Breaking News

မန်တုံနဲ့ လောက်ကိုင်မြို့တွေမှာ တိုက်ပွဲဖြစ်ပွားနေ၊ ဖြတ်တောက်မှုခံထားရတဲ့ ရခိုင်ပြည်နယ်


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၂ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၂၃


မန်တုံနဲ့ လောက်ကိုင်မြို့တွေမှာ တိုက်ပွဲဖြစ်ပွားနေ၊ ဖြတ်တောက်မှုခံထားရတဲ့ ရခိုင်ပြည်နယ်

ရှမ်းပြည်နယ် မြောက်ပိုင်းက ပလောင်လူမျိုးတွေ နေထိုင်ကြတဲ့ မန်တုံ၊ နမ္မတူမြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေအိမ်တွေက စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ အလားတူ ရှမ်းမြောက်က ကိုးကန့်ဒေသရဲ့ မြို့တော် လောက်ကိုင်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၄ ရက်မြောက်ထိရှိနေပြီ ဖြစ်ပါတယ်။ 

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA က စစ်ကောင်စီရဲ့ ခြေကုပ်စခန်းတွေ နဲ့မြို့တွေကို တိုက်ခိုက်နေရာမှာ ပြီးခဲ့တဲ့ ၂ လနီးပါးအတွင်း စခန်းကုန်းတွေ၊ ဗျူဟာစခန်းတွေအထိ သိမ်းယူနိုင်တဲ့ အနေအထားဖြစ်ပြီး မြို့အနေနဲ့တော့ နမ့်ခမ်းနဲ့ နမ့်ဆန်မြို့တွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ မြို့တော်ဖြစ်တဲ့ နမ့်ဆန်မြို့ကို မကြာသေးခင်က သိမ်းယူခဲ့ပြီးနောက် အခုအခါမှာ မန်တုံနဲ့ နမ္မတူမြို့တွေကို ဆက်လက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးတွေအတွင်းမှာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ အရေးပါတဲ့ ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်အနီးက စစ်ကောင်စီစခန်းကိုလည်း TNLA နဲ့ AA တို့ ပူးပေါင်းတိုက်ခိုက် သိမ်းယူခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပြီး ဖြစ်ပါတယ်။ 

TNLA အနေနဲ့ ရှမ်းမြောက်ဒေသက နယ်မြေအတော်များများကို ၂ လနီးပါးအတွင်း တိုက်ခိုက်သိမ်းယူ ထားပြီး အနောက်တောင်ဘက်မှာ မိုးကုတ်၊ နောင်ချို ဒေသတွေအထိ လှုပ်ရှားနေတာလည်း တွေ့ရမှာဖြစ်ပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူမျိုးစုအရ၊ သမိုင်းအစဥ်အဆက် အခြေချမှု အရ အခြားသောလူမျိုးစုတွေ ဖြစ်တဲ့ ကချင်၊ ရှမ်း နဲ့ အခြားသောလူမျိုးစုတွေပါ ရောနှောနေထိုင် နေကြတဲ့နေရာတွေလည်း အများအပြားရှိတာဖြစ်ပြီး ကွတ်ခိုင်မြို့နယ်လို၊ နမ့်ခမ်းမြို့နယ်လို ဒေသတွေမှာ လူမျိုးစုတွေ တခုမကရောနှော နေထိုင်နေကြတာဖြစ်ပြီး အချို့သော လူမျိုးစုတွေ အနေနဲ့ အခုလို လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့ အပေါ် မတူတဲ့ရှုမြင်မှုတွေလည်း ရှိကောင်း ရှိနေနိုင်တာဖြစ်ပါတယ်။ ကချင်ပြည်နယ်နဲ့ ရေမြေဆက်စပ်ပြီး လက်ရှိပြည်ထောင်စု နယ်မြေခွဲဝေမှုအရတော့ ရှမ်းပြည်မြောက်ပိုင်း ဖြစ်နေတဲ့ ကွတ်ခိုင်လိုဒေသဟာ အင်္ဂလိပ်ကိုလိုနီခေတ်က ကချင် sub-state  အနေနဲ့ သတ်မှတ်ခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို သမိုင်းနောက်ခံအရ နယ်မြေသတ်မှတ်မှုတွေနဲ့ လက်ရှိ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားစိုးမိုးမှုတွေက မတူညီမှုတွေက တဖွဲ့နဲ့တဖွဲ့အကြား နားလည်မှုလွဲနိုင်တဲ့ အလားအလာတွေလည်း ရှိကောင်းရှိနိုင်တာ ဖြစ်ပါတယ်။ 

ဒီနေ့အတွက် နောက်ထပ်အကြောင်းအရာ တခုကတော့ နိုဝင်ဘာ လဆန်းကစလို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတဲ့ ရခိုင်ပြည်နယ်၊ စစ်ကောင်စီက ပြည်နယ်တခုလုံးကို ကုန်စည်နဲ့ လူအဝင်အထွက်တွေ ပိတ်ဆို့ တင်းကြပ်ထားလိုက်တဲ့ အနေအထားက ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ သန်းနဲ့ချီတဲ့ လူထုကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေပြီး စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးရည်ရွယ်ချက်နဲ့ ဒေသကြီးတခုလုံးကို ပိတ်ဆို့ဖြတ်တောက်ထားခြင်းဟာ လက်နက်ကိုင်နဲ့ အရပ်သား ခွဲခြားခြင်းမရှိဘဲ အားလုံးကို ရှင်သန်နေထိုင်ဖို့ ခက်ခဲအောင် လုပ်ဆောင်တဲ့ စစ်ရာဇဝတ်မှု တရပ်သဖွယ်ဖြစ်နေတာပါ။ 

ပြည်မလို့ ခေါ်ဆိုကြတဲ့ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ အစရှိတဲ့ ဒေသတွေက သယ်ယူတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တဲ့ လောင်စာဆီ၊ ဆေးဝါး၊ စားသောက်ကုန်တွေ ရဲ့ စျေးနှုန်းတွေ ပြီးခဲ့တဲ့ တလကျော်ကာလအတွင်း မတန်တဆမြင့်တက်လာနေတာ ကြားသိနေရပါတယ်။ ငြုပ်သီးစိမ်း၊ ခရမ်းချဥ်သီး၊ ဂေါ်ဖီထုပ်လို နေ့စဥ်စားသောက်တဲ့ စားသောက်ကုန်က တပိသာကို ကျပ်သောင်းနဲ့ချီပေးရတဲ့ အနေအထားမျိုးဖြစ်လာပြီး အခြေခံ အကျဆုံးစားသောက်ကုန် ဆန်စျေးက နှစ်ဆမက မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။ စစ်ပွဲကြောင့်နဲ့ ပိတ်ဆို့မှုကြောင့် နေ့စဥ် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ မလုပ်ကိုင်နိုင်တဲ့အခြေအနေမျိုးမှာ တဖက်မှာ ကုန်ဈေးနှုန်းတွေက အဆမတန်ကြီးမြင့်လာတဲ့ အသွားနှစ်ဖက် အကြားမှာ ရခိုင်ပြည်နယ်က လူထုအနေနဲ့ အခက်ခဲဆုံး အခြေအနေကို ဖြတ်သန်း ကျော်ဖြတ်နေရတာ ဖြစ်ပါတယ်။ 

ပုံမှန်ဈေးနှုန်းထက် ၂ ဆမက မြင့်တက်နေတဲ့ လောင်စာဆီ၊ ဆန်၊ ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်တွေ ကို ဝယ်ယူစားသောက်ဖို့ အခက်အခဲရှိနေကြတဲ့ ရခိုင်လူထုရဲ့ အခြေအနေကို စဥ်းစားကြည့်ရုံနဲ့တင် စာနာ နားလည်နိုင်တာပါ။ 

အခုလို စစ်ရေးအရ တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတဲ့ ပြည်နယ်တခုလုံးကို ပိတ်ဆို့ခြင်းဟာ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုလို့ သတ်မှတ်နိုင်တာလည်း ဖြစ်ပြီး စစ်ကောင်စီကတော့ ၄င်းတို့ကို လက်နက်ကိုင် တိုက်ခိုက်တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ ရခိုင်ပြည်နယ်က လူထုကို အတူတူလို့ သတ်မှတ်ပြစ်ဒဏ်ခတ်ခြင်းဟာ သမိုင်းမှာ အဆိုးရွားဆုံးသော စစ်ရာဇဝတ်မှုတရပ်ကို ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar