Breaking News

ညိုထွန်းလူ - အသက်အရွယ်

အသက်အရွယ်
ညိုထွန်းလူ
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၃

ဟိုး-လွန်ခဲ့သည့်နှစ်နှစ်ဆယ် လောက်တုန်းကပေါ့။ ရင်းနှီးသည့် လူငယ်တစ်ယောက်က ဘိုးတော်ဘယ်ကပြန်လာတာလဲဟု မေးလိုက်ရ၍ ကျွန်တော့်မှာ တွန့်ခနဲဖြစ်သွား၏။ ဘယ့်နှယ်ဗျာ၊ လူကိုများ ဘိုးတော်တဲ့လား။ တကယ်တော့ ဘိုးတော်ဟုအခေါ်ခံလိုက်ရတာကလည်း သိပ်ထူးဆန်း လှတာတော့မဟုတ်။ ကျွန်တော်တို့မန္တလေးမှာ ကိုယ့်ထက်အသက်အရွယ်ကြီးသူတိုင်းကို ဘိုးတော်၊ ဘွားတော်ဟုခေါ်ကြစမြဲ။ ဒါက ချစ်ခင်လေးစားခြင်းနှင့် ရင်းနှီးမှုကို ဖော်ပြနေခြင်းဖြစ်သည်။ ယခုတော့လား ကျွန်တော့်ခမျာ ဘိုးတော်ထက်အိုဗာဖြစ်၍ ကလေးတွေ က ဘကြီးဟုအခေါ်ခံရသည့်အဆင့်သို့ ရောက်နေရချေပြီ။

သည်ကနေ့ (14-oct-2023)က ခွန်ထိပ်စီးထဲသို့ ရောက်သွားခဲ့သည့် ကျွန်တော့်မွေးနေ့ဖြစ်သည်။ မွေးနေ့အထိမ်း အမှတ် ထူးထူးခြားခြားမလုပ်ဖြစ်။ ယခင်နှစ်တွေတုန်းကလိုပဲ အိမ်ရှေ့မှာကြွရောက်လာကြသည့်သံဃာ တော်များကို ဆွမ်းဟင်းများလောင်းလှူ၍ ကုသိုလ်ယူခဲ့သည်။ ကွယ်လွန်သွားခဲ့ကြသည့်မိဘနှစ်ပါးအား ကုသိုလ်အမျှပေးဝေခဲ့သည်။
အသက်အရွယ်အကြောင်းကို ကျွန်တော်တွေးကြည့်လိုက်သည်။ မွေးနေ့တစ်နှစ်ရောက်လာသည်နှင့် အသက်တစ်နှစ်ကြီးလာခဲ့သည်။ သို့ရာတွင် ခန္ဓာကိုယ်မှာတော့နုပျိုခြင်းတွေဆုတ်ခွာသွားပြီး ဇရာရိပ်တွေ တဖြည်း ဖြည်းတိုးဝင်လာခဲ့သည်။ သဘောက အသက်ကြီးလာလေလေ အိုမင်းလာလေလေ။ သည်တော့ ကျွန်တော် အိုမင်းလာခဲ့ပြီထင်သည်။
ဘယ်လိုကြောင့်ရယ်မသိ မှတ်ပုံတင်ထဲရှိ အသက်က လက်ရှိအသက်ထက် လေးနှစ်ငယ်နေ၍ ငါအသက်သိပ်မကြီးသေးဟု တွေးလိုက်ချင်ချင်။ သို့သော် အသက်ဆိုတာကလည်း ကိန်းဂဏန်းသတ်မှတ်ချက် တစ်ခုသာဖြစ်၍ ရှေ့သို့တိုးချင်တိုး နောက်သို့ဆုတ်ချင်ဆုတ်။ ကြိုက်သလိုလုပ်နိုင်သော်လည်း ဇရာကိုတော့ မိမိ၏စိတ်အလိုအတိုင်း ဖြစ်ချင်တိုင်းဖြစ်၍မရ။ 
ဇာတိဇရာဆိုသည့်အတိုင်း လူ့လောကထဲသို့‌စတင်၍ရောက်လာကတည်း က ဇရာသည် အရိပ်လိုထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။ ငယ်ရွယ်စဉ်တုန်းကတော့ ဇရာ၏သဘောကို ဘယ်သိမှာတုန်း။ ခန္ဓာကိုယ်ကလည်းဖျတ်လတ်ပေါ့ပါး၍ ဉာဏ်ကလည်းထက်မြက်နေသည်ကိုး။
ယခုတော့ အရှိတရားကိုကျွန်တော်လက်ခံလိုက်ရပြီ။ ခန္ဓာကိုယ်ကအိုလာပြီ။ မှတ်သားဉာဏ်တွေကလည်း လျော့ကျသွားပြီး ဟိုမေ့ဒီမေ့ဖြစ်လာရပြီ။ သည်တော့လည်း အဘိုးအိုပေါက်စ ရုပ်ထွက်နေသည့်ကိုယ့်ကိုယ်ကို မြင်ယောင်သွားရင်းပြုံးမိသွားသည်။
                           - - - -

လွန်ခဲ့သည့် လေးငါးခြောက်နှစ်လောက်တုန်းက ကျွန်တော့်သူငယ်ချင်းအချို့ တရားစခန်းဝင်ကြ၊ တရားထိုင်ကြသည့်သတင်းကိုကြားရသည်။ ကျွန်တော်ကတော့ သူတို့ကို အတုမယူနိုင်။ မိုက်မဲနေဆဲ။ ကျွန်တော်လည်း နေ့စဉ်နှင့်အမျှ ထိုင်ပါသည်။ တရားထိုင်ခြင်းတော့မဟုတ်၊ လက်ဘက်ရည်ဆိုင်ထိုင်ခြင်းသာ ။ တစ်နေ့တစ်ကြိမ်လောက် လက်ဖက်ရည်ဆိုင်ထိုင်ပြီး မိတ်ဆွေအပေါင်းအသင်းတွေနှင့် ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးနေခွင့်မရလျှင် စိတ်ထဲမှာ တစ်ခုခုလိုနေသလိုလိုခံစားရနရေ၏။ 

တခါတုန်းက ဥရောပနိုင်ငံအချို့ကိုရောက်ခဲ့ဖူးသည်။ 
ပြောလျှင်ယုံချင်မှယုံကြမည်။ မင်္ဂလာဒုံလေဆိပ်မှ လေယာဉ် စတက်လိုက်ကတည်းက ကျွန်တော့်မှာ ပြန်ရမည့်ရက်ကိုပဲ တစ်ခါတည်းတွက်ထားလိုက်သည်။ သူရို့နိုင်ငံတွေကကြီးကျယ်ပါ၏။ ခမ်းနားပါ၏။ ကျွန်တော်တို့နိုင်ငံထက် အဆများစွာသာလွန်ပါ၏။ သို့ရာတွင် တော်လ်ကီပွားရမည့်လက်ဖက်ရည်ဆိုင်မရှိ။ ကွမ်းယာဆိုင်မရှိ။ သို့ဖြင့် ကိုယ့်နိုင်ငံကိုပြန်ရမည့်နေ့ ရောက်တော့ ပျော်လိုက်ရသည်ဖြစ်ခြင်း။
ရန်ကုန်သည် အမှောင်ထဲမှာ ကွက်တိကွက်ကျား မီးရောင်လေး တဝင်းဝင်းတလက်လက်ဖြင့် နိုင်ငံခြားပြန်ကြီး ကျွန်တော့်ကို ဆီးကြိုနေရှာ၏။ ခရီးဆောင်အိတ်ကိုရွေးပြီး လေဆိပ်၏ အပြင်ဘက်သို့ အမြန်ထွက်လာခဲ့သည်။ ကျီးကန်းတောင်းမှောက်ကြည့်နေသည့် မျက်လုံးထဲမှာ ကွမ်းဝါးရင်း အေးအေးဆေးဆေးထိုင်နေသည့် လေတပ်စစ်ဝတ်စုံဖြင့်တပ်ကြပ် ကြီးတစ်ယောက်ကို ‌တွေ့လိုက်ရသည်။ သူ့အနားသို့အလျင်အမြန်ချဉ်းကပ်သွားလိုက်၏။ 

"ဆရာကြီး ကွမ်းတစ်ယာလောက်များပေးလို့ရမလားဗျ။ "

ကျွန်တော့်ကို ကြည့်နေသည့်သူ့မျက်နှာသည် ချက်ချင်းလက်ငင်း ပြုံးပြုံးကြီးဖြစ်သွားသည်။

"ရပါ့သဗျား၊ ခင်ဗျားနိုင်ငံခြားက ပြန်လာတာမဟုတ်လား။"

သူက အတတ်သိနေပြီး ပြောပြောဆိုဆိုဖြင့် ပလတ်စတစ်အိတ်ထဲက ကွမ်းယာတစ်ယာထုတ်ပေးလိုက်သည်။ ကျွန်တော်တို့နှစ်ယောက် ကွမ်းမြုံ့ရင်းဟန်ကျနေကြ၏။ ထိုစဉ် သူ့နောက်ကျောရှိ အုတ်နံရံမှာ ကပ်ထားသည့်စာကို တွေ့လိုက်ရ၍ မျက်လုံးပြူးသွား၏။ ကွမ်းမစားရ၊ ဒဏ်ငွေတစ်သောင်းဟူ၏။ မဖြစ်ချေတော့၊ ပုံမတော် ချစ်သောအမိမြေက ဒဏ်ငွေတစ်သောင်းဖြင့် ဆီးကြိုလိုက်လျှင် ခက်ရချည့်။ သူ့အနားမှအမြန်လစ်ထွက်လာခဲ့ရသည်။
အိမ်ရောက်‌သည်နှင့်အေးအေးဆေးဆေးမနေနိုင်။ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ အမြန်ပြေးသွားသည်။ လက်ဖက်ရည်ဆိုင်နှင့်အတူ ကွမ်းယာဆိုင်ရှိသည်။ ထိုညက မန်ယူပွဲရှိ၍ လက်ဖက်ရည်ဆိုင်တစ်ဆိုင်လုံး အုံးထနေ၏။ ထိုင်ခုံတစ်လုံးပေါ်မှာထိုင်ရင်း လက်ဖက်ရည်သောက်ပြီး ကွမ်းမြုံ့သည်။
မေလလယ်ဖြစ်၍ ရာသီဥတုက ပူလောင်နေ၏။ လျှပ်စစ်မီးပျက်နေ၍ မီးစက်အင်ဂျင်သံကတဒုန်းဒုန်း။ လက်ဘက်ရည်ဆိုင်ထဲရှိ ရွှေပွဲလာမန်ယူပရိသတ်တွေကလည်း ချွေးတလုံးလုံးဖြင့် သူတို့အသင်းမန်ယူကို တအုံးအုံးအားပေးနေကြ၏။ ဘောလုံးပွဲပြီးတော့ မန်ယူအသင်းရှုံးသွား၍ သူ့ပရိသတ်တွေခမျာလည်း တောက်တခေါက်ခေါက်ဖြစ်ရင်း ခပ်ကုပ်ကုပ်လေးပြန်သွားကြသည်။ လက်ဖက်ရည်ဆိုင်ထဲမှမြင်ကွင်းကိုကြည့်ရင်း ကျွန်တော်သဘောကျသွား၏။ ဆူညံပြီးပူလောင်အိုက်စပ်။ အသက်ရှူမွန်းကြပ်။ အဟောဝတကောင်းလေစွ။ သည်နှယ်စည်းစိမ်မျိုး နိုင်ငံခြားမှာ ဘယ့်နှယ်လုပ်တွေ့နိုင်မည်နည်း။
                           - - - - -

ကျွန်တော်က ကြီးပွားမည့်ဇာတာမပါ။ ငယ်စဉ်ကတည်းက အလိုဆန္ဒနည်းသည်။ နောင်တစ်ချိန်မှာ ဘာဖြစ်ရမဟဲ့ ညာဖြစ်ရမဟဲ့ဆိုသည့် စိတ်ဆန္ဒတွေလည်းမရှိ။ သေချာတော့မသိ။ ပါသျှား ကဗျာဆရာကြီးအိုမာခိုင်ယမ်က ပင်လယ်ကမ်းစပ်မှာ ဝိုင်တစ်ခွက်ရယ် ပေါင်မုန့်ရယ် ချစ်သူကလေးနှင့်အတူနေချင်သည်ဟု ဆိုသည်။ 
လူပျိုပေါက်အရွယ်တုန်းက ဘာသာပြန်ထားသည့် သူ့ကဗျာကိုဖတ်ပြီး ခေတ်စကားနှင့်ပြောရလျှင် ကြွေသွားခဲ့သည်။ သို့နှင့် အဆိုပါကဗျာဆရာကြီးကို အားကျ၍သကာလ အင်းလျားကန်စပ်မှာ ဝိုင်ပုလင်းဖွင့်၍ တစ်ကြိမ်တစ်ခါ တစ်နာရီမျှ ကောင်းစားခဲ့ဖူးသည်။ အချိန်အခါကလည်းသာသာယာယာရှိခဲ့သည်ကိုး။ 
သို့သော်လည်း ခေတ်သည် ကျွန်တော်၏တခဏတာလေးမျှစည်းစိမ်ခံနေသည်ကိုမရှုစိမ့်နိုင်ဘဲ တော်တော်‌‌‌ လေး မြင်ပြင်းကပ်နေဟန်တူသည်။ ချစ်သူကလေးကို အနားမှာထား၍ ဝိုင်သောက်ခွင့်မပေးတော့။ ရှိပါစေလေ။ သည်လိုအခွင့်အရေးမရလည်းနေပေါ့။ 
ယခုတော့ ကျွန်တော့်အမြင်နှင့်ခံစားမှုပြောင်းလဲသွားခဲ့ပြီ။ ကဗျာဆရာကြီးက ချစ်သူကလေးရယ် ပေါင်မုန့်ရယ်ဝိုင်တစ်ခွက်ရယ်ဟုဆိုလိုက်တော့ နည်းနည်းလေးလောဘကြီးသည်ဟု ထင်မှတ်လာမိသည်။ ကျွန်တော်က တော့ ကဗျာဆရာကြီးနှင့်မတူပါ။ တစ်နေ့တစ်ကြိမ် လက်ဖက်ရည်ဆိုင်ထိုင်ပြီး ကွမ်းလေးတမြုံ့မြုံ့ဖြင့်နေခွင့်ရလျှင် ကျေနပ်ပီတိဖြစ်နေရသည်ကော။

သည်မှာပင် လွန်ခဲ့သည့်ငါးနှစ်ကျော်က မန္တလေး၏ အတိတ်ကာလကို လွမ်းသွားရလေ၏။ အဲသည်တုန်းက ကျွန်တော်တို့အားလုံးပျော်ပျော်ရွှင်ရွှင်။ လူတိုင်းလူတိုင်း စိတ်လက်ပေါ့ပါးနေကြသည်။ ကျွန်တော်တို့တတွေ လက်ဖက်ရည်ဆိုင်မှာထိုင်ကြရင်း စကားလက်ဆုံပြောမကုန်ကြ။ တစ်ယောက်ကိုတစ်ယောက်စကြနောက်ကြ။ ရယ်သံတွေနှင့်အတူစိတ်ရွှင် လန်းနေလျက်။
အပြောင်းအလဲကတစ်ခုပြီးတစ်ခု မြန်ဆန်လွန်းသည်။ သတိပြုမိချိန် ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့ ကျွန်တော်မနှစ်မြို့သည့် ခေတ်၏ နောက်ခံကားချပ်၏ရှေ့မှာ ငူငူငေါင်ငေါင်ဖြင့်ရပ်နေသည်ကို တွေ့လိုက်ရသည်။ မိတ်ဆွေသူငယ်ချင်းအချို့ တမလွန်ခရီးသို့ထွက်ခွာသွားကြသည်။ 
တချို့ကြတော့လည်း ဘယ်ဆီသို့ရောက်နေကြသည်မသိ၊ အဆက် အသွယ်ပြတ်‌တောက်နေခဲ့သည်။ ရောက်ရာအရပ်ဒေသမှာ ကျန်းကျန်းမာမာရှိခဲ့လျှင် ဝမ်းသာရသည်။ 

နေ့ရက်တွေက ခန္ဓာကိုယ်အား တိုက်စားလာခဲ့၍ လူလည်း တဖြည်းဖြည်း အိုသည်ထက်အိုလာခဲ့၏။ လက်ဖက်ရည်ဆိုင်သို့ တစ်ယောက်တည်း သွားချင်သော်လည်းမလွယ်‌တော့။ ခက်တာက လက်ဖက်ရည်ဆိုင်ထိုင်ချင်သည်ဆို‌စေဦး။ ကိုယ့်ကိုလာခေါ်မည့်သူရှိမှသာ အပြင်ထွက်နိုင်သည်။ 
လူတိုင်းလိုလို သူ့အရေးနှင့်သူ ရင်မောနေကြရ၍ ကျွန်တော့်ဆီသို့ မည်သူမျှမလာနိုင်ကြ။ ပြီးတော့ လက်ဖက် ရည်ဆိုင်သို့ တစ်ယောက်တည်းသွားမည်ဆို‌တော့လည်းအဘွားကြီးက စိတ်မချပြန်။ ခွကျလှသည်။

"လက်ဖက်ရည်ဆိုင်သွားစရာမလိုပါဘူးတော်။ သောက်ချင်ရင် ဒလီနဲ့မှာလိုက်တာနဲ့ ရတယ်လေ။"

ဤသို့ဖြင့် ကျွန်တော်လည်း အပြင်သို့ထွက်စရာ လမ်းပိတ်သွားရတော့ သည်။ လက်ဖက်ရည်ဆိုင်ထိုင်ရသည့် အရသာကို လေဒီခမျာမသိရှာ။ ဘယ်လိုအရသာမျိုးလဲရှင့်ဟု ကွက်ရှင်ထုတ်လိုက်လျှင်လည်း ကျွန်တော်လည်းရှင်းမပြတတ်။ တယ်လည်းခက်ပါကလား။
                          - - - - - 
နေ့ရက်တွေ အလီလီပြောင်းရွေ့သွားသည်။ ခေတ်၏အရွေ့အလှုပ်သည် ပြဇာတ်ခန်းမပြီးသေး၍ တစ်ခါတရံ ညအချိန်မှာ ဖုန်းဖုန်းဖောင်းဖောင်း အသံတွေကိုလည်းကြားရတတ်၏။ ထိုအခါ လေဒီက ကြောက်အားပိုသွားပြီး "အဲဒါတွေကြောင့်မို့ တော့်ကို ဘယ်မှမထွက်စေချင်တာ၊ တစ်ခုခုဖြစ်ရင် အိမ်ကိုပြန်မလာမချင်း စိတ်ပူရမှာတော်ရဲ့" တဲ့။

ကျွန်တော်စိတ်တိုသွားရသည်။ လက်စသပ်တော့ မယ်မင်းကငါ၏တက် ကြွသောစိတ်ဓာတ်ကို ချိုးနှိမ်၍ အိုမင်းနေပြီရှင့်ဟု မပြောရုံတမယ် အိုခြင်းဆီသို့ ဇွတ်ကြီးတွန်းပို့နေတာပါကလား။ ဘာတတ်နိုင်မည်နည်း။
ကျွန်တော်သည် အိမ်ဝန်းထဲက သစ်ပင်ရိပ်အောက်မှာ လက်ဖက်ရည်သောက်ရင်း အပြင်သို့ငေးမောနေမိ သည်။ ကျွန်တော့်ဆီသို့ ဘယ်သူများ လမ်းမျက်စိလည်ပြီးရောက်လာမည်လဲဟုတွေး၍ သကာလ တော်လ်ကီပွားစရာ မိတ်ဆွေများကို မျှော်နေမိတတ်သည်။ မည်သူမျှပေါ်မလာ၍ ကသိကအောင့်ဖြစ်ရသည်။ မည်သို့ပင်ဖြစ်စေ ရက်နှစ်ပတ်လောက်ကြာတော့ တစ်ယောက်တည်းလက်ဖက်ရည်သောက်ရူသည့် အလေ့ အကျင့်နှင့် နေသားကျသွားသည်။

စကားပြောဖော် ပြောဖက်မရှိသော်လည်း ပျင်းစရာမရှိ။ လက်ဖက်ရည်သောက်ပြီး ကွမ်းလေးမြုံ့ရင်း ဟိုငေးဒီငေး၊ ဟိုတွေးဒီတွေး။ တွေးချင်ရာတွေးရင်း လောကသဘောကို ဆင်ခြင်ကြည့်တတ်လာမိသည်။ လူတိုင်းလူတိုင်း မည်သူမဆိုအမှားမကင်း။ တစ်ကြိမ်တစ်ခါလောက်တော့ အမှားအယွင်းပြုမိတတ်စမြဲ။ အမှားပြုမိ၍ နောင်တဖြစ်ရသည်။ ကျွန်တော်လည်းအမှားမကင်းခဲ့ပါ။ သို့ရာတွင် ကိုယ်ပြုမိခဲ့သော အမှားသည် အသေး အမွှားသာဖြစ်၍ ကံကောင်းသွားသည်။ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်သော နောင်တရစရာအကြောင်းမရှိ‌တော့ပေ။
ခေတ်ကိုအတူတကွ ဖြတ်သန်းနေကြရသော်လည်း ကျွန်တော့်မှာဖြင့်အသက်အရွယ်အရ စင်မြင့်ပေါ်မှာ အသုံး တော်ခံနေကြသည့်ခေတ်၏ ဇာတ်လမ်းတွဲထဲမှာ ပါဝင်နိုင်ခြင်းမရှိတော့ဘဲ ပရိသတ်နေရာသို့ရောက်သွားခဲ့ပြီ။ သည်တော့လည်း လောကဇာတ်ခုံပေါ်မှာရှိနေကြသည့် လူ့သဘောနှင့်လူ့မနောကို ကွင်းကွင်းကွက်ကွက် မြင်တွေ့နေရသည်။ 
တချိန်တုန်းက ဇာတ်ခုံပေါ်မှာ ကိုယ်တိုင်ပါဝင်ကပြခဲ့ရသည်မို့ လူ့အရေးကို ရှင်းလင်းစွာမသိမြင်နိုင်ခဲ့။ ယခုတော့ အရာအားလုံးကိုနားလည်သွားသည်။ အဲသည်တော့ ကြီးသည်ငယ်သည်မဟူ အများအကျိုးဆောင်ရွက်ကြသူတိုင်းကို လေးစားကြည်ညိုရသည်။ 

ကောင်းတာတွေကိုပဲတွေးသည်။ ထိုအခါကျွန်တော့်ရင်ထဲမှာ ဒေါသလောဘတွေနည်းပါးသွားပြီး မေတ္တာဓာတ်တွေ လွှမ်းခြုံသွားသည်။ မေတ္တာထားနိုင်တော့ စိတ်အေးချမ်းသာမှုတွေ အလိုလိုရလာခဲ့သည်။ ဒါကအိုခြင်း၏အရသာပါပဲဟု ဆိုလိုက်ချင်သည်။ 
ကျွန်တော်တို့အားလုံး တုံ့လှယ်မေတ္တာရပ်ဝန်းဒေသမှာ စိတ်ချမ်းမြေ့ပျော်ရွှင်စွာဖြင့်နေချင်ပါသည်။ မွေးနေ့ဆုတောင်းပေးပို့ကြသည့် မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရပါသည်။ ထို့အတူဖေ့စ်ဘွတ်မှတဆင့် ချစ်မိတ်ဆွေများဆီသို့လည်း တုံ့ပြန်မေတ္တာပို့သပေးလိုက်ရသည်။ ‌မေတ္တာကွန်ယက်ထဲမှာ အားလုံး လုံခြုံနွေးထွေးရှိစေချင်လှသည်။ ချစ်မိတ်ဆွေများအားလုံး နှလုံးစိတ်ဝမ်းချမ်းမြေ့ကြပါစေ။

ညိုထွန်းလူ
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar