မြင့်အေး - ကနူး နဲ့ ဖြူဖြူ
မြင့်အေး
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၃
ကျမတို့ချင်းတွေက ကိုယ့်အဒေါ် ဒါမှမဟုတ်လည်း သူငယ်ချင်းရဲ့အမေကို ကနူး ( အမေ) လို့ပဲ ချစ်စနိုးခေါ်လေ့ရှိပါတယ်။ ကျမဘဝမှာ မကြာခဏ သတိရမိတဲ့ သူနှစ်ဦးရှိပါတယ်။ သူတို့နှစ်ဦးက ကနူးနဲ့ဖြူဖြူပါ။
ကျမက အဘွားနဲ့ ကြီးပြင်းခဲ့ရသူပါ။ ဘယ်သူနဲ့ပေါင်းသလဲ၊ ဘယ်သွားသလဲ စတာတွေကို အမြဲတမ်း မေးမြန်းစစ်ဆေးလေ့ ရှိပါတယ်။ ပြောရရင် နည်းနည်းတင်းကြပ်တယ်ဆိုရမှာပါ။ သို့ပေမဲ့ ဘယ်အချိန်သွားသွား အဘွားက မကန့်ကွက်တာကတော့ ကနူးနဲ့ ဖြူဖြူတို့ အိမ်ပါ။
ကနူးတို့က ကျမတို့တာဟန်းကို ပြောင်းလာကြတာ မကြာသေးပါဘူး။ နဂိုက တောင်ပေါ်မှာနေကြတာပါ။
ကနူးက တနှစ်တယောက် ကလေးမွေးပါတယ်။ ဒါကြောင့် သူ့အိမ်သွားရင် ဘုစုခရုတွေ အများကြီး ရှိပါတယ်။ ကျမသူငယ်ချင်းဖြူဖြူက အကြီးဆုံးပါ။ အငယ်တွေက သူ့ကို ချစ်ကြောက်ရိုသေကြတယ်။ ကနူးကတော့ ဖြူဖြူသူငယ်ချင်းဆို သူတတ်သလို ဖော်ရွေတယ်။
သူတို့ခြံဝန်းလေးထဲမှာ ငရုတ်၊ သခွား၊ မုန်ညင်း၊ အာလူး၊ ရှမ်းနံနံ၊ ပူစီနံ၊ ကန်စွန်းစတဲ့ အသီးအရွက်မျိုးစုံ စိုက်ထားတာပါ။ ဒီမြေကို မြေဆွ၊ ရေ လောင်း အားလုံး ကနူးပဲလုပ်ရပါတယ်။ သီးနှံတွေကိုတော့ အရွယ်ရောက်လာတဲ့သားသမီးတွေက နိုင်သလောက် ကူကြရပါတယ်။
မနက်ရေလောင်း၊ နေ့လည်ပေါင်းသင်၊ ညနေခင်း ခူး၊ ညကျတော့ စည်းထုပ်၊ မနက်အစောကြီး ကလေးမြို့စျေးကို သွားသွင်းကြရတယ်။ အလွန်အလုပ်များကြပေမဲ့ ပျော်စရာကောင်းတဲ့ မိသားစုပါ။
ဒီအလုပ်တွေအားလုံး ဖြူဖြူတယောက်ကလွဲရင် တအိမ်လုံး လုပ်ကြရတယ်။
တကယ်တော့ ဖြူဖြူနဲ့ကနူးက သားအမိအရင်းမဟုတ်ပါဘူး။ ဖြူဖြူက လင်ပါသမီးပါ။ ဖြူဖြူအမေဆုံးလို့ ကနူးနဲ့ အိမ်ထောင်ဆက်လို့ ပါလာတာပါ။ ဒါပေမဲ့ သူတို့နှစ်ဦးက တယောက်နဲ့တယောက် အလွန်လေးစား ချစ် ခင်ကြပါတယ်။ ဖြူဖြူ အလုပ်ကြမ်းတွေမလုပ်ရပေမဲ့ ကနူးမွေးသမျှကလေးတွေကို ဖြူဖြူပဲ စောင့်ရှောက်ရတာပါ။ အိမ်ဝင်ငွေထွက်ငွေ ဖြူဖြူပဲ ကြီးကြပ်ရတာပါ။ ကနူးက သူ့သားသမီး အရင်းတွေကို၊ ဆူတာ၊ ငေါက်တာ၊ ရိုက်တာရှိပေမဲ့ ဖြူဖြူကို လေသံနဲ့တောင်မာမာမဆိုခဲ့ဘူး။
ကလေးတွေလည်း အဝတ်အစားကောင်းကောင်းမရှိရှာဘူး။ အရွယ်ရောက်တဲ့ဖြူဖြူတို့လောက်ပဲဝတ်ကောင်း စားလှ ရှိတယ်။ ကနူးကလည်း ရင်လျှားနဲ့ပဲနေတာများတယ်။ စားတော့လည်း ခြံထွက်ဟင်းသီးဟင်းရွက်ပဲ စားတာများတယ်။ ဝယ်တာဆိုလို့ ဆန်၊ ဆီ၊ ဆားပဲ။ ဆီကလည်း အသုံးနည်းတယ်။ ကလေးတွေကလည်း ကျန်းမာသလားမမေးနဲ့။ ကနူးယောကျာ်းက မီဇိုရမ်ဘက်မှာ လွှသွားဆွဲပါတယ်။ ခြောက်လ ရှစ်လ ကြာတတ်ပါတယ်။
ဒါကြောင့်လေ သူ့ယောကျာ်း လွှသွားဆွဲတာ၊ အသီးအနှံနေ့တိုင်းရောင်းတာ စုထားပြီး အိမ်ဘေးခြံမြေတွေ ချဲ့ချဲ့ဝယ်လိုက်တာ (၃) နှစ်လောက်ကြာတော့ ခြံက နှစ်ဆလောက် ကျယ်သွားတော့တာ။
ဖြူဖြူက အနေအထိုင် တည်ငြိမ်သိမ်မွေ့တယ်။ ဘာသာတရားလည်း အလွန်ကိုင်းရှိုင်းတယ်။ ဝတ်ရင်အဖြူရောင်လေးပဲ အဝတ်များတယ်။ တကယ်က သူ့မှာ ချင်းနာမည်ရှိတယ်။ ကျမလည်းချင်းဖြစ်ပေမဲ့ မခေါ်တတ်လို့ ကျောင်းမှာအများခေါ်သလို ဖြူဖြူလို့ပဲခေါ်တာ။ အိမ်က အလုပ်ကြမ်းခြံအလုပ်မလုပ်ဘူးဆိုပေမဲ့ သူ့ကိုယ်ပိုင်မြေလေးရှိတယ်။ စံပယ်ပန်းတွေ စိုက်ထားတယ်။ တအိမ်သားလုံး ဘယ်သူမှမနှောင့်ယှက်ကြဘူး။
သူ့မှာ ရည်းစားရှိတယ်။ သူတို့နှစ်ယောက်က တဦးနဲ့တဦး အတော်မြတ်မြတ်နိုးနိုးချစ်ကြတာ။ ပတ်ဝန်းကျင်အကုန်သိ။ ကျမအဖို့တော့ အဲဒီအချိန်က ကျမစွဲလမ်းခဲ့တဲ့ ဗမာဝတ္ထုတွေထဲက ဇာတ်လိုက်နှစ်ဦးလိုမြင်ထားခဲ့တာပါ။ လူ့ကြမ္မာဆိုတာကလည်း ပြောဖို့ခက်တယ်။ ဒီလောက် တယောက်နဲ့တယောက်ချစ်ပေမဲ့ သူတို့နှစ်ယောက်ကွဲသွားကြတယ်။ ကွဲသွားရတဲ့အကြောင်းရင်းက ဖြူဖြူက ရိုမန်ကက်သလစ်၊ သူ့ချစ်သူက ဗက်ပတစ် ။ နှစ်ယောက်စလုံးအလျော့မပေးကြလို့ကွဲရတာပါ။ ကျမအဲဒီကတဲက ဘာသာရေးအစွဲကြီးတာ တယ်ကြောက်စရာပါလားလို့ အသိရခဲ့ပါတယ်။
ဖြူဖြူက တသက်မှာတယောက်ပဲ ချစ်မဲ့လူသားမျိုးပါ။ သူ့ချစ်သူနဲ့ ဘယ်လိုမှညှိလို့မရတော့ ရိုမန်ကက်သလစ် သီလရှင် ဝတ်သွားပါတော့တယ်။
ဒီတခါတကယ်အသဲကွဲရသူက ကနူးပါ။ ကနူးဟာသူ့သမီးလေး သီလရှင်ထွက်ဘို့အရေးအကြိမ်ကြိမ် အမျိုးမျိုးကြိုးပမ်းပေမဲ့ မအောင်မြင်ပါဘူး။
တနေ့တော့ ကနူး ကျမဆီရောက်လာပါတယ်။ မျက်နှာက ညိုးနွမ်းလို့နေပါတယ်။ လက်ထဲမှာ အထုပ်တထုပ်ယူလာပါတယ်။ ဖွင့်ပြတော့ အဲဒီခေတ်က နာမည်ကြီး သနပ်ခါးဗူး အမျိုးမျိုးနဲ့ လိုရှင်းဗူး( ကျမ အဲဒီကျမှ စတွေ့ဖူးတာပါ) ပါလာပါတယ်။
ကျမ အံ့လည်း အံ့ဩ၊ စိတ်မကောင်းဖြစ်သွားပါတယ်။ အံ့ဩတာက ဒီပစ္စည်းတွေ ကနူးဘယ်တုန်းကမှ မသုံးဘူးရုံမက မြင်တောင် မြင်ဖူးမှာမဟုတ်ပါ။ သမီးလေးအတွက် သူကြိုက်နိုင်မယ်ထင်တဲ့ အရာတွေမေးပြီး ဝယ်ခဲ့တာပါ။ နောက်တချက်က သူက ငွေကို ဒီလိုအတွက် သုံးခဲ့ဖူးသူ မဟုတ်ပါဘူး။
ကနူးက အလွန်သန်စွမ်း၊ မာကြောတဲ့ မိန်းမသားတဦးလို့ ကျမက နား လည်ထားတာပါ။ အရက်ကို ကိုယ်တိုင်ချက်သောက်သလို အိမ်သာကျင်းကိုတောင် ကိုယ့်ဘာသာ တူးရုံမက ဒဏ်ရာကြီးကြီးမားမား ရတုန်းက အရက်နဲ့ဆေး အင်္ကျီချုပ်တဲ့အပ်နဲ့ အစိမ်းချုပ်စေခဲ့တာတောင် အပြုံးမပျက်ခဲ့သူပါ။
ခုတော့သမီးအတွက် ကြေကွဲညှိုးနွမ်းနေတာ မြင်ရတော့ တကယ်စိတ်မကောင်း ဖြစ်မိခဲ့တာပါ။
ကျမဖြူဖြူဆီသွားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သိပ်မကြာခင် ကျမအဘွားဆုံးလို့ ကျမလည်း မီဇိုရမ်ရောက်၊ အိမ်ထောင်ရက်သားကျ ခုတော့ အဝေးဆုံးရောက်နေပါပြီ။ မကြာမကြာဆိုသလို ကနူးနဲ့ ဖြူဖြူတို့ ဘယ်အခြေအနေရောက်နေကြပြီလဲဆိုတာတော့ သိလိုလှပါတယ်။
( ဇနီးသည် မကြာခဏပြောပြတတ်တဲ့ အဖြစ်အပျက်လေးကို ရေးဖွဲ့ပါတယ်။)
မြင့်အေး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar