Breaking News

မောင်လင်းရိပ် - တစ်နေ့တော့


တစ်နေ့တော့
မောင်လင်းရိပ်
(မိုးမခ) မေ ၂၀၊ ၂၀၂၄

တစ်သက်တာလွတ်မြောက်ရေးစစ်သားဘဝကို ရွေးချယ်ထားတဲ့ ဝံပုလွေတစ်ကောင်တော့ မဟုတ်ခဲ့ဘူး
မြက်ရိုင်းတွေရဲ့ အနံ့ဟာ သားကောင်ရဲ့ သွေးနံ့ထက်ချိုတယ်လို့ မကြာမကြာ ထင်ယောင်ခဲ့ရာ
ငါဟာ တောအုပ်ထဲ အရွက်အုပ်ကြား ရွက်အုပ်သီးလေးတစ်လုံးလား
တဂျိန်းဂျိန်းမြည်တဲ့ လူမှုယန္တရားကြီးထဲက မောင်းတံတိုတိုလေးတစ်ချောင်းလား
အမုန်းတရားရဲ့ အင်အားကိုလည်း မခံ့မညား မလုပ်လိုက်လေနဲ့
အမှန်တရားရဲ့ ပင်မမြစ်ကြောကလည်း ခွာခွာကင်းကင်း မလုပ်လိုက်လေနဲ့ လူကလေး
အမြောက်ဆံထိပ်ဖူးတွေတပ်ဆင်တဲ့ လွတ်မြောက်ရေးကေဒါမိခင်တစ်ယောက်အကြောင်း ဖတ်ဖူးတယ်
လက်နက်စက်ရုံ ဗုံးကြဲခံရတဲ့ ညက သူ့သမီးလေးဟာ သူ့အမေအသက် လက်လွှတ်ခဲ့ရရှာတာပေါ့
လွတ်မြောက်ရေးစစ်ပွဲတွေဟာ သမိုင်းစာမျက်နှာတွေပေါ်မှာ ယမ်းပေါက်ကွဲမှုတွေနဲ့ တအုံးအုံး
ဒီတစ်ပွဲပြီးတဲ့ခါ ငါဟာ သင်းကွဲဝံပုလွေရဲ့ အသိုက်ထဲကို ပြန်ချင် ပြန်မယ်
အုပ်စုလိုက် ကပွဲတွေဟာ ငါအမောတကောရှာဖွေခဲ့ရတဲ့ အရာ သက်သက်တော့ မဟုတ်ဘူး
ရှေးကျလူမျိုးစု နတ်ဆရာတစ်ယောက်လို ငါဟာ တောစပ်ကနေ ငါ့လိပ်ပြာ ငါပြန်ခေါ်ရလိမ့်
လိုအပ်သူတို့ ငါဆီလာလိမ့်မယ် လိုအပ်တဲ့အရာ သူတို့ ယူချင် ယူသွားလိမ့်မယ်
ဘယ်သူမှ မလိုချင်တဲ့ ရွှံ့ရုပ်ကလေးတွေ ငါအားရင် လုပ်နေမိဦးမှာ
ခပ်မြန်မြန် စစ်ချီတိုင်မင်နဲ့ သီချင်းသံတွေ ခဏကြာရင် တိတ်သွားတော့မှာ
အဲ့ဒီခါ ငါ့ကိုယ်ငါ မေ့သွားနိုင်မယ့် ဂါထာကို စီကြည့်ရမလား
လဟုသံတွေများများနဲ့ ပေါ့ပါးလို့ ကိုင်းပွင့်ဖြူဖြူတွေဟာ လှိုင်းထ လွင့်ပါးသွားနိုင်မှာပါ

၂၀၂၄၊ မေ ၁၀
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar