတွေနား ပြေးကပ်ခဲ့ပုံတွေဟာ ရုတ်တရက် မျက်လုံးထဲခုန်ဝင်လာခဲ့တယ်။ ငယ်ဘဝရဲ့ မိုးသီးမိုးပေါက်တွေဟာ စိတ်ထဲမှာ ခုအချိန်ထိ စိုစွတ်နေတုန်းပဲ။ ကိုယ့်ရှေ့မြင်နေရတဲ့ ဗူးစင်ပေါ်မှာတေ့ာ ဗူးညွှန့်တွေဟာ စိမ်းစိုလတ်ဆက်နေကြလေရဲ့။ နားထောင်မိတဲ့ အရိုးရေးပြီး ဓီရာမိုရ်ဆိုထားတဲ့ “ငါတို့အိမ်” သီချင်းဟာ မိုးရေထဲကစနေမနက်ခင်းထဲ လူးလွန့်ပြေး လွှားနေလေရဲ့။

“အမေစံမြန်းတဲ့နန်းဆောင်အို ကိုရွှေသိကြားမင်းနိဗ္ဗာန်မို့ စင်တင်ဇာတ်ထုပ်ထဲက 
အကောင်းစားတိုက်အိမ်တလုံးနဲ့မလဲပါဗျို့
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို ဆန်နီကြမ်းနဲ့ ဝမ်းတွေစို
အခုရထားတဲ့လောကစည်းစိမ်တွေ နတ်ပြည်နဲ့ မလဲဘူး”

ငယ်ဘဝဟာ တောနယ်လေးမှာနေထိုင်ဖြတ်သန်းခဲ့ရတာမို့ မိုးပျံရထားတွေ၊ ဓာတ်လှေကား၊ စက်လှေကားနဲ့ ခေတ်မီပစ္စည်းတွေလည်း မရှိခဲ့ပါဘူး။ လေယာဉ်ပျံဆိုတာ တခါတရံကောင်းကင်မှာပျံနေတာတွေ့တဲ့အခါ မြင်ကွင်းထဲကပျောက်ကွယ်မသွားခင်အထိ အစအဆုံးလိုက်ကြည့်ရတဲ့အရာပါ။ ဘဝတလျှောက် ခေတ်မီသိပ္ပံပစ္စည်းတွေနဲ့ မခမ်းနားခဲ့ပေမယ့် ပျော်ရွှင်မှုဆိုတာ အဲဒီအရာတွေနဲ့မသက်ဆိုင်မှန်း အခုတေ့ာ သိခဲ့ပါပြီ။ အမေ့ရဲ့အိမ်အိုလေးထဲမှာ ရရှိခဲ့ဖူးတဲ့ပျော်ရွှင်ငြိမ်းချမ်းမှုကို ကမ္ဘာကျော်မြို့တော်ကြီးမှာနေထိုင်မိတဲ့အချိန်မှာ နာနာကျင်ကျင် ပြန်လွမ်းဆွတ်မိပါပြီ။ အမေဆင်ပေးခဲ့တဲ့ အဝတ်နွမ်းနွမ်းတွေ၊ အမေချက်ကျွေးခဲ့တဲ့ ဆန်းကြမ်းထမင်းတွေ၊ အမေငေါက်ငမ်းပြောဆိုခဲ့ဖူးတဲ့  မြည်တွန်တောက်တီးမှုတွေကို ဒီလူဟာ အခု ပြန်လိုချင်နေပါပြီ။ အတိတ်ကို ပြန်ပြန်တွေးရင်း ကိုယ့်အနာကို ကိုယ့်လျှာနဲ့ပြန်ပြန်လျက်နေရပါပြီ။ တိုက်ပွဲထဲမှာ ကိုယ့်သေနတ်ကိုပြန်သ,နေသူတယောက်လို ဒီလူဟာ ဘဝမှာမောပမ်းခဲ့သမျှအတွက် ကိုယ့်ဒဏ်ရာကို ပြန်သ,နေရပါပြီ။ ခန္ဓာကိုယ်ပေါ်က ပြည်တည်နေတဲ့အနာကို တစိမ့်စိမ့်ပြန်ပွတ်သပ်နေမိပါပြီ။ 

“အမေကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်းနဲ့ထောင်းရင် နတ်ပေးတဲ့ဩသဓဆေး
အတိတ်အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ တို့အိမ်ကမခွဲကြေး
ပညာမတတ် ဉာဏ်နည်းနဲ့ ဆင်းရဲသားတွေလို့ ကောင်းချီးသြဘာပေး
စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် တစ်ခေါက်လောက် မင်းလာကြည့်တေ့ာ သူငယ်ချင်း”

ပျော်ရွှင်မှုဆိုတာဟာ နယူးယောက်မြို့လယ်ကောင် တိုင်းမ်စကွဲယားကကော်ဖီဆိုင်တခုမှာ သွားထိုင်တိုင်းလည်း ရချင်မှရတာပါ။ စိတ်အလို ပြည့်မှုကို လေဘာတီရုပ်တုနောက်ခံနဲ့ ဓာတ်ပုံရိုက်တိုင်းလည်း ရချင်မှရတာပါ။ စိတ်ထဲပြီးပြည့်စုံမှုဆိုတာကို မန်ဟက်တန်ရပ်ကွက်ထဲကလမ်းမတွေပေါ် ကမ္ဘာအရပ်ရပ်ကရောက်ရှိလာကြတဲ့လူအုပ်ကြီးထဲရောက်သွားလည်း တွေ့ချင်မှတွေ့တာမျိုးပါ။ ကိုယ်ဟာ ပျော်ရွှင်မှုဆိုတာကို ငယ်ဘဝမှာ အိမ်မှာဖွင့်ခဲ့တဲ့ ရှေးဟောင်းဂျပန်ကက်စက်ကြီးတလုံးဆီကနေလည်း ရခဲ့ဖူးပါတယ်။ စိတ်အလိုပြည့်မှုကို အဒေါ်ဖြစ်သူ အမြဲလျှော်ဖွတ်ပေးလေ့ရှိတဲ့ သန့်ရှင်းစင်ကြယ်စွာဝတ်ဆင်ခဲ့ရတဲ့အဝတ်အစားအဟောင်းတွေဆီကလည်း ရခဲ့ဖူးပါတယ်။ စိတ်ထဲ ပြီးပြည့်စုံမှုဆိုတာကို ဈေးထဲကနေအဖေဝယ်လာပေးဖူးတဲ့ အရည်အသွေးခပ်ညံ့ညံ့ကျောင်းလွယ်အိပ်တစ်လုံးဆီမှာလည်း တွေ့ရှိခဲ့ဖူးပါတယ်။ 

“မဟာဂေါဏ ဘို့အလယ်ထောင် စူဠဂေါဏ နောက်အငယ်ကောင်
အတူ တစ်ကျင်းထဲစားတဲ့ တို့ရဲ့နွားနှစ်ကောင် အမေ့ရဲ့သားတော်မောင်
မဟာအန္ဓ အကို့နာမည် စူဠအန္ဓ ကျွန်တော့်နာမည်
အနှိမ်ခံ တောသားကျောမွဲ ဦးနှောက်နည်းတဲ့ အမေ့ရဲ့အားတွေပဲ”

အဆိုတော် စိုင်းထီးဆိုင်ရဲ့ “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ” ကို နားထောင်ပြီးတိုင်း ဘယ်သူမဆို ငယ်ဘဝကို ပြန်သတိရသွားမယ်ထင်ရဲ့။ ငယ်ဘဝဆိုတာ အဝတ်အစားတွေချွတ်ထားခဲ့သလို ထားခဲ့လို့ရတဲ့အရာမှ မဟုတ်ပဲ။ ခဲတစ်လုံးကို အဝေးကြီးဆီလှမ်းပစ်လိုက်သလို လွှင့်ပစ်လို့ရတာမှ မဟုတ်ပဲ။ အသက်တခု ရှိနေသရွေ့တေ့ာ ပြန်သတိရမိတိုင်း ငယ်ဘဝဆိုတာ စိတ်ထဲပြန်ပြန်ရောက်လာမှာပဲ။ တခါတရံ အိမ်နဲ့ဖုန်းပြောဖြစ်တဲ့အခါတိုင်း အမေက ကိုယ့်ငယ်ဘဝကိုပြန်ပြောပြတဲ့အခါတိုင်း  ကြည်နူးမှုဟာ နှလုံးအိမ်ထဲ ပြန်ရောက်ရှိလာခဲ့တယ်။

ကိုယ်တိုင်မမှတ်မိတေ့ာတဲ့ ငယ်စဉ်ဘဝရဲ့အချို့အစိတ်အပိုင်းတွေဟာ အဖေက ပြောပြလို့ ပြန်သိရတဲ့အခါ အလုပ်ထဲမှာ ကိုယ်ဟာတယောက်တည်း ပြုံးနေမိတတ်တယ်။ ကိုယ့်အင်အား၊ ကိုယ့်ချွေးနဲ့ရင်းကာ မိဘနှစ်ပါးကိုစောင့်ရှောက်နိုင်ခဲ့တာကိုတေ့ာ ဘဝမှာကျေနပ်မိပါတယ်။ ကိုယ်ဟာ အမေ့အတွက် အားတခုဖြစ်ခဲ့ပါရဲ့လား။ ဒါပေမယ့် တခါတလေ အမေပြောတတ်တဲ့ “အမေ မသေခင်တေ့ာ ပြန်လာခဲ့ပါအုံး” ဆိုတဲ့စကားကိုတေ့ာ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါ။ စကားတစ်ခွန်းဟာ နားထဲမှာ ဓားတစ်ချောင်းလို ပြေးလွှားမွှေ့ရမ်းနေခဲ့တာကိုတေ့ာ ကိုယ့်ဘက်က ဘာမှမတုံ့ပြန်နိုင်ခဲ့ပါ။ 

“ညီမလေးက နှီးထိုင်ဖြာ အဘက ဆေးတစုံဖွာ
မှောင်ရီလရိပ်အောက်က တိတ်တဆိတ်ညတွေမှာ အမေ့ရဲ့တရားသံနာ
လူဟာ ဘယ်လောက်ထိ အသက်ရှင်မလဲ ဘယ်လောက်အများဆုံး ရနိုင်မလဲ
အခု ရထားတဲ့လောကစည်းစိမ်တွေ ဘယ်လောက်ကြာကြာမြဲမလဲ”

ဘဝမှာ ဖြစ်ချင်တဲ့အရာအချို့ရှိခဲ့ဖူး၊ လိုချင်ခဲ့ဖူးပေမယ့် ပိုက်ဆံချမ်းသာတဲ့ သူဌေးတယောက်တေ့ာ မဖြစ်ချင်ခဲ့ဖူးပါဘူး။ သမ္မတတယောက်၊ အာဏာပါဝါရှိသူ ဝန်ကြီးတယောက် နဲ့ မြို့မျက်နှာဖုံးလည်းမဖြစ်ချင်ခဲ့ဖူးသလို အကြမ်းဖက်သမားတယောက်လည်း မဖြစ်လိုခဲ့ပါဘူး။ အသက်တစ်ခုရဲ့ နှစ်အရေအတွက်ဟာ အကန့်အသက်ရှိသလို ဘဝတခုမှာပိုင်ဆိုင်သမျှအရာတွေဟာလည်း ပျက်စီးသွားနိုင်တဲ့အခြေအနေတွေပါ။ ကိုယ်ဟာ လေ လွင့်နေခဲ့တဲ့လူတယောက်ဖြစ်ခဲ့တယ်ဆိုရင်လည်း ကိုယ်လိုချင်တဲ့အရာတွေနဲ့ပဲ လွင့်မျောနိုင်ခဲ့ပါတယ်။ ကိုယ်ဟာ သေနတ်ထဲကထွက်လာတဲ့ ကျည်တစ်တောင့်ဆိုရင်လည်း ဘယ်သူ့အသက်ကို ဖျက်ဆီးဖို့ဆီကိုမှ မပျံသန်းခဲ့မိတာအတွက်တေ့ာ ကျေနပ်မိပါတယ်။ ကိုယ်ရထားတဲ့အရာတွေက နှစ်တွေဘယ်လောက်အထိ ခံမှာမို့လို့လဲ။ 

“လူဟာ လောဘတရားနဲ့ ငရဲလမ်းသွားတဲ့ ဒုက္ခရဲ့အကောင်များ
အတိတ်အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ တင်းတိမ်ရောင့်ရဲကြ
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ နှာခေါင်းရှုံ့ လက်ကာမလား
စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် တခေါက်လောက် မင်းလာကြည့်တေ့ာ သူငယ်ချင်း”

အခြားတယောက်ယောက်ကို ကိုယ့်အိမ်ကို လာကြည့်ဖို့ဖိတ်ခေါ်ဖို့ထက် ကိုယ်တိုင်ပဲ ပြန်သွားကြည့်ချင်နေမိပါပြီ။ အဖေဟာ အရင်လို ညအိပ်ဝင်ခါနီးတိုင်း တရားထိုင်နေတုန်းပဲလား၊ အမေဟာ သူ့မြေးမလေးတွေညအိပ်တဲ့အခါတိုင်း အရင်လို စောင်ထထခြုံပေးနေတုန်းပဲလား။ အဒေါ်ကကော တအိမ်လုံးကအဝတ်အစားတွေကို အရင်လိုလျှော်ဖွတ်ပေးနေတုန်းပဲလား။ ညီမလေးကကော သူ့ဘဝရှေ့ရေးထက် မိဘတွေကိုပြုစုစောင့်ရှောက်ဖို့ပဲ စိတ်အားထက်သန်နေတုန်းပဲလား။ အိမ်ပြန်ရောက်တဲ့အခါ အဖေက ငယ်ငယ်လေးတုန်းကလို နာမည်မခေါ်ပဲ “လူလေး”လို့ပဲ ခေါ်အုံးမှာလား။ ဒီနေ့ဟာ စနေနေ့အလုပ်နားရက်မို့ ဘယ်သွားချင်လဲလို့ တယောက်ယောက်က မေးလာခဲ့ရင် “အိမ်ကို သွားချင်တယ်”လို့ပဲ ဖြေမိမယ် ထင်တယ်။

ဆောင်းဦးပေါက်မှာ သစ်ရွက်တွေ ကြွေကျစပြုပြီ။ ရာသီဥတုကလည်း နည်းနည်းချမ်းအေးစ ပြုလာပြီ။ မျှားမှန်ထားတဲ့ သမင်တစ်ကောင် တွေ့ရာသစ်ပင်တွေဝင်တိုက်ပြီး တောတောင်ထဲ နာကျင်စွာ လျှောက်ပြေးနေသလို ကိုယ်တွေးတောမိသမျှကလည်း အိမ်အကြောင်းကိုချည်းပဲ ဝင်ဝင်တိုက်မိနေပါတယ်။ ဖွင့်ထားဆဲသီချင်းကို ကိုယ် ပြန်ပိတ်လိုက်တယ်။ 

သီချင်းတပုဒ်ဟာ လူတယောက်ကို လွမ်းအောင်လည်း လုပ်ပေးသလို အဲဒီအလွမ်းစိတ်ကိုလည်း ပိုဆိုးရွားသွားအောင် ဆွ,ပေးနေတယ်။ ဦးနှောက်တွေပွင့်နေတဲ့ ခေါင်းတလုံးကို ဓားနဲ့မွှန်းနေသလို ကိုယ့်အိမ်လွမ်းစိတ်ကို လာလာမွှမ်းနေတယ်။ မိုးမြန်မြန်တိတ်မှ ဖြစ်မယ်၊ ဒါမှမဟုတ် ကိုယ်လည်း အိမ်ထဲမြန်မြန် ပြန်ဝင်မှဖြစ်မယ်။ အိမ်ထဲမဝင်ခင် အဝေးကနေလှမ်းမြင်နေရတဲ့ ဗူးစင်ပေါ်က ဗူးသီးလေးတလုံးပေါ်မှာ စိတ်ထဲကနေ “အိမ်” လို့ လှမ်းရေးခဲ့လိုက်တယ်။ ။

ဆောင်းဝေ (နတ်မောက်)
Oct,14,2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar