Breaking News

ကိုးကန့် ၊ ပဲခူးတိုင်း ဒေသတွေမှာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေ၊ ကရင်နီပြည်နယ်က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအတွက် ပြင်ဆင်မှု၊


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၇ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၂၃


ကိုးကန့် ၊ ပဲခူးတိုင်း ဒေသတွေမှာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေ၊ ကရင်နီပြည်နယ်က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအတွက် ပြင်ဆင်မှု၊ 

ခုရက်ပိုင်း နေ့စဥ်သတင်းတွေထဲမှာ တိုက်ပွဲတွေနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာ သတင်းတွေက ကိုးကန့်ဒေသမှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လောက်ကိုင်မြို့ကို ဧရိယာက တစတစ သိမ်းယူနေတဲ့ ခြေကုပ်စခန်းတွေ၊ ပဲခူးတိုင်း အနောက်မြောက်ဘက်က ညောင်လေးပင်ခရိုင်ထဲက မုန်း မြို့ကို သိမ်းယူထားပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ သတင်းတွေ၊ ကရင်နီပြည်နယ်မှာတော့ တရားဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေး အတွက် ဥပဒေတွေကို ကြားကာလကောင်စီက ပြဌါန်းထုတ်ပြန်တဲ့ သတင်းတွေ နဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေခမ်းခြောက်လာတဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းပုံတွေ က နေ့စဥ်သတင်းတွေမှာ နေရာယူထားကြတာ ဖြစ်ပါတယ်။ 

ကိုးကန့်ဒေသ လောက်ကိုင်မြို့ကို ကိုးကန့်တပ်တွေ ဝိုင်းပတ် ပိတ်ဆို့ထားတာ သီတင်းပတ်နဲ့  ချီရှိလာနေပြီး တစတစ လောက်ကိုင် ဒေသအနီးတဝိုက်က စစ်ကောင်စီစခန်းတွေကိုလည်း တိုက်ခိုက်သိမ်းယူနေတာ သတင်းတွေထဲ တွေ့ရမှာဖြစ်ပါတယ်။ လောက်ကိုင်မြို့ကို ကြီးမားတဲ့ ရည်ရွယ်ချက်ပစ်မှတ် တခုအနေနဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့က ထားရှိထားတာ အငြင်းပွားဖွယ်မရှိပါဘူး။ ဘယ်တော့ ပြင်းပြင်းထန်ထန် ဝင်တိုက်မလဲ၊ ဘယ်လို အတိုင်းအတာနဲ့ တိုက်ခိုက်မလဲဆိုတာသာ မခန့်မှန်းနိုင်သေးပေမယ့် မြို့အနီးက လေးမျက်နှာဘုရားကုန်း မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ ရက်အတွင်း သိမ်းယူခဲ့ပြီး ဖြစ်ပါတယ်။ 

ခုရက်အတွင်း နောက်ဆုံး သတင်းတပုဒ်မှာတော့ စစ်ကောင်စီ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ) မှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်းဟာ ကိုးကန့်လက်နက်ကိုင် အဖွဲ့က စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းခဲ့စဥ်မှာ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အခုလို စကခ မှူး အဆင့်ရှိတဲ့ ဗိုလ်မှူးချုပ်ရာထူးရှိသူပါ တိုက်ပွဲထဲ ကျဆုံးရတဲ့ အနေအထားဖြစ်လာပြီး စစ်ကောင်စီဘက်က စစ်ရေးအရ  ဘယ်လောက်ထိ ဖရိုဖရဲဖြစ်နေသလဲဆိုတာကို ထင်ဟပ်ပြသနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒီမတိုင်ခင် မုံးကိုးဘက်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတခုအတွင်း ဒရော့ဗုံးလက်ချက်နဲ့ ဗိုလ်မှူးချုပ် အဆင့်ရှိသူတဦးလည်း သေဆုံးခဲ့ဖူးပြီး တလဝန်းကျင်အတွင်း နောက်ထပ် ဗိုလ်မှူးချုပ်အဆင့် ရှိသူတဦး သေဆုံးတာ ဖြစ်ပါတယ်။ 

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီအနေနဲ့ ခံစစ်နဲ့ ဆုတ်ခွာခြင်း၊ စစ်သုံးပန်းအဖြစ် အဖမ်းခံရခြင်း၊ အများအပြား သေဆုံးခြင်း၊ စခန်းတွေ လက်လွှတ်ဆုံးရှုံးရခြင်းတွေနဲ့ ပြန်လည် စုစည်းပြီး တန်ပြန်ထိုးစစ်ဆင်ဖို့ အခွင့်မသာဖြစ်နေတဲ့ သဘောလည်းဖြစ်ပါတယ်။ မန္တလေး၊ ပြင်ဦးလွင်ဘက်က တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကူယာဥ်တန်းက သီပေါမြို့နားထိ ရောက်ရာက ကျောက်မဲထိ နောက်ပြန်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တလကျော်ကြာလာတဲ့ ခုအချိန်မှာ စစ်ကောင်စီအနေနဲ့ ကြီးကြီးမားမား အင်အားသုံး တန်ပြန်ထိုးစစ်ဆင်ဖို့ထက် ခံစစ်အနေအထားနဲ့ နေရာအများအပြား ဆုတ်ခွာ စွန့်လွှတ် လိုက်ရတဲ့ အခြေအနေဖြစ်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ တဖက်က မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ၄င်းတို့ ရည်မှန်းထားတဲ့ ရည်မှန်းချက် ၈၀ ရာနှုန်းလောက်ထိ ရရှိပြီးလို့ ခန့်မှန်းကြည့်နိုင်ပြီး ဒီအခြေအနေထက်ကို နောက်ထပ် ရည်မှန်းချက် ဖြစ်တဲ့ ဗျူဟာအရ အရေးပါတဲ့ စစ်စခန်းတွေ မြို့တွေ ဘယ်လောက်ထပ်မံ သိမ်းယူဖို့ ရည်ရွယ်ချက်နဲ့ အင်အားရှိမလဲ ဆိုတာတော့ မသိနိုင်သေးတဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။ 

အခုလို စစ်ကောင်စီ အနေနဲ့ ရှမ်းမြောက်ပိုင်းမှာ အပြင်းအထန် ရင်ဆိုင်နေရချိန် နေရာအများအပြား စွန့်လွှတ်ဆုတ်ခွာပေးနေရချိန် ကေအန်ယူ အနေနဲ့လည်း မဟာမိတ် လက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး ခုသီတင်းပတ်တွေမှာ ပဲခူးတိုင်းရဲ့ အနောက်မြောက်ဘက်က မုန်းမြို့က တပ်ရင်းအခြေစိုက် စခန်းတွေကို တိုက်ခိုက်တာ မြို့အစိတ်အပိုင်းတွေကို သိမ်းယူတာတွေ ရှိနေပါတယ်။ စစ်ကောင်စီကတော့ မုန်းမြို့  သိမ်းယူခံရတယ်ဆိုတာကို ငြင်းဆိုထားပေမယ့် ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မုန်းမြို့ကို သိမ်းယူထားကြောင်း သတင်းမီဒီယာတွေကို ထုတ်ဖေါ်ပြောဆိုထားတာ ဖြစ်ပါတယ်။ 

နောက်မြန်မာနိုင်ငံ တောင်ပိုင်း မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ် ထိစပ်ရာ မွန်ပြည်နယ်ထဲက ကျိုက်မရောမြို့နယ်ထဲမှာလည်း စပါယ်ဂူတံတားကို သိမ်းယူဖို့ ကေအန်ယူတပ်တွေက တိုက်ခိုက်နေတာ သီတင်းတပတ်ကျော်ရှိလာပြီး အဲဒီမတိုင်ခင် ချောင်းနှစ်ခွ တံတားကို ကေအန်ယူဘက်က သိမ်းယူထားပြီး ဖြစ်ပါတယ်။ ကျိုက်မရောမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားတဲ့ လက်နက်ကြီးအမြှောက်သံတွေက မော်လမြိုင်မြို့က ကြားနေရတဲ့ အထိ မွန်ပြည်နယ်မှာလည်း တိုက်ပွဲအငွေ့အသက်တွေ ပိုမိုသက်ရောက်လာတဲ့ သဘောမျိုးမြင်တွေ့ရပါတယ်။ 

ကရင်နီပြည်နယ်မှာတော့ ၁၁ လ ပိုင်း ၁၁ ရက်နေ့က စတင်တိုက်ခိုက်တဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကတော့ တန့်နေတဲ့ အနေအထားမျိုးဖြစ်ပြီး အခုအနေအထားမှာ ကရင်နီပြည်နယ် ကြားကာလ ကောင်စီက တရားဥပဒေစိုးမိုးရေး နဲ့ သက်ဆိုင်တဲ့ ရဲလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဥပဒေ၊ တရားစီရင်ရေး ဆိုင်ရာ ဥပဒေတွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ပြည်နယ် တခုလုံးနီးပါး စစ်ဘေးရှောင်နေကြရတဲ့ အနေအထား၊ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြရတဲ့ အနေအထားမှာ အုပ်ချုပ်ရေး ယန္တရားက အခြေတည်ဖို့ မလွယ်ကူသေးဘူးလို့ မှန်းဆနိုင်ပေမယ့် အခုလို စစ်ကောင်စီ အုပ်ချုပ်ရေး  အသက်မဝင်တော့တဲ့ အနေအထား၊ ကရင်နီပြည်နယ်က ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ KNPP၊ ကလလတ ၊ ကယန်းပြည်သစ်ပါတီ စတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ အောက်မှာ ရှိတဲ့ နယ်မြေတွေ ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေမှာ ဖြစ်ပွားတဲ့ တရားဥပဒေစိုးမိုးရေး ဆိုင်ရာတွေကို အခုပြဌာန်းတဲ့ ဥပဒေတွေနဲ့ အညီ စီရင်လုပ်ဆောင်မယ်လို့ ယူဆရတာ ဖြစ်ပါတယ်။ 

လတ်တလောမှာ စစ်ဘေးရှောင်ကူညီရေးက အဓိက အကြီးမားဆုံးတာဝန်သဖွယ်ဖြစ်နေပြီး ဒီတာဝန်ကို ဒေသခံတွေထဲက အုပ်ချုပ်ရေးနဲ့ လက်နက်ကိုင် အဖွဲ့တွေက တာဝန်ယူထားကြရတဲ့သဘောလည်း ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေထဲမှာ ယခင်က တောင်သူလယ်သမားများ၊ ကျေးလက် မြို့ရွာငယ်များက ပြည်သူများ အများအပြား အိုးအိမ်စွန့်ခွာနေရတာအပြင် စစ်ရှိန်မြင့်လာတဲ့နောက်မှာ ရှမ်းပြည်နယ်၊ ကချင်ပြည်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ထိစပ်နယ်မြေတွေမှာ အလုပ်သွားလုပ်နေကြတဲ့ အလုပ်သမားတွေ မိသားစုတွေကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်တဲ့ အရေအတွက် တိုးပွားလာနေတာ ဖြစ်ပါတယ်။ လယ်ယာ တောင်သူ လုပ်ငန်း၊ ဒေသခံ စီးပွားကူးသန်း ကုန်ထုတ်အလုပ်တွေ ထိခိုက်နစ်နာလာတာတွေ ရပ်ဆိုင်းလာတာတွေကိုလည်း တော်လှန်ရေးအင်အားစုတွေက ကြိုတင်ပြင်ဆင်ထားကြရပါမယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar