ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ
မြန်မာနွေဦး ခရိုနီကယ် - မေ ၁၉ မြင်ကွင်း
(မိုးမခ) မေ ၂၀၊ ၂၀၂၄
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ
မြောက်ပိုင်းညီနောင် မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့ရဲ့ ထိုးစစ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ အပစ်ရပ် ဆွေးနွေးမှု သဘောတူစာချုပ်ချုပ်ပြီး သီတင်းပတ် အနည်းငယ်အကြာ မတ်လမှာ KIA က ၄င်းရဲ့ထိုးစစ်တွေကိုစတင်ခဲ့တာဖြစ်ပြီး ၂ လကျော် ၃ လတာကာလအတွင်း စစ်စခန်းအများအပြားနဲ့ မြို့အချို့ကို သိမ်းယူနိင်ခဲ့ပြီး ဆက်လက်လည်း ထိုးစစ်တွေ ဆင်နွှဲနေဆဲ ဖြစ်တာတွေ့ရပါတယ်။ ရှမ်းမြောက်ဒေသက ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာကို သိမ်းယူခဲ့ပြီး မိုးမိတ်၊ မဘိမ်း စတဲ့မြို့တွေကိုလည်း မြို့သိမ်းတိုက်ပွဲ အနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အဆိုပါ ဒေသတွေအပြင် မြစ်ကြီးနား-ဗန်းမော်ကားလမ်း တလျှောက်က စစ်ကောင်စီ တပ်စခန်းတွေ၊ လိုင်ဇာကို သွားတဲ့လမ်းက ဗျူဟာကုန်းတွေကို အစောပိုင်းသီတင်းပတ်တွေမှာ တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက်ပိုင်းမှာ လွယ်ဂျယ်နယ် စပ်ကုန်သွယ်ရေးစခန်းကိုလည်း သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းကို KIA က သိမ်းယူတာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ မလိုလားတဲ့ လက္ခဏာတွေ ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပြီး ဘာကြောင့်ဆိုတဲ့ အကြောင်းရင်းခံနဲ့ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရတဲ့ အနေအထားလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒေသအများအပြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ထိုးစစ်တွေ တပြိုင်နက်ထည်း ဖေါ်ဆောင်နေရာမှာ မြို့တွေထက် စစ်စခန်းတွေကိုပိုမိုအလေးထားပြီး တိုက် ခိုက်သိမ်းယူနေတဲ့သဘောမျိုးတွေ့မြင်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်ရဲ့ တန်ဖိုးအကြီးဆုံး တွင်းထွက်သယံဇာတထွက်ရှိရာ ဖားကန့်ဒေသကိုလည်း ထိန်းချုပ်စိုးမိုးနိုင်ဖို့ ဖားကန့်ကို ဝင်ရောက်တဲ့လမ်းတွေက စခန်းနဲ့ ကျေးရွာကြီးတွေကိုလည်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မြို့ကြီးတွေဖြစ်တဲ့ မြစ်ကြီးနား၊ ဗန်းမော်တို့လိုမြို့တွေနဲ့ ကချင်ပြည်နယ်က အခြားမြို့တွေကိုတော့ လောလောဆယ်မှာ သိမ်းယူဖို့ပြင်ဆင်တာမျိုးတွေ မတွေ့ရသေးပါဘူး။ KIA လက်နက်ကိုင်အဖွဲ့ဟာ စစ်ကိုင်းတိုင်းရဲ့ ဒေသအတော်များများနဲ့ မကွေးတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ မကွေး တိုင်းအထက်ပိုင်းထိစပ်တဲ့ဒေသတွေရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကျယ်ကျယ်ပြန့်ပြန့် အထောက်အကူပေးနေတာလည်းရှိနေပြီး စစ်ကောင်စီအနေနဲ့ KIA ကို အခြားသော တိုင်းရင်း သားလက်နက်ကိုင်တွေထက် အညှိုးထားတဲ့အချက်တချက်က စစ်ကိုင်းတိုင်းမှာဖြစ်ပွားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုအကူအညီပေးတဲ့အချက်က အဓိကအချက်ဖြစ်ပါတယ်။
KIA အနေနဲ့ တရုတ်နိုင်င နယ်နိမိတ်မျဥ်းအနီးမှာ ဌာနချုပ်အနေနဲ့ လိုင်ဇာမြို့ အခြေစိုက်ထားပြီး အတိုင်းအတာတခုထိ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်အောင်ထိန်းသိမ်းထားဖို့ လိုအပ်တာ အမှန်ပဲဖြစ်ပါတယ်။ KIA အနေနဲ့တဖက်မှာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်တာကိုလည်း တရုတ်နိုင်ငံအနေနဲ့ သတိပြုမိပြီး စိုးရိမ်မှုရှိကောင်းရှိနိုင်တာ ဖြစ်ပါတယ်။ KIA ထက်စာရင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့အနေနဲ့ တရုတ်နိုင်ငံနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး သို့မဟုတ် ကင်းကင်းနေလို့မဖြစ်တဲ့အနေအထားမျိုးလည်းရှိနေတာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးတွေစတင်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ နယ်မြေ ဆုံးရှုံးမှု၊ တပ်ဖွဲ့ဝင်ထောင်ဂဏန်းနဲ့ချီတဲ့ လက်နက်ချတဲ့ဖြစ်ရပ်တွေ၊ မြို့တွေ ဒါဇင်နဲ့ချီသိမ်းယူခံရတာ၊ ဆယ်စုနှစ်နဲ့ချီထိန်းသိမ်းထားတဲ့စစ်စခန်းတွေ၊ ဗျူဟာစခန်းတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေသိမ်းယူနိုင်ခဲ့တဲ့ဖြစ်ရပ်တွေက KIA အနေနဲ့အခုလို အခွင့် အရေးမျိုးကို လက်လွှတ်ခံလို့မဖြစ်ဘူးဆိုတာကို ကောင်းစွာသဘောပေါက်ထားပါလိမ့်မယ်။ ဒီအခွင့်အရေးမျိုးက ဆယ်စုနှစ်များစွာအတွင်းမှာ တကြိမ်တခါရတဲ့အခွင့်အရေးဖြစ်တာမို့ စစ်ကောင်စီတပ်တွေ စိတ်ဓါတ်အားဖြင့်ရော လက်တွေ့ရုပ်ဝတ္တုပိုင်းအရပါ ဆက်တိုက် ဆုံးရှုံးနေချိန်မှာ ဒီအခွင့်အရေးကို ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကမှ လက်လွှတ်ခံကြမှာမဟုတ်ပဲ KIA ဟာလည်း အဲဒီအဖွဲ့တွေထဲက တဖွဲ့ ဖြစ်တယ်လို့ဆိုရင် မှားမယ်မထင်ပါ။
စစ်ကောင်စီအနေနဲ့ လက်ရှိအနေအထားမှာ အားလုံးကိုလက်မလွှတ်ရေး သို့မဟုတ် အဓိကနဲ့ သာမညနယ်မြေခွဲခြားပြီး ထိန်းချုပ်မလားဆိုတဲ့ ရွေးချယ်မှု ၂ ခုအနက် ဒုတိယရွေးချယ်မှုကိုသာ ရွေးချယ်ခွင့်ရှိတော့တာ ဖြစ်ပါတယ်။ သယံဇာတတွေ ၊ မဟာဗျူဟာကျတဲ့ဒေသတွေ၊ အခွန် အကောက် ကောက်ခံတဲ့နယ်စပ်စခန်းမြို့တွေ ဆိပ်ကမ်းမြို့တွေကို ဦးစားပေးထိန်းချုပ်ရမယ့် အနေအထားကိုရောက်နေပြီလို့ဆိုရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်လို တရုတ်နိုင်ငံရဲ့ ရေနက်ဆိပ်ကမ်း၊ တရုတ်နိုင်ငံဆီသွယ်ယူတဲ့ စွမ်းအင်ပိုက်လိုင်းတွေ ဖြတ်သန်းတဲ့ဒေသနဲ့ပင်လယ်ထွက်ပေါက်ရှိတဲ့ပြည်နယ်ဒေသကိုလက်မလွှတ်ရရေး အသည်း အသန် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီအဖို့ မြန်မာနိုင်ငံရဲ့ ပင်လယ်ကမ်းရိုးတန်းဒေသတွေအနက် ရခိုင်ပြည်နယ်ကို လက်လွှတ်ဆုံးရှုံးရမယ့်အနေအထားဟာ အခြားသော နယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့ ရှမ်းမြောက်၊ ကရင်ပြည်နယ် မြဝတီတို့လိုပဲ စီးပွားရေး စစ်ရေး အရ ဆုံးရှုံးမှုကြီးမားတဲ့အနေအထားလည်း ဖြစ်ပါတယ်။
အခုအခြေအနေကို ယေဘူယျကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေက နယ်မြေစိုးမိုးရေးကို အင် အားသုံးလုပ်လာနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သူတို့မဟာမိတ်တွေကို စစ်ကောင်စီနဲ့ အတူတူထားပြီး တွေ့ဆုံဆွေးနွေးမှုတွေ ညှိနှိုင်းမှုတွေ လုပ်နေကြတာဟာ သူတို့နိုင်ငံ၏ တည်ငြိမ်ရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးအကျိုးစီးပွားကို ဦးစားပေးတဲ့သဘော ဖြစ်နေတာကို တွေ့နေရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar