ဝင်းတင့်ထွန်း - မြင်းခြံ ဦးအောင်သူ ( သို့မဟုတ် ) စစ်အာဏာရှင်စနစ်ကို ရာသက်ပန် ဆန့်ကျင်တော်လှန်ခဲ့သူ
ရာသက်ပန်ဆန့်ကျင်တော်လှန်ခဲ့သူ
ဝင်းတင့်ထွန်း
(မိုးမခ) မေ ၂၀၊ ၂၀၂၄
( ၁ )
ကျွန်တော်က ‘အစ်ကိုကြီး’ လို့ရှေ့တပ်ပြီးခါ်သူတွေထဲမှာ မြင်းခြံသား ဦးအောင်သူလဲ တဦးအပါ အဝင်ဖြစ်ပါတယ်။ ကိုကိုးကျွန်းပြန်တွေထဲကဆိုရင်- အစ်ကိုကြီးကိုလှချို ၊ အစ်ကိုကြီးကိုမြစိန်၊ အစ်ကိုကြီးကိုလှတင်အောင်၊ အစ်ကိုကြီးကိုလှကြည်၊ အစ်ကိုကြီးကိုအောင်ဝင်း(ဆားပုလင်း) .. စတာတွေကို ‘အစ်ကိုကြီး’ လို့ရှေ့က ဝိသေသတပ်ပြီးခေါ်ခဲ့တာနှုတ်ကျိုးနေခဲ့သလို၊ ကျွန်းပြန်မဟုတ်တဲ့သူတွေထဲကလဲ ကိုလှရွှေ ၊ ကိုညိုဝင်း၊ ကိုတင်မောင်ဝင်း-စတဲ့သူတွေကို ကျွန်တော်က ‘အစ်ကိုကြီး’ လို့ပဲ ခေါ်လေ့ရှိခဲ့ပါတယ်။
မြင်းခြံဦးအောင်သူဟာ တကယ်က ကျွန်တော့်ထက် အသက်(၁၇)နှစ်ကျော်ကြီးသူ- ဦးလေးအရွယ်ဖြစ်ပေမဲ့၊ ကျွန်တော်ကတော့- အစ်ကိုကြီးကိုလှချို၊ အစ်ကိုကြီးကိုညိုဝင်း၊ အစ်ကိုကြီးကိုလှရွှေ တို့ကိုခေါ်ဝေါ်သလိုပဲ အစ်ကိုကြီးကိုအောင်သူလို့ပဲ ခေါ်ဝေါ်အသားကျနေခဲ့ပါတယ်။
အစ်ကိုကြီးကိုအောင်သူကို လူချင်းမတွေဆုံဖူးခင်ကတည်းက နာမည်ကို ရင်းရင်းနှီးနှီးသိကျွမ်းနေခဲ့ရတာကတော့ ေတာ်တော်လေးကြာခဲ့ပြီလို့ဆိုရပါမယ်။
ဦးလေး ဦးခင်မောင်မြင့် ( PPP ဥက္ကဋ္ဌ )၊ ဦးလေး ဦးဖေတင် (မြင်းခြံ)၊ ဦးလေး ဗိုလ်အုံးမောင် (လေ ထီး) တို့ ဆီကနေအကြောင်းအားလျော်စွာ ပြောကြဆိုကြသံတွေထဲကနေ သိနေ ကြားနေခဲ့ရတာ ဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီး မြည်တုန်ဟည်းအောင် ပေါ်ထွန်းလာချိန်မှာတော့ မြင်းခြံသပိတ်ကော် မတီရဲ့တိုက်ပွဲခေါ်သံသီချင်းကလဲ ကျွန်တော်တို့တွေဆီအထိ ပျံရောက်ရှိလာခဲ့ရာ၊ အစ်ကိုကြီးကိုအောင်သူရဲ့နာမည်နဲ့ပါ ဆက်စပ်ယှက်နွှယ်ပြောကြဆိုကြသံတွေ ကျွန်တော်တို့အကြား ညံစည်လာခဲ့ပါတယ်။ အရေးတော်ပုံကာလကြီးအတွင်း တနေ့မှာ ဦးခင်မောင်မြင့်နဲ့အတူ ကျွန်တော်တို့တတွေ သူ့အိမ်မှာ လူစုံကြရာမှာ၊ ဦးခင်မောင်မြင့်က “ အခုတလော နိုင်ငံအနှံထွက်ပေါ်လာနေတဲ့ သပိတ်တိုက်ပွဲသံ တွေ၊ သီချင်းတွေ သံချပ်တွေ ကြွေးကြော်သံတွေထဲမှာ ကျွန်တော်တို့ ကိုအောင် သူကြီးတို့ ဦးဆောင်ပါဝင်လုပ်ကိုင်နေကြတဲ့ မြင်းခြံဘက်က ကြွေးကြော်သံသီချင်းကတော့ တကယ်ကိုအပြောင်မြောက်ဆုံး အပြတ်သားဆုံးလို့တောင် ဆိုရလိမ့်မယ်ဗျာ..” လို့ ပြုံးစစနဲ့ ပြော ဆိုလာရင်း၊ ဟဲခနဲ အသံထွက်အောင်တောင် တချက်ရယ်လိုက်ရင်းက- “နေဝင်း- စိန်လွင် … သတ်ပစ် သတ်ပစ်-တဲ့ဗျ ” လို့ ဆက်လက်ပြောဆိုလိုက်လေရာ၊ ကျွန်တော်တို့အားလုံး သဘောကျစွာ ပြုံးမိခဲ့ကြရသလို၊ ‘ကိုအောင်သူ’ ‘ကိုအောင်သူ’ ဆိုတဲ့နာမည်ကိုလဲ ထပ်မံတကျော့ပြန် ကြားမိကြရပြန်ပါတယ်။
“ကိုအောင်သူတို့- ကိုစောတင်အေးတို့က ဒီလိုဟာမျိုးဆိုရင် သိပ်ပြောင်မြောက်ကြ၊ လက်စောင်း ထက်ကြတယ်ဗျ..” ဆိုတဲ့ မှတ်ချက်ပြုသံကိုလဲ အစ်ကိုကြီးကိုညိုဝင်းရဲ့ ကွမ်းသွေးတွေ ရဲရဲနီနေတဲ့ နှုတ်ဖျားကနေ ကြားလိုက်ရပါတယ်။ ရန်ကုန်မှာ ဦးလေးဦးခင်မောင်မြင့်၊ အစ်ကိုကြီးကိုလှရွှေ၊ ကိုညိုဝင်း၊ ကိုမြစိန်၊ ကိုလှတင်အောင်၊ ကိုတင်မောင်ဝင်းတို့နဲ့အတူ ကျွန်တော်တို့တတွေဟာ လှည့် လည်ချီတက်ဆန္ဒပြပွဲကြီးတွေအတွင်း တက်တက်ကြွကြွ ပါဝင်ဆင်နွဲနေကြချိန်မှာ၊ မြင်းခြံဘက်မှာလဲ သပိတ်ကော်မတီဥက္ကဋ္ဌ-ဆရာတော် ဦးသုန္ဒရ နဲ့ ဒုဥက္ကဋ္ဌ ဦးအောင်သူတို့တတွေ ဦးဆောင်ကြတဲ့ မြင်းခြံသပိတ်ကော်မတီနဲ့ မြင်းခြံလူထုတွေရဲ့လှုပ်ရှားအုံကြွ သပိတ်တိုက်ပွဲဆင်နွဲသံတွေဟာ ခြိမ့် ခြိမ့်ညံနေတဲ့ကာလလို့ဆိုရပါလိမ့်မယ်။ အဲဒီတုန်းကနေရာအနှံက ထွက်ပေါ်လာတဲ့ အရေးတော်ပုံ စာစောင်စာတန်းသတင်းမှတ်တမ်းလွှာမျိုးစုံတွေကြားထဲမှာ- ဘီဘီစီ၊ ဗွီအိုအေ၊ အာလ်အင်ဒိယ-စတဲ့ လေလှိုင်းသံရေဒီယိုအသံလွှင့်ချက်မျိုးစုံတွေကြားထဲမှာ သတင်းမျိုးစုံလှုပ်ရှားမှုမျိုးစုံတွေကိုကြားနာတွေ့မြင်နေခဲ့ရရာမှာ မြင်းခြံကသတင်းတွေဟာလဲ ရှေ့တန်းရောက်သတင်းတွေသဖွယ် မကြာခဏ ပါဝင်နေခဲ့ပါတယ်။
( ၂ )
နာမည်ကိုသာ ကြားနာ ရင်းနှီးနေခဲ့ရရာမှ ကြံကြံဖန်ဖန်လူချင်းပါ စတင်ဆုံဆည်းရင်းနှီးလာခဲ့ရတာကတော့- ရှစ်လေးလုံးအရေးတော်ပုံကြီးဖြိုခွဲခံရပြီးစကာလ၊ မဟာရန်ကုန်ရဲ့ မြို့လယ်ခေါင်ကြီးအတွင်းမှာ ဖြစ်ပါတယ်။ ကြံကြံဖန်ဖန်လို့ဆိုလိုက်ရတာကတော့-မြင်းခြံကနေဝရမ်းပြေးအဖြစ် တိမ်းရှောင်လာကြတဲ့ အစ်ကိုကြီးတို့တတွေဟာ ဘယ်တော ဘယ်ရွာ ဘယ်ဒေသတွေဆီကိုမှ တိမ်းရှောင်မသွားကြဘဲ၊ အုပ်ချုပ်ရေးတွေရဲ့အချက်အချာ ရန်ကုန်မြို့လယ်ခေါင်ကြီးဆီကိုပဲ ရောက်ရှိဝရမ်းပြေးလာကြရင်း၊ ဆုံဆည်းမိလိုက်ကြရတဲ့အနေအထားမျိုးဖြစ်တာကြောင့်ဖြစ်ပါတယ်။ လူမသိ သူမသိနေရာ အဝေးဒေသတွေဆီကို မထွက်ဘဲ၊ တကယ့်ဗဟိုချက် ရန်ကုန်မြို့လယ်ဆီကိုမှရွေးချယ်ရောက်ရှိလာကြတာဟာ လက်ရင်းနားကပ်ပြီး လက်ရင်းကျကျနေရာကိုမှ တမင်ရွေးပြီး တိမ်းရှောင်ပြလိုက်တဲ့သဘောလို့ ဆိုရပါမယ်။ ရန်ကုန် ဗိုလ်တထောင်မြို့နယ်ထဲက တိုက်ခန်းတခန်းထဲမှာ အစ်ကိုကြီးကိုအောင်သူ၊ ကိုခင်မောင်အေးနဲ့ ကိုဒေါ်လာတို့သုံးဦးသားဟာ နိုင်ငံရေးဝရမ်းပြေးတွေအဖြစ် ရောက်ရှိနေထိုင်နေကြရာမှာ၊ ကိုအောင်သူက အဓိကခေါင်း ဆောင်လဲဖြစ်သလို၊ အသက်အရွယ်အရ ဝါစဉ်အရလဲ အကြီးဆုံးဖြစ်ပါတယ်။ သူတို့စတည်းချနေကြတဲ့တိုက် ခန်းလေးဟာ အိန္ဒိယနွယ်ဖွား ဟိန္ဒူအမျိုးသား ကိုအုံးမောင် ဆိုသူပိုင်ဆိုင်တဲ့အခန်းလေးဖြစ်ပြီး၊ အဲဒီ ကိုအုံးမောင်က သူတို့ကို တိုက်ခန်းသော့ပါအပ်ပြီး အပိုင်အစားပေးထားတဲ့အနေအထားဖြစ်ရာ တော်တော်ကို လွတ်လွတ်လပ်လပ်ရှိပါတယ်။ မူလပိုင်ရှင်ကိုအုံးမောင်က ကုန်သည်ကြီးတဦးဖြစ်ပုံရပါတယ်။
အဲဒီတိုက်ခန်းထဲမှာ ဂုံနီအိတ်ခွံတွေ အထပ်လိုက်အပုံလိုက် အများအပြားရှိနေတာတွေ့ရပါတယ်။ သူတို့သုံးဦးသား ခပ်လျှိုလျှိုနေထိုင်နေကြတဲ့ အဲဒီတိုက်ခန်းလေးထဲကို ကျွန်တော့်ကိုခေါ်သွားသူကတော့ အစ်ကိုကြီးကိုလှရွှေဖြစ်ပါတယ်။ ကိုလှရွှေက ဦးလေးဦးခင်မောင်မြင့်ဆီကတဆင့် ကိုအောင်သူကိုတွေ့ဆုံထားပြီးဖြစ်လေရာ၊ ကိုအောင်သူကိုယ်တိုင်ဆီကနေ ဒီအခန်းလေးရဲ့နေရာကို တိတိကျကျသိရှိထားပြီးဖြစ်တာကြောင့်၊ ကိုအောင်သူတို့ မြင်းခြံသားသုံးဦး ခိုလှုံနေရာ ဒီတိုက်ခန်းလေးထဲကို အစ်ကိုကြီးကိုလှရွှေနဲ့ ကျွန်တော်ဟာ ဘယ်သူကိုမှ စုံစမ်းမေးမြန်းနေစရာမလိုဘဲ၊လျောလျောလျူလျူ ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ ကိုအောင်သူက ကိုလှရွှေနဲ့ ကျွန်တော့်ကို ပျူပျူငှာငှာကြိုဆိုရုံမက၊ အဲဒီ စတွေတဲ့ညနေခင်းမှာပဲ သူတို့စားဖို့ ချက်ပြုတ်ထားတဲ့ ‘ညနေစာ’ နဲ့ ပါ တည်ခင်းဧည့်ခံလွှတ်လိုက်လို့ ကိုလှရွှေနဲ့ ကျွန်တော်ဟာ သူတိုတွေနဲ့အတူ ညနေစာပါ စားသောက်ဖြစ်ခဲ့ရပါတယ်။ ကိုလှရွှေက မိတ်ဆက်ပေးလို့ ကိုအောင်သူနဲ့ သိလာရရုံမက၊ တစထက်တစပိုမိုရင်းနှီးလာရသလို၊ သူ့ကိုလဲ ကျွန်တော်က အစ်ကိုကြီး ကိုလှရွှေကို ခေါ်သလို၊ ‘အစ်ကိုကြီးကိုအောင်သူ’ လို့ပဲ အလွယ်တကူ ခေါ်ဝေါ်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက အစ်ကိုကြီးကိုအောင်သူဟာ လူကလဲ ခပ်ပြတ်ပြတ် မပိန်မပါးမို့လားမသိ၊ အရွယ်ကလဲ တော်တော်လေးတင်ပါတယ်။ မျက်နှာပေါ်က ပါဝါမျက်မှန်ကြီးသာ မရှိဘူးဆိုရင်-သည့်ထက်တောင် နုပျိုသွက်လက်နေဦးမယ့်အသွင် တွေ့ရပါတယ်။ လေသံက ခပ်အေးအေးပေမဲ့၊ စကားပြောရာလှုပ်ရှားရာမှာတော့ ခပ်သွက်သွက်နဲ့ ခပ်လန်းလန်းပဲ တွေ့ရပါတယ်။ ငယ်စဉ်ကာလလွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်လောက်က၊ မတကသခေါင်းဆောင် ဗကသကျောင်း သားခေါင်းဆောင်အရွယ်တုန်းကဆိုရင် တော်တော်ကို သွက်သွက်လက်လက်နဲ့ ထက်ထက်မြက်မြက်ရှိမယ့်ပုံသဏ္ဍာန်ဟာ ခုချိန်အထိ (၁၉၈၈ ခုနှစ်ကုန်ခါနီးအချိန်အထိ) ဝေ့ဝဲ စွန်းကျန်နေဆဲလို့ပဲ မြင်လိုက်ရပါတယ်။
ကျွန်တော်နဲ့ကိုလှရွှေဟာ ဗိုလ်တထောင်ထဲမှာပဲ ရှိနေတဲ့ ဦးခင်မောင်မြင့်ရဲ့နေအိမ် (သို့မဟုတ်)ပုဇွန်တောင်ဈေးထဲက ဦးခင်မောင်မြင့်ရဲ့ဆေးလိပ်ဆိုင်လေးဆီ မကြာခဏရောက်တိုင်းလိုလိုမှာလဲ၊ အဲဒီကတဆင့် လမ်းကြုံလို့ဆက်ပြီးရောက်ဖြစ် ဝင်ဖြစ်တတ်တာက အစ်ကိုကြီးကိုအောင်သူတို့ သုံးဦးသားရဲ့တိုက်ခန်းလေးဆီဖြစ်ခဲ့ကြရင်း၊ ကိုခင်မောင်အေး၊ ကိုဒေါ်လာတို့နဲ့ပါပိုမို ကျွမ်းဝင်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့နဲ့အတူ ဒေါက်တာစန်းလှိုင်ကိုပါ ထပ်မံတွေ့ဆုံမြင်သိလာခဲ့ရပါတယ်။ ဒေါက်တာစန်းလှိုင်ကလဲ သူတို့မြင်းခြံ သပိတ်ကော်မတီကပဲဖြစ်ပြီး၊ သူတို့နည်းတူ နိုင်ငံရေးဝရမ်း ပြေးတယောက်ဖြစ်မှန်း သိလာခဲ့ရပါတယ်။
အဲဒီကာလတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဟာ တက္ကသိုလ်ရိပ်သာလမ်းမှာ စတင်ပေါ်ပေါက်နေပြီဖြစ်ရုံမက လူထုကြားမှာ ရေပန်းအစားဆုံးလဲ စတင်ဖြစ်တည်စပြုနေပြီဖြစ်ပါတယ်။ အဲဒီကာလကကျွန်တော်တို့ထဲက တော်တော်များများက နိုင်ငံရေးပါတီတခု သပ်သပ်မဖွဲ့ တော့ပဲ၊ NLD ကိုပဲ ဝန်းရံရင်း၊ NLD နဲ့ပဲ လှုပ်ရှားသွားကြရန်အထိတောင် ပြင်ဆင် စဉ်းစားထားကြချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ NLD ဥက္ကဋ္ဌ ဗိုလ်အောင်ကြီးရဲ့ မူမမှန်တဲ့ပြောသံ ဆိုသံ အာဏာပါဝါပြသံတချို့ထွက်ပေါ်လာရာ၊ စိတ်မသက်သာစရာတွေ ဖြစ်လာရပါတယ်။ ဥပမာအားဖြင့်- မန္တလေး တိုင်း NLD တာဝန်ခံဖြစ်တဲ့ ဦးတင်ရွှေ (မုံရွာ)က မန္တလေးမှာ NLD ဆိုင်းဘုတ်တွေတင်နိုင်ရေးမှာ မန္တလေးက နိုင်ငံရေးအရဖြစ်သင့်ဖြစ်ထိုက်တဲ့ပုဂ္ဂိုလ်တွေနဲ့ အဲဒီပုဂ္ဂိုလ်တွေရဲ့ နေရာတွေမှာ ဆိုင်း ဘုတ်တွေတင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပေမဲ့၊ ဗိုလ်အောင်ကြီးက သူနဲ့ ရင်းရာရင်းရာတွေ (တချို့ ဆို- သူ့ ရဲ့အောင်ကြီးကိတ်ကိုယ်စားလှယ်မျိုးတွေ) နဲ့ပဲ၊ ရေပန်းစားလာတဲ့ NLD ဆိုင်းဘုတ်တွေကို နေရာချထားတင်စေတာမျိုးတွေ၊ တာဝန်ပေးဆာင်ရွက်စေတာမျိုးတွေရှိလာတဲ့အပေါ် မန္တလေး တိုင်းတာဝန်ခံ ဆရာဦးတင်ရွှေ တောင် စိတ်ကသိကအောက်ဖြစ်ရတဲ့အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဗိုလ်အောင်ကြီးက ဥက္ကဋ္ဌဆိုတဲ့ ပါဝါနဲ့ မန္တလေးတိုင်းတာဝန်ခံ မုံရွာဦးတင်ရွှေကို အပေါ်စီးကနေ မောက်မောက်မာမာပြောဆိုတယ်ဆိုတဲ့အသံတွေပါ ကြားလာရပါတယ်။ ဆရာဦးတင်ရွှေဟာ ကျွန်တော့်ရဲ့နိုင်ငံရေးအမှု (၂)ခုစလုံးအတွက် ရှေ့နေကြီးဖြစ်ဖူးသလို၊ အစ်ကိုကြီးကိုလှရွှေတို့အပါအဝင် ကျွန်တော်တို့ ရဲဘော်ရဲဘက်တော်တော်များများရဲ့ နိုင်ငံရေးအမှုတွေမှာလဲ ရှေ့နေကြီးဖြစ်ခဲ့ဖူးသူဖြစ်ပါတယ်။
အစ်ကိုကြီးကိုအောင်သူတို့အနေနဲ့ဆိုရင်- မန္တလေးတက္ကသိုလ် မတကသ မှာကတည်းက ရဲဘော် ရဲဘက်တွေ၊ လက်တွဲဖော်လူရင်းတွေဖြစ်ခဲ့ကြတယ်မဟုတ်လား။ NLD မှာ အဲဒီတုန်းက စဖွဲ့ဖွဲ့ချင်းတုန်းက ဗိုလ်အောင်ကြီးက ဥက္ကဋ္ဌဆိုတော့ ဗိုလ်အောင်ကြီးရဲ့ပြောသံဆိုသံ လှုပ်ရှားသံတွေကလဲ သိပ်ပြီး မူမမှန်လာလေတော့- နောက်ဆုံးမှာ ကိုယ့်အသံလေးကိုယ် မှန်မှန်ကန်ကန်ပီပီသသထုတ် ဖော်ဖို့လိုလာချိန်မျိုးမှာ ဘယ့်နှယ်လုပ်ကြမလဲဆိုတဲ့ မေးခွန်းတရပ်ထွက်ပေါ်လာပါတယ်။ အဲဒီလိုအခြေအနေမှာ လိုအပ်တဲ့အချိန်မှာ ကိုယ့်အသံလေးကိုယ်ပီပီသသထုတ်ဖော်ဟစ်ကြွေး လှုပ်ရှားနိုင်ရေးအတွက်၊ ဦးခင်မောင်မြင့်ကိုဗဟိုပြုပြီး ကျွန်တော်တို့တတွေလဲ နိုင်ငံရေးပါတီတရပ်ဖွဲ့စည်းနိုင်ဖို့ဆုံးဖြတ်ချက်ကျလာခဲ့ရ၊ စတင်လုပ်ဆောင်လာခဲ့ရပါတယ်။ နောက်ဆုံးတော့ ဦးခင်မောင်မြင့် နောက်ဆုံးအတွင်းရေးမှူးလုပ်ခဲ့တဲ့ ပြည်သူတိုးတက်ရေးပါတီ ( PPP )’ ကိုပဲ၊ အသစ်တဖန်တကျော့ပြန် ပြန်လည်ဖွဲ့စည်းကြဖို့ သဘောတူညီခဲ့ကြပြီး၊ ပါသင့်ပါထိုက်တဲ့သူတွေ တတ်နိုင်သမျှ စုံစုံညီညီပါဝင်နိုင်ကြစေဖို့ လူတွေအားလုံးကို စာရင်းချကြည့်တဲ့အခါ၊ ဦးခင်မောင်မြင့်ကလဲ သူဟာသူ သိထားပြီး မြင်ထားပြီးသားတွေရှိသလို၊ ကိုလှရွှေကလဲ ပါသင့်သူတွေရဲ့စာရင်းကို စာရင်းတိုက်ကြည့်ပြီး ပေးအပ်ခဲ့တာရှိပါတယ်။ ကျွန်တော်ကလဲ လူတော်တော်များများရဲ့ စာရင်းကို ပြုစုပေးအပ်ခဲ့တာ ရှိပါတယ်။ အဲဒီမှာ တချို့ကျွန်းပြန်တွေကိုဆိုရင်- ဦးခင်မောင်မြင့်ကိုယ်တိုင်က ဖယ်ချပယ်ချပစ်ခဲ့တာရှိသလို၊ လူတဦးစစ်ဦးစကိုတော့ အစ်ကိုကြီးကိုမြစိန်က လက်ခံထည့်သွင်းမဖွဲ့ဖို့ ကန့်ကွက်သဘောထားပေးခဲ့တာတွေလဲ ရှိပါတယ်။
အကျဉ်းရုံးပြောရရင်-
အစ်ကိုကြီးကိုအောင်သူကလဲ သူကိုယ်တိုင်အပါအဝင်၊ လူ (၃)ဦးရဲစာရင်းကို သူကိုယ်တိုင်တာဝန်ယူပေးအပ်ခဲ့တာ ရှိပါတယ်။ အဲဒီ (၃)ဦးကတော့- သူ ( ကိုအောင်သူ)၊ ကိုခင်မောင်အေး နဲ့ ကိုတင်ဝင်း (မြင်းခြံ)တို့ပဲ ဖြစ်ပါတယ်။ ဦးခင်မောင်မြင့်ကလဲ အစ်ကိုကြီး ကိုအောင်သူပေးတဲ့စာရင်းကို ယုံယုံကြည်ကြည် လက်ခံအတည်ပြုခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူတိုးတက်ရေးပါတီ (PPP) တရားဝင်စတင်ဖွဲစည်းတဲ့အခါ၊ COC (၁၇)ဦးမှာ မြင်းခြံသားကချည်း (၃)ဦး ပါဝင်နေခဲ့ပါတယ်။ (ကျောက်ဆည်က ဦးစိုးဝင်းမောင်ကိုတော့ သူမှတ်ပုံတင်နံပါတ်မသိတဲ့အတွက်ဦးလေး ဦးခင်မောင်မြင့်ကိုယ်တိုင်က ထည့်သွင်းဖွဲ့ချင်ပေမဲ့၊ မလွှဲသာမရှောင်သာ ချန်ထားပစ်ခဲ့ရပါတယ်။)
အဲသလို ‘ပြည်သူတိုးတက်ရေးပါတီ’ တကျော့ပြန်ဖွဲ့စည်းရန် ပြင်ဆင်စနဲ့ ဖွဲ့စည်းစကာလမှာ ကျွန်တော့်တဦးချင်းအတွက် အစ်ကိုကြီးကိုအောင်သူနဲ့ပတ်သက်ပြီး၊ မမေ့နိုင်စရာအဖြစ်အပျက်လေး (၂) ခုရှိခဲ့ပါတယ်။
မကြာခဏဆိုသလိုလဲ သတိရမိပါတယ်။ တခုက ဆရာဂျမ်း(ဆရာတင်မိုး)ကို ပြည်သူ တိုးတက်ရေးပါတီမှာ ပါဝင်ဖို့ပြောဆိုတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီနေ့က အစ်ကိုကြီးကိုအောင်သူနဲ့ ကျွန်တော်ဟာ NLD ဌာနချုပ်ဖြစ်နေတဲ့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်အိမ်နဲ့ကပ်လျက်သားက ခြံလေးထဲကို လူတဦးနဲ့တွေ့ဆုံဖို့ရောက်ရှိနေခဲ့ကြရာ၊ သူကိစ္စနဲ့သူရောက်နေပုံရတဲ့ ဆရာတင်မိုးကြီးနဲ့ သရက်ပင်လေးအောက်မှာ သွားတိုးပါတယ်။ မြင်းခြံနယ်သားချင်းလဲဖြစ်၊ ငယ်ပေါင်း ကြီးဖော် ရဲဘော် ရဲဘက်ချင်းလဲဖြစ်တဲ့ ဆရာတင်မိုးနဲ့ အစ်ကိုကြီးကိုအောင်သူတို့ဟာ ဝမ်းပန်း တသာ အပြုံးကိုယ်စီနဲ့ အားပါးတရ နှုတ်ဆက်ကြ၊ စကားစမြည်ပြောဆိုကြရာကနေ ဘယ်လိုက ဘယ်လို စကားစဖြစ်သွားသလဲမသိ၊ အစ်ကိုကြီးကိုအောင်သူက ဆရာဂျမ်း (ဆရာတင်မိုး) ကို ကျွန်တော်တို့ဖွဲ့ကြတော့မယ့် ‘ပြည်သူတိုးတက်ရေးပါတီ’ မှာ ပါဝင်ဖို့ပြောပါလေတော့တယ်။
ပြုံးနေတဲ့ဆရာဂျမ်းရဲ့မျက်နှာကြီးဟာ စက္ကန့်ပိုင်းလောက်ခပ်ငေးငေးကြီးဖြစ်သွားပြီးနောက် “ ဟာ..ကိုအောင်သူတို့ကလဲ ဒီ NLD မှာပဲ စုစုစည်းစည်းလုပ်သင့်တာလေ..” လို့လေသံလေးလေးကြီးနဲ့ပြောသံခပ်သဲ့သဲ့ကြားလိုက်ရသလို၊ အစ်ကိုကြီးကိုအောင်သူကလဲ “ အစကတော့ ကျွန်တော်တို့လဲ အဲသလိုပဲ စဉ်းစားထားတာ၊ အခုက ဗိုလ်အောင်ကြီးရဲ့ပြောပုံဆိုပုံနဲ့ခြေလှမ်းတွေက သိပ်မဟန်ဘူးလေဗျာ..” ဆိုတဲ့ ပြန်ပြောသံကို ခပ်ဝါးဝါး ကြားလိုက်ရပါတယ်။ ကျွန်တော်က သူတို့လူ ရင်းချင်း၊ ရဲဘော်ရဲဘက်ချင်း၊ တနယ်တည်းသားချင်း လွတ်လွတ်လပ်လပ်ပြောနိုင် ဆိုနိုင်အောင် အနည်းငယ် ခွာရပ်နေလိုက်ရင်း၊ ဘေးဘီဝဲယာတွေဆီကိုပဲကြည့်နေလိုက်မိတဲ့အတွက် ခပ်ဝါးဝါးသာကြားလိုက်ရတာ ဖြစ်ပါတယ်။ (နောက်တော့-ကာလတခုမှာ ဆရာဂျမ်းက အဲဒီတုန်းက သူ့ကိုမြင်းခြံကိုအောင်သူက PPP မှာပါဝင်ဖို့ပြောလာတဲ့အကြောင်းလေးကို အမှတ်တရတခုမှာ ထည့် သွင်းဖော်ပြခဲ့ဖူးတာ ရှိပါတယ်။) အဲဒီတုန်းက ကိုအောင်သူနဲ့အတူပါလာခဲ့တဲ့သူကလဲ တကယ်က ကျွန်တော်ပဲဖြစ်ရာ၊ အဲဒီအဖြစ်အပျက်လေးဟာ ဆရာတင်မိုးအတွက်လဲ အမှတ်ရစရာတခုသဖွယ်ဖြစ်နေခဲ့ရသလို၊ ကျွန်တော့်တဦးချင်းအဖို့မှာလဲ အစ်ကိုကြီးကိုအောင်သူနဲ့ပတ်သက်ပြီး အမှတ်ရစရာလေးတခုသဖွယ် ဖြစ်နေခဲ့ရပါတယ်။
နောက်ထပ်တခုကတော့ ပါတီမှတ်ပုံတင်ဖို့ ရွေးကောက်ပွဲကော်မရှင်သို့ သွားခဲ့ကြစဉ်ကအဖြစ် အပျက်လေးပါပဲ။ အစ်ကိုကြီးကိုအောင်သူ၊ ကိုလှရွှေ နဲ့ကျွန်တော်တို့ဟာ အတူသွားခဲ့ကြတာဖြစ်ပါတယ်။ အစ်ကိုကြီး ကိုမြစိန် (ကျွန်းပြန်)ပါ ပါခဲ့သေးတယ်လို့ထင်ပါတယ်။
ရွေးကောက်ပွဲကော်မရှင် (ဦးဘဌေးကော်မရှင်)က ဗျူရိုကရက်ကြီးတဦးက “ရွေးကောက်ပွဲဝင်မှာလား..” လို့ မေးလေတော့ ကျွန်တော်တို့တွေက “လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရင် ဝင်မှာပေါ့..” လို့ဖြေလိုက်ကြရာ၊ အဲဒီပုဂ္ဂိုလ်ကြီးက မျက်နှာကြီး ခပ်မှုန်မှုန်ဖြစ်သွားပါလေတယ်။ အဲဒီပုဂ္ဂိုလ်ဟာ ဦးဘဌေးနဲ့ စောကြာဒိုးတော့ မဟုတ်ပါ။ ကော်မရှင်အတွင်းရေးမှူး အေးမောင်လို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့က ပါတီရဲ့အလံမှာ ငြိမ်းချမ်းရေးသင်္ကေတ မိုးပြာရောင်နောက်ခံပေါ်မှာ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးအထိမ်းအမှတ် ရွှေဝါရောင်ကြယ်သုံးပွင့်နဲ့ဖော်ပြရည်ညွှန်းထားသလို၊ ပါတီရဲ့လုပ်ငန်းစဉ်ထဲမှာလဲ “ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး’ လို့ ထည့်သွင်းဖော်ပြထားရာ၊ အဲဒီ ဘဌေးရွေးကောက်ပွဲကော် မရှင်ပါပုဂ္ဂိုလ်က ‘ ပြည် တွင်းစစ်’ ဆိုတဲ့အသုံးအနှုန်းကို လက်မခံနိုင်ဘဝင်မကျနိုင်ဘဲ၊ ‘ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှု’ လို့ပင်ရေးစေချင်ကာ၊ ကျွန်တော်တို့ကို ကသိကအောက်ဖြစ်အောင် လုပ်ပါတယ်။
ကျွန်တော်တို့ဘက်ကလဲ ‘ဒါဟာ မူကျတဲ့ကိစ္စ’ လို့နားလည်ခံယူပြီး၊ သူတို့စိတ်ကြိုက်အတိုင်းပြင်မပေးနိုင်ဖြစ်ကြကာ၊ အချင်းချင်းတိုးတိုးတိတ်တိတ်ခေါင်းချင်းဆိုင်ဆွးနွေးမှု လုပ်ကြရပါတယ်။ နောက်ဆုံးမှာ သူတို့ဖြစ်စေချင်တဲ့ ‘လက်နက်ကိုင်သောင်းကျန်းမှု’ လို့လဲမသုံး မရေး မဖော်ပြ၊ ‘ပြည်တွင်းစစ်’ ဆိုတဲ့စကားလုံးကို ဖြုတ်ပစ်လိုက်ပြီး ‘ ပြည်တွင်းငြိမ်းချမ်းရေး’ လို့ပဲဖော်ပြမယ်ဆိုတော့မှ ပါတီမှတ်ပုံတင်ခွင့်ရခဲ့ပါလေတယ်။ ဒါဟာ အစ်ကိုကြီးကိုအောင်သူပါ ပါဝင်တဲ့ တကယ်ကို အမှတ်ရစရာတခုလိုဆိုရပါမယ်။ ( ဒါကို အစ်ကိုကြီးကိုအောင်သူကိုယ်တိုင်ကလဲ စာအုပ်ထဲမှာ မှတ်တမ်းတင်ဖော်ပြခဲ့ဖူးပြီး ဖြစ်ပါတယ်။)
အစ်ကိုကြီးကိုအောင်သူနဲ့ပတ်သက်ပြီး အမှတ်ရစရာတွေထဲမှာ ပြည်သူ တိုးတက်ရေးပါတီဗဟိုမှာ အတူတွဲပြီး ဆွေးနွေးလှုပ်ရှားခဲ့ဖူးတာတွေအပြင်၊ သူနဲ့အတူတွဲပြီး မြစ်ဝကျွန်းပေါ် ပါတီစည်းရုံးရေးခရီးဆင်းခဲ့ကြဖူးတာတွေလဲ မကြာခဏဆိုသလို အမှတ်ရနေမိပါတယ်။
အစ်ကိုကြီး ကိုအောင်သူ၊ ကိုသောင်းထိုက်နဲ့ ကျွန်တော်တို့ သုံးဦးသား မော်လမြိုင်ကျွန်းဘက် သင်္ဘောနဲ့ ခရီးသွားခဲ့ကြဖူးသလို၊ ကိုလှရွှေ၊ ကိုအောင် သူနဲ့ကျွန်တော်တို့သုံးဦးသားလဲ ကိုလှရွှေရဲ့ဇာတိဒေသ ဘိုကလေးနဲ့ ဖျာပုံဘက်ဆီ အတူခရီးသွားခဲ့ကြဖူးတာ မမေ့စရာတွေ ရှိပါတယ်။ ဘိုကလေးမှာက ကျွန်တော်တို့ပြည်သူတိုးတက်ရေးပါတီက ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ အစ်ကိုကြီး ကိုလှကြည် (ကျွန်းပြန်) လဲ ရှိနေတဲ့အပြင်၊ မြစ်ဝကျွန်းပေါ်မှာ ဘိုကလေးဟာ ကျွန်တော်တို့ PPP ပါတီရုံး ဦးဦးဖျားဖျားဆိုင်းဘုတ်ထူနိုင်ခဲ့တဲ့မို့လဲဖြစ်တာကြောင့် ကျွန်တော်တို့အတွက်
ရင်းနှီးကျွမ်းဝင်နေပြီးသားလိုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ PPP ရဲ့ ဘိုကလေးမြို့နယ်ဥက္ကဋ္ဌက ဦးအုံးတင်ဆိုတဲ့ လူရိုးလူကောင်း နိုင်ငံရေးသမားဟောင်းကြီးတဦး ဖြစ်ပါတယ်။ ဦးအုံးတင်ဟာ ဘိုကလေးမှာအခြေစိုက်ပြီး သားသမီးတွေနဲ့ ဘိုကလေးသားတပိုင်းလိုဖြစ်နေပေမဲ့၊ တကယ်က သူ့ဇာတိက အစ်ကိုကြီးကိုအောင်သူတို့ရဲ မြင်းခြံနယ်ထဲကပဲ ဖြစ်ပါတယ်။ ကျွန်တော်တိုသုံးဦးသားဟာ ဘိုကလေးမြို့နယ် PPP ဥက္ကဋ္ဌဖြစ်တဲ့ ‘မြင်းခြံသားကြီးဦးအုံးတင်’ရဲ့ ဆိပ်ကမ်းဘက်ကထမင်း ကြော်ဆိုင်လေးဆီအထိ သွားရောက်လည်ပတ်ကြည့်ရှုခဲ့ကြသလို၊ အစ်ကိုကြီးကိုလှကြည် (ကျွန်းပြန်) ရဲ့အိမ်ကိုလဲ တခုတ်တရ သွားခဲ့ကြရုံမက၊ အစ်ကိုကြီးကိုလှရွှေ၊ အစ်ကိုကြီးကိုအောင်သူတို့ ရဲရဲဘော်ရဲဘက်ဟောင်းတဦးလို့ဆိုရမယ့် အစ်မကြီးဒေါ်စန်းမြင့်ရဲ့ အိမ်အထိလဲ မရောက်ရောက်အောင် သွားခဲ့ကြပါတယ်။ ဒေါ်စန်းမြင့်ဟာ ငယ်စဉ်က ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးသူ တက်ကြွနိုးကြားသူဖြစ်ခဲ့ဖူးရုံမက မြစ်ဝကျွန်းပေါ်ဘက်မှာ တော်လှန်တဲ့သေနတ်သံတွေကြားထဲမှာလဲ ပါဝင်လှုပ်ရှားခဲ့ဖူးသူအမျိုးသမီးကြီးတဦးဖြစ်ခဲ့ပါတယ်။ ဒေါ်စန်းမြင့်နဲ့အကြောင်းပါခဲ့၊ အိမ်ထောင်ကျခဲ့တာကတော့ အစ်ကိုကြီး ကိုလှကျော်မြင့်ဖြစ်ပါတယ်။ (အဲဒီဦးလှကျော်မြင့်ဟာ ပန်းချီလဲ အင်မတန်တော်သလို၊ ပမညတအမတ်လောင်းလဲ ဖြစ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ အညာဆန်မော်တော်တစင်းနဲ့ ထက်အောက်စုန်ဆန် မော်တော်လိုက်နေရာမှာ၊ ၁၉၈၉ ခုနှစ်နှောင်းပိုင်းကာလတွေမှာ သူဦးစီးတဲ့အဲဒီမော်တော်ကြီးပေါ် ကျွန်တော်လဲ လှည့်လည်လိုက်ပါ စီးနင်းရင်း၊ ဝရမ်းပြေးဘဝရဲ့နေ့ရက်တချို့ကို ဖြတ်သန်းခဲ့ရဖူးသလို၊ အစ်ကိုကြီးကိုအောင်သူလဲ အဲဒီ ကိုလှကျော်မြင့်ရဲ့မော်တော်ကြီးနဲ့ပဲ ဝရမ်းပြေးဘဝနေရက်တချို့ကို ဖြတ်သန်းခဲ့ရဖူးကြောင်း နောက်ပိုင်းမှာ ကြားသိခဲ့ရပါတယ်။ ကိုလှကျော်မြင့်ဟာ ကျွန်တော်တို့အပေါ် အဲသလိုကူညီ ေကျးဇူးရှိခဲ့ဖူးသူ ဖြစ်ပါတယ်။) အစ်မကြီးဒေါ်စန်းမြင့်ဟာ အစ်ကိုကြီးကိုအောင်သူကို ‘ကိုချစ်ညို’ လို့ ခေါ်တာကိုလဲ သတိထားမိလိုက်ပါတယ်။ အစ်ကိုကြီး ကိုအောင်သူရဲ့ တောတွင်းလက်နက်ကိုင်တော်လှန်ရေး သမားဘဝတုန်းက နာမည်ဟာ ‘ရဲဘော်ချစ်ညို’ ဖြစ်ခဲ့တယ်မဟုတ်လား။
( ၃ )
၁၉၈၉ ဩဂုတ်လထဲမှာ ‘ ၄၈၂၈ လှုပ်ရှားမှုကြီး’ ဖော်ထုတ်ဖြိုခြင်းခံလိုက်ရပြီးတဲ့နောက်ပိုင်း တဆက်တစပ်တည်းလိုလိုမှာပဲ ကျွန်တော်တို့မြေပေါ်နိုင်ငံရေးပါတီ (၃)ခုလဲ အဖျားခတ်ခံလိုက်ရတာနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရပါတယ်။ နဝတစစ်အစိုးရက မန္တလေးအခြေစိုက် ‘အမျိုးသားနိုင်ငံ ရေးတပ်ပေါင်းစု (မနတ)’ ၊ ရန်ကုန်အခြေစိုက် ‘ပြည်သူ့တိုးတက်ရေးပါတီ (PPP)’ နဲ့ မုံရွာအခြေ စိုက် ‘အမြဲစိမ်းပါတီ’ တို့ကို တရားဝင်ပါတီ အဖြစ်ကနေ ဖျက်သိမ်းပစ်ကြောင်းကြေညာခဲ့ပါတယ်။ ဗကပ ရဲ့ မြေပေါ်ပါတီတွေအဖြစ် စွပ်စွဲဆက်စပ်ပြတာတွေလဲ လုပ်ဆောင်ခဲ့ပါတယ်။ ကြေညာရုံသာမဟုတ်၊ ပါတီဗဟိုကော်မတီဝင်တွေကိုပါ လိုက်လံဖမ်းဆီးရင်းက (တချို့ကို ဖမ်းဆီးထားပြီးမှ) ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ရာ၊ ကျွန်တော့်မှာ ထပ်မံပြီးဒုတိယအကြိမ်မြောက် ဝရမ်းပြေးဘဝရောက်ရပါတယ်။
အစ်ကိုကြီးကိုအောင်သူတို့တွေကတော့- PPP ဖွဲြ့စည်းပြီးစ၊ PPP ဗဟိုကော်မတီစာရင်း သတင်း စာမှာ ဖော်ပြပါရှိလာချိန်နောက်ပိုင်းကစပြီး၊ ရန်ကုန်ကနေခွာကြရပြန်ကာ နေရာရွှေ့ပြောင်း ဝရမ်း ပြေးကြရရာ၊ အစ်ကိုကြီးကိုအောင်သူနဲ့ကျွန်တော့်မှာ ဝရမ်းပြေးဘဝချင်းတူပေမဲ့၊ နေရာချင်းက တော့ မတူနိုင်ဖြစ်ကြရပါတယ်။ သူလဲ သူ့နည်းသူဟန်နဲ့သူ တနေရာ၊ ကိုယ်လဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ် တနေရာ မတူကွဲပြား ဝေးကွာသွားရပါတော့တယ်။
၁၉၉၀ ပြည့်ရွေးကောက်ပွဲကြီးပြီးတဲ့နောက်မှာတော့- ဇွန် ဇူလိုင်လထဲလောက်မှာ အစ်ကိုကြီးကိုအောင်သူ (မြင်းခြံ)တယောက် ရန်ကုန်မှာ ဖမ်းမိသွားပြီ..ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။ ကျွန်တော်ဝရမ်းပြေးနေတဲ့ မန္တလေး-မေမြို့အတက်တဝိုက်ဆီကနေကြားလိုက်ရတာဖြစ်ပါတယ်။ ဟိုရွှေ့ သည်ရွှေ့နေရာမျိုးစုံ ရွှေ့ပြောင်း ပြေးနေရင်းက ကြားလိုက်ရတာဖြစ်တာကြောင့် တိတိ ကျကျ ရှင်းရှင်းလင်းလင်းတော့ မသိရသလို၊ ခိုင်ခိုင်မာမာအတည်ပြုနိုင်ခြင်းလဲ မရှိခဲ့ပါ။
၁၉၉၀ ပြည့်နှစ်အကုန်မှာတော့ ကျွန်တော်ကိုယ်တိုင်လဲ ပြေးရင်းပြေးရင်း ဆက်ပြေးနေခဲ့ရရာ၊ ပြည်တွင်းသာမကပြည်ပအထိတောင် ရောက်သွားရပါတော့တယ်။ ပြည်တွင်းက နဝတ နအဖစစ်အာဏာရှင်များရဲ့ကတိမတည် ယုတ်မာကောက်ကျစ်မှုမျိုးစုံနဲ့ လူထုအပေါ်ရက်ရက်စက်စက်ဖိနှိပ်
ဗိုလ်ကျမှုတွေအပါ၊ ပြည်တွင်းပြည်ပက နိုင်ငံရေးလှုပ်ရှားမှုတွေကိုရေဒီယိုလေလှိုင်းသံများပေါ်ကနေပဲ ေန့ပေါင်းများစွာ နှစ်ပေါင်းများစွာ ကြားသိနေခဲ့ရပြီး၊ ၂၀၀၃ ခုနှစ်ထဲမှာတော့ ကိုယ်ကိုယ် တိုင်လဲ လေလှိုင်းသံ မီဒီယာသမားတယောက်ဖြစ်လာခဲ့ရရင်း၊ ပြည်ပကနေပြည်တွင်းဆီသို့နှစ် ပေါင်းများစွာ ေမျှာ်ရည်ငေးမောနေခဲ့ရပါတော့တယ်။
၂၀၀၅ ခုနှစ်ရဲ့ နှစ်ဆန်းဆန်းချင်းကာလ၊ တရက်သောညနေခင်းမှာတော့- ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းလဲဖြစ်၊ လူရင်းတယောက်လဲဖြစ်တဲ့ ‘ကိုစိန်ကျော်လှိုင်’ ဆီကနေ ဖုန်းခေါ်သံတခု ဝင်လာခဲ့ပါတယ်။ သူက ဟိုတုန်းကတော့ ဘီဘီစီ လန်ဒန်ရုံးချုပ်မှာ အလုပ်လုပ်ကိုင်ခဲ့ဖူးသူတယောက်ဖြစ်ပေမဲ့၊ ဘီဘီစီမှာပဲ ကျွန်တော်နယ်စပ်သတင်းထောက်အဖြစ် စတင်အလုပ်လုပ်ချိန်မှာတော့ ဘီဘီစီမှာ သူမရှိတော့ပဲ၊ သူက အမေရိကန်အခြေစိုက် RFA မှာပြောင်းရွှေ့အလုပ်လုပ်နေသူ ဖြစ်နေပါပြီ။ ကိုစိန်ကျော်လှိုင်နဲ့ ကျွန်တော်ဟာ လက်ဖက်ရည်ဆိုင်ထိုင်ဖက်၊ စာပေအကြောင်း နိုင်ငံရေးအကြောင်း ဟိုအကြောင်းဒီအကြောင်း ရောက်တတ်ရရာ ပြောဘက်ဆိုဘက်တွေအဖြစ် ရန်ကုန်မှာနှစ်ပေါင်းများစွာ ရင်းနှီးခဲ့ကြသူတွေ ဖြစ်ခဲ့ပါတယ်။ လှည်းတန်းက မမြင့်ရဲ့ ‘စေတနာရှင်ကဖီး’ နဲ့ ‘ဖြိုးဝေကဖီး’ တို့မှာ ကျွန်တော်၊ ရှေ့နေကြီးကိုအောင်ကျော် ( ပန်းတနော် ဦးအေးမောင်ရဲ့တပည့်)၊ ကသာကိုထိန်ဝင်း၊ ရွှေခဲကိုသောင်းညွန့်၊ ကိုအောင်သိန်း (အောင်သိန်းဦး)တို့နဲ့အတူ တဝိုင်းတည်း အတူထိုင်တွေဖြစ်ခဲ့ကြပါတယ်။ အဲဒီတုန်းက RIT က ဘွဲ့ရခါစ ကိုစိန်ကျော်လှိုင်ဟာ မကြာခဏဆိုသလို ကျွန်တော်တို့ဝိုင်းထဲရာက်ရှိလာရင်း၊ အပြန်အလှန်နားလည်ရင်းနှီးနေခဲ့ကြတာဖြစ်ပါတယ်။
ကိုစိန်ကျော်လှိုင် ရဲ့ ဇာတိ (သိုမဟုတ်) မိဘတဖက်ဖက်ရဲ့ဇာတိကလဲ မြင်းခြံဘက်ကလိုလို၊ တောင်သာ- ဝဲလောင်ဘက်ကလိုလို အကြမ်းဖျင်းပဲသိရှိနားလည်ထားမိပေမဲ့၊ လူယဉ်ကျေးမှုအရ သေသေချာ ချာတော့ တခါမှ မမေးမိ မပြောဆိုဖြစ်ခဲ့ကြဖူးပဲ၊ နိုင်ငံရေးနဲ့စာပေအနုပညာကိစ္စတွေအပေါ်မှာသာ ရှည်ရှည်လျားလျား ပြောဆိုဆွေးနွေးခဲ့ကြဖူးတာတွေ ရှိခဲ့ပါတယ်။ လူချင်း ရင်းနှီးခဲ့ကြဖူးပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး၊ နိုင်ငံရေးပါတီတွေပေါ်ထွက်လာချိန်မှာတော့ ကျွန်တော်က ပြည်သူတိုးတက်ရေးပါတီမှာ၊ တချို့က NLD မှာ ဖြစ်ခဲ့ကြပေမဲ့၊ ကိုစိန်ကျော်လှိုင်ကိုတော့ ယခင်ဆိုရှယ်လစ်ပါတီခေါင်း ဆောင်ကြီးတဦးဖြစ်ခဲ့တဲ့ ဦးဗဆွေရဲ့သားသမီးတွေနဲ့ဖြစ်ပေါ်ဖွဲ့စည်းလာတဲ့ ‘ဖဆပလ’ ဆိုတဲ့ တကျော့ပြန် ‘ဖဆပလ’ အဖွဲ့ကြီးတခုထဲမှာ ဖြစ်နေတာ တွေ့လိုက်ကြရကြား လိုက်ရတော့ အံ့ဩစရာ ဖြစ်ရပါသေးတယ်။ ဘယ်လိုက ဘယ်လိုတွေဖြစ်ခဲ့ကြသလဲဆိုတာ တခါမှစကားမစပ်ခဲ့ဖူးပါ။ နောက်ပိုင်းမှာတော့ သူလဲပြည်ပရောက်- ဘီဘီစီရောက်- ဘီဘီစီမှာ ပင်တိုင်ကဏ္ဍရှင်တဦး ဖြစ်နေခဲ့ရာမှ၊ ကျွန်တော်နဲ့ပြန်လည်ဖုန်းအဆက်အသွယ်ရရှိချိန်မှာ-သူက RFA ရဲ ဝိုင်းတော်သား အယ်ဒီတာအဖွဲ့ဝင်တယောက်တောင်ဖြစ်နေပါပြီ။ အဲဒီနေက သူက ကျွန်တော့်ကို “ ကိုဝင်းတင့်ထွန်း.. ခင်ဗျားတို ပီကျုမှာခင်ဗျားတို့နဲ့အတူ လက်တွဲလုပ်ခဲ့တဲ့မြင်းခြံဦးအောင်သူ ဒီကနေ့ ထောင်ကလွတ်လာပြီဗျ..” လို့စကားစလာလေတော့- ကျွန်တော့်မှာ “ဟုတ်လားဗျ-” လို့တယ်လီဖုန်းထဲကနေ ပြန်မေးမိရင်း ဝမ်းပန်းတသာ ခံစားလိုက်ရသလို၊ ဒီသတင်းကို ကျွန်တော့်ဆီ ဦးဦးဖျားဖျားသတိတရပြောဆိုခဲ့သူဟာလဲ ‘ကိုစိန်ကျော်လှိုင်’ လို့ပဲ အမှတ်အသားပြုလိုက်ရပါတယ်။ အဲဒီမှာ သူက ဆက်ပြီး “လုပ်စမ်းပါဦးဗျ၊ အဲဒီ ဦးအောင်သူကြီးအကြောင်း၊ ကျွန်တော် စိတ်ဝင်စားလို့ပါဗျ၊ ဦးအောင်သူရဲ့နိုင်ငံရေးဖြတ်သန်းမှုဘဝတွေနဲ့ ခင်ဗျားသိသလောက် သူ့အကြောင်း၊ သူဖြစ်စဉ်လေးတွေ..” လို့ဆက်လက်ပြောဆိုလာတဲ့အတွက်ကျွန်တော်ကလဲ ဝမ်း သာအယ်လဲအခံပေါ်ကနေ ကျွန်တော့်စိတ်ထဲပါ်လာတဲ့အတိုင်း၊ ကျွန်တော်သိထားနားလည်ထားတဲ့အတိုင်း လွယ်လွယ်ကူကူနဲပေါ့ပေါ့ပါးပါးပဲ ပြန်လည်ပြောဆိုနေခဲ့မိပါတယ်။
စိတ်ထဲမှာ ဘာမှ အဖုအထစ်မဖြစ်မိပဲ၊ အပြန်အလှန် အလ္လာပ သလ္လာပပာသလို ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်ဖြစ်တာဖြစ်ပါတယ်။ သူက ဘာမှ ဟုတ္တိပတ္တိ သိထားတာမရှိလို့၊ ကျွန်တော့်ဆီကနေ အချက်အလက်လေးတွေ ရနိုင်သရွေ့ရအောင် မေးမြန်းတီးခေါက်ကြည့်တာနေမှာလို့ပဲ လွယ်လွယ်ကူကူသဘောပိုက်မိပြီး၊ “ ဦးအောင်သူဟာ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုသမိုင်းမှာ အရေးပါတဲ့ တကယ့်ကျောင်းသားခေါင်းဆောင်ဟောင်းတယောက်ဖြစ်တယ်။
အစဉ်အလာရှိတဲ့ ကျောင်းသားခေါင်းဆောင်တယောက်၊ မန္တလေးတက္ကသိုလ် မတကသ ရဲ့ထင်ရှားတဲ့ ခေါင်းဆောင်တဦးဖြစ်ခဲ့သလို၊ ဗကသမှာလဲ အရေးပါတဲ့ခေါင်းဆောင်တဦးဖြစ်ခဲ့တယ်။ ရှစ်လေးလုံးမှာ မြင်းခြံသပိတ်မှာ အဓိကခေါင်းဆောင်တဦးဆိုတာအပါ၊ ကိုအောင်သူရဲ့အကြောင်းကို အတိုချုပ်သဘောရှင်းပြလိုက်မိတယ်။ ကိုစိန်ကျော်လှိုင်က ဟိုအကြောင်း ဒီအကြောင်း အနည်းအပါးလျှောက်ပြောနေသေးပြီး၊ ဖုန်းချခါနီးလောက်မှာမှ “ ဟေ့ လူကြီး ဒီနေ့က ကျွန်တော့်တာဝန်ကျနေ့ဗျ။ ကျွန်တော်က ဦးအောင်သူ ကနေ့လွတ်လာတဲ့သတင်းမှာ ခုတင်က ခင်ဗျား ရှင်းပြပြောပြတာလေးတွေထဲကလဲ လိုအပ်သလိုဖြတ်တောက်ယူပြီး၊ ခင်ဗျားအသံကိုပါ ထည့်သုံးသွားရမှာပဲ ဗျ၊ ဟဲဟဲ..” လို့ဆိုလာလေတော့ ကျွန်တော်က-“ဟေ့လူ.. ကျွန်တော်က အလွတ်သဘော ပေါ့ပေါ့ပါးပါး ပြောပြတာဗျ။ ပြီးတော့ ကျွန်တော်က ဘီဘီစီကလေ..၊ ခင်ဗျားတို့အာအက်ဖ်အေမှာ ကျွန်တော့်အသံကြီးပါ ပါသွားလို့ ဘယ်ကောင်းမလဲဗျ..” လို့ အလျင်အမြန် တားဆီးလိုက်သေးပေမဲ့၊ သူက “ ဟေ့လူ.. မတတ်နိုင်ဘူး။ ကျွန်တော်ကတော့ ခင်ဗျားအသံပါ လိုအပ်သလိုဖြတ်တောက် ထည့်သွင်းပြီး သုံးရမှာပဲ ဟဲဟဲ..” ဟုဆိုကာ ဖုန်းကိုချသွားပါလေတော့တယ်။ ကျွန်တော့်မှာ လူရင်းချင်းဆိုတော့ ဒီအတိုင်းပဲ လွှတ်ပေးလိုက်ရပါတော့တယ်။ တကယ်လဲ အဲဒီနေညပိုင်းမှာ ‘မြင်းခြံဦးအောင်သူထောင်ကလွတ်လာတဲ့သတင်း’ ကို RFA က သတင်းအဖြစ်ထုတ်လွှင့်ရာမှာ ကိုစိန်ကျော်လှိုင်ဟာ ကျွန်တော့်အသံကိုပါထည့်သွင်းအသုံးပြုသွားတာ ကြားလိုက်ရပါလေတယ်။ နောက်နေ့မှာ ဘီဘီစီက အစ်မကြီးဒေါ်တင်ထားဆွေနဲ့တယ်လီဖုန်းပေါ် ဆုံရ စကားပြောရတဲ့အခါ၊ မနေ့ကဖြစ်ပျက်ခဲ့တဲ့ အဲဒီအဖြစ်အပျက်ကို ကျွန်တော်က အစ်မကြီးကို ဖြည်ဖြန် ရှင်းပြလိုက်ရပါတယ်။
“ မဆွေရေ.. မနေက အာအက်ဖ်အေမှာ ကျွန်တော့်အသံပါသွားရတာက ကိုစိန်ကျော်လှိုင် လုပ်ချလိုက်တာလေ..” ဆိုပြီး ရှင်းပြမိလိုက်တော့-ဒေါ်တင်ထားဆွေက- “ သူတို့ကတော့ အဲသလိုမျိုးတွေ သိပ်လုပ်တတ်တယ်..” ဆိုပြီးတော့ပဲ မှတ်ချက်ပေးခဲ့ပါတယ်။ ကျွန်တော့်အပေါ်အပြစ်တင်ခြင်း မရှိခဲ့ပါ။ ဘာပဲပြောပြော အဲသလိုအားဖြင့် အစ်ကိုကြီးကိုအောင်သူထောင်ကလွတ်လာတဲ့ အာအက်ဖ်အေက သတင်းမှာတော့ ကြိုတင်ပြင်ဆင်ထားရခြင်းမရှိပါဘဲလျက် ကြံကြံဖန်ဖန် တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်အသံလဲ ပါဝင်သွားခဲ့ရပါတယ်။ ( ဒါဟာလဲ ကျွန်တော့်အတွက်တော့ အစ်ကိုကြီးနဲ့ပတ်သက်ပြီး ကြံကြံဖန်ဖန်အမှတ်ရစရာတခုလို့ဆိုရပါလိမ့်မယ်။)
သည့်နောက်တော့ အစ်ကိုကြီးရဲ့သတင်းလေးတွေကို ကြိုကြားကြိုကြား ကြားရပါတယ်။ မြင်းခြံမှာ မှိုင်းကွန်ရက်မှာ နာယကအဖြစ်ပါဝင်ဆောင် ရွက်နေတာ၊ မန္တလေးဘက်ဆီလဲ ရောက်ရောက် လာတတ်ရင်း မန္တလေးဘက်က ရဲဘော်ရဲဘက်တချို့နဲ့ ဝိုင်းဖွဲ့တတ်တာမျိုးတွေအပါအဝင်၊ စာရေးနေတယ်ဆိုတဲ့သတင်းအထိ ကြားရပါတယ်။ ၂၀၁၃ ခုနှစ်ထဲမှာတော့ အစ်ကိုကြီးရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ- “ ခေတ်သုံးခေတ်အကျဉ်း သား” စာအုပ်ထွက်လာပြီဆိုတဲ့သတင်းကို ကြားရလေတော့ ကျွန်တော်ကိုယ်တိုင် တွေ့ရ မြင်ရ ဖတ်ရခြင်းမရှိသေးပေမဲ့ ဝမ်းမြောက်ဝမ်း သာဖြစ်ခဲ့ရပါတယ်။
၂၀၁၆ ခုနှစ်ထဲမှာတော့- အစ်ကိုကြီးရဲအသက်(၈၀) ပြည့်မွေးနေ့အခမ်းအနား DVD အခွေလေးကိုပါ တနေရာကနေ လက်ခံရရှိ ကြည့်ရှုခွင့်ရရုံမက၊ အစ်ကိုကြီးရဲ့ “ခေတ်သုံးခေတ်အကျဉ်းသား” ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ကိုပါ တွေ့မြင် ဖတ်ရှုခွင့် ရခဲ့ပါတယ်။ “
ရဲဘော်ကြီးဦးအောင်သူ အသက် (၈၀)ပြည့်မွေးနေ့အား ဂုဏ်ပြုပါ၏” ဆိုတဲ့ စာတန်းနဲ့အတူ၊ တူတံစဉ်၊ ခွပ်ဒေါင်းအမှတ်တံဆိပ်ပါ ပါဝင်တဲ့၊ DVD အခွေ ကာဗာပေါ်က အစ်ကိုကြီးရဲ့အားပါးတရ ရယ်မောနေတဲ့ဓာတ်ပုံကိုပါတွေ့လိုက်ရပြန်တော့ ‘ ဒို့အစ်ကိုကြီး-မအိုသေး ’ လို့တောင် ခံစားလိုက်ရပါတယ်။ အားပါးတရ ရယ်မောနေတဲ့ဓာတ်ပုံပေါ်မှာ သွားတွေ အစုံမတွေ့လိုက်ရတော့ပေမဲ့၊ အခွေကိုဖွင့်ကြည့်လိုက်တဲ့အခါ- DVD အခွေထဲမှာ အစ်ကိုကြီးရဲ့ စကားပြောနေပုံ၊ လှုပ်ရှားသွား လာ ဧည့်ခံနေပုံတွေကိုပါလန်းလန်းဆန်းဆန်းသွက်သွက်လက်လက်မြင်လိုက်ရပြန်ပြီး၊ စိတ်ထဲမှာ ကြည်ကြည်နူးနူး ခံစားလိုက်ရပါတယ်။
အစ်ကိုကြီးရဲ့ ‘ခေတ်သုံးခေတ်အကျဉ်းသား’ ကို ဝမ်းပန်းတသာ စာမျက်နှာတရွက်ချင်းလှန်ကြည့်လိုက်မိတော့- ကျွန်တော် ရရှိလိုက်တဲ့ ဒီစာအုပ်ဟာ ‘ ဒုတိယအကြိမ်ဖြည့်စွက်ရိုက်နှိပ်ခြင်း’ ဆိုတဲ့စာသား နဲ့ ၂၀၁၆ ခုနှစ် ဩဂုတ်လထုတ်-ဒုတိယအကြိမ်ရိုက်စာအုပ်ဖြစ်နေတာကိုလဲ သတိထားမိဂရုမူမိလိုက်ပါတယ်။ အစ်ကိုကြီးကိုယ်တိုင်ရဲ့ ပထမအကြိမ်ထုတ်အမှာစာနဲ့ ဒုတိယအကြိမ်ထုတ်အမှာစာကိုပါ ဖတ်လိုက်ရပါတယ်။ လွမ်းမောစရာတွေလဲ ပါ၊ နာစရာတွေလဲ ရှိ၊ ခံစားမှုအတိနဲ့ရိုး သားပွင့်လင်းစွာ ရေးထားတာကိုလဲ တွေ့ရပါတယ်။ ဒီစာအုပ်ထဲမှာပဲ အစ်ကိုကြီးက ကျွန်တော်နဲ့ပတ်သက်ပြီး အမှတ်ရစရာလေးတွေကိုလဲ အလျဉ်းသင့်သလို မှတ်မှတ်ရရ ရေးသားထားတာတွေကိုပါတွေ့လိုက်ရပြန်တော့- ရိုးသားစွာပြောရရင် ကျွန်တော်လဲ လွမ်းလွမ်းမြမြ ဆွတ်ဆွတ်ကျင်ကျင်ခံစားလိုက်ရပါတယ်။ အစ်ကိုကြီးရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ‘ခေတ်သုံးခေတ်အကျဉ်း သား’ ကိုချုပ်ကြည့်လိုက်ရင် ထင်းခနဲနေအောင် ပေါ်လွင်နေတာကတော့- အစ်ကိုကြီးဟာ တကယ်ကို စစ်အာဏာရှင်စနစ်ကိုမုန်းတီးသူ၊ ‘ စစ်အာဏာရှင်စနစ်ကို ရာသက်ပန်ဆန့်ကျင် တော်လှန်ခဲ့သူ’ ဆိုတာပါပဲ။
( ၄ )
၂၀၂၁ ဧပြီ (၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့ကြီးမှာပဲ အစ်ကိုကြီးကိုအောင်သူ (အသက် ၈၅ နှစ်) ဆုံးပါးကွယ်လွန်သွားရှာပြီဆိုတဲ့သတင်းကိုကြားလိုက်ရတော့ ကျွန်တော် နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရပါတယ်။ ဒီ ဧပြီ(၁၃) ရက်နေ့မှာပဲမြင်းခြံရဲ့သမိုင်းဝင် ဂုဏ်သရေဆောင် ဗိုလ်မှူးချစ်ကောင်းရဲ့ဇာတိရွာ ‘လယ်သစ်’ ကို အာဏာသိမ်းစစ်တပ်က စစ်ဆင်ရေးလုပ်ကာ စီးနင်းရှာဖွေ ဖမ်းဆီးမှုလုပ်တဲ့သတင်းတွေလဲ တက်လာခဲ့သလို မြင်းခြံမြိုပါ်မှာလဲ ပြောက်ကျားဆန္ဒပြပွဲတွေအဆက် မပြတ်ရှိနေခဲ့လေရာ၊ တိုက်ပွဲခေါ်သံကြွေးကြော်သံတွေ ဟိန်းဟိန်းညံနေတာ ကြားရပါတယ်။
မြင်းခြံဟာ စစ်အာဏာရှင်စနစ်ဆန်ကျင်ရေးမှာ အတက်ကြွဆုံးနဲ့ရှေ့တန်းအရောက်ဆုံးမြို့တမြို့ဆိုတာအားလုံးအသိပါပဲ။ ဒီကနေ့မျက်မှောက်ခေတ်အထိ သမိုင်းရှိတဲ့မြို့တမြို့ဖြစ်ခဲ့သလို၊ အစ်ကိုကြီးကိုအောင်သူကိုယ်တိုင်ဟာလဲ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသမိုင်းမှာ ဘဝတာတလျှောက် လုံး ကုန်းရုန်းပါဝင်ခဲ့တဲ့၊ သမိုင်းရှိတဲ့ပုဂ္ဂိုလ်တဦး ဖြစ်ခဲ့ပါတယ်။ အိမ်စောင့်အစိုးရခေတ်၊ မဆလခေတ်၊ နဝတ-နအဖခေတ် ဆိုတဲ့ စစ်အာဏာရှင်အုပ်စိုးမှုခေတ်သုံးခေတ်လုံးမှာ အစ်ကိုကြီးဟာ ထောင်ချခံခဲ့ရ၊ အကျဉ်းချခံခဲ့ရတဲ့ နိုင်ငံရေးသမားတဦးဖြစ်ခဲ့တာ အများအသိပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ အစ်ကိုကြီးကို “ မြင်းခြံ ဦးအောင်သူ (သို့မဟုတ်) စစ်အာဏာရှင်စနစ်ကို ရာသက်ပန်ဆန့်ကျင်တော်လှန်ခဲ့သူ” လို့ ပဲ အမှတ်အသားပြုလိုက်ချင်ပါတယ်။
အစ်ကိုကြီးဆုံးပါးသွားတဲ့နေ့ကတည်းက အစ်ကိုကြီးရဲ့မျက်နှာကြီးကို ပြန်လည်မြင်ယောင်မိနေရင်း၊ အမှတ်တရ ရုပ်ပုံလွှာလေးကိုရေးခြယ်ဖို့သတိရနေမိခဲ့ပေမဲ့၊ ရုတ်တရက် အချိန်မီမရေးဖွဲ့နိုင်ခဲ့ပါ။ အကြောင်းကတော့ အမိနိုင်ငံတော်အတွင်းမှာ လက်ရှိမျက်မှောက် ကြုံတွေ့ဖြစ်ပေါ်နေရတဲ့ နောက်ဆုံးပေါ် စစ်အာဏာရှင်စနစ်အမှောင်ထုကြီးအောက်မှာ မြင်းခြံမြို့အပါအဝင်၊ တနိုင်ငံလုံးက နာကျင်ဆို့နင့်စရာသတင်းတွေဟာ ဆက်တိုက်လိုလို ထွက်ပေါ် ကြားနာသိမြင်နေရတဲ့အတွက်၊ စာမရေးနိုင်သေးဘဲ၊ သတင်းတွေကိုပဲ အဆက်မပြတ် နားစွင့်နေခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။ သည့်အတွက် အစ်ကိုကြီးရဲ့ရုပ်ပုံလွှာလေးကို လက်တွေချရေးနိုင်ဖို့နောက်ကျခဲ့ရတာအပေါ် နား လည်သဘောပေါက်နိုင်ကြလိမ့်မယ်လို့ ယူဆမိပါတယ်။ အခုမှပဲ လနဲ့ချီ ကြာတော့မှပဲ ရေးသားနိုင်ခဲ့တာအပေါ် ခွင့်လွှတ်ကြဖို့တာင်းပန်အပ်ပါတယ်။
ဝင်းတင့်ထွန်း
( ၂၁- ၇- ၂၀၂၁ )
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက် တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။
မိုးမခ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar