Breaking News

စစ်ပွဲတွေနဲ့ တွဲလျက်ပါလာတဲ့ အမျိုးမျိုးသော ဘေးဒုက္ခအန္တရာယ်တွေ

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၇ မြင်ကွင်း

(မိုးမခ) မေ ၁၈၊ ၂၀၂၄

စစ်ပွဲတွေနဲ့ တွဲလျက်ပါလာတဲ့ အမျိုးမျိုးသော ဘေးဒုက္ခအန္တရာယ်တွေ 

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီ ကတည်းက ပြည်တွင်းစစ်ကို ဆယ်စုနှစ် ၇ ခု ကြာမျှ ဆင်နွှဲလာခဲ့ရာမှာ ကမ္ဘာမှာ ပြည်တွင်းစစ်အနေနဲ့ အရှည်ကြာဆုံး နိုင်ငံရယ်လို့ သတ်မှတ်ခေါ်ဆိုရတဲ့အထိ အပြတ်အသတ်မနိုင်တဲ့ ပြည်တွင်းစစ်ပွဲကို ပြည်မကစစ်တပ်နဲ့ ဒါဇင်နဲ့ချီတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေအကြား စစ်ဆင်နွှဲခဲ့ကြတဲ့ ထူးခြားတဲ့ သမိုင်းကြောင်းနဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ 

ဒုတိယကမ္ဘာစစ်ပြီးခါစ စတင်ခဲ့တဲ့ ကမ္ဘာမှာ ကွန်မြူနစ်ဝါဒနဲ့ အရင်းရှင်ဝါဒ၊ အရှေ့ဥရောပ ကွန်မြူ နစ်ဆိုရှယ်လစ် အုပ်စုနဲ့ အနောက်ဥရောပ အမေရိကန်တို့ရဲ့ စစ်အေးတိုက်ပွဲခေတ် ဆယ်စုနှစ်များအတွင်း ကွန်မြူနစ် ဆိုရှယ်လစ်နိုင်ငံဖြစ်မသွားရင် ပြီးရောဆိုတဲ့သဘောနဲ့ အနောက်နိုင်ငံတွေက ကွန်မြူနစ်ဆန့်ကျင်တဲ့ စစ်အာဏာရှင်တွေကို အားပေးခဲ့ကြတဲ့ ကာလမှာ မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံမှာလည်း စစ်အာဏာသိမ်းမှု ၁၉၆၂ ခုနှစ် မှာ ဖြစ်ပွားပြီး အာဏာရှင်ဗိုလ်နေဝင်းကို အနောက်နိုင်ငံတွေက အားပေးဆက်ဆံခဲ့ကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ကောင်းမွန်တဲ့ အခြေခိုင်တဲ့ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စုနိုင်ငံ မထူထောင်နိုင်ခဲ့ခြင်းရဲ့ အကျိုးဆက်က ဆယ်စုနှစ် ၇ ခုကျော်ကြာတဲ့ ပြည်တွင်းစစ် ဖြစ်ပွားရခြင်းရလဒ်လို့ ဆိုရင် မှားမယ်မထင်ပါ။ နိုင်ငံရေး၊ စီးပွားရေး၊ ယဥ်ကျေးမှု၊ ဘာသာစကား ထိန်း သိမ်းရေးနဲ့ သယံဇာတ ခွဲဝေမှုတွေမှာ တန်းတူညီမျှမဖြစ်ခဲ့ခြင်းတွေက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အမျိုးမျိုး၊ မျိုးဆက်တခုပြီးတခုကို မွေးထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၉ ကနေ ၁၉၅၂ ခုနှစ်ဝန်းကျင်ထိ ဖြစ်ပွားခဲ့တဲ့  ပြည်တွင်းစစ် (တပြိုင်နက်တည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ နိုင်ငံအနှံ့ ဖြစ်ပွားတဲ့စစ်) ပြီးနောက်မှာ အခု ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားတဲ့ စစ်ပွဲက အကျယ်ပြန့်ဆုံး အပြင်းထန်ဆုံး၊ ထိခိုက်ဆုံးရှုံးမှုအများဆုံး full-scale civil war လို့ ဆိုရမှာဖြစ်ပါတယ်။ 

ဒီအရှိန်အဟုန်အပြည့်နဲ့ ဆင်နွှဲကြတဲ့စစ်ပွဲက စစ်အာဏာရှင်စနစ်ရဲ့ နိဂုံးလို့ NUG အမျိုးသားညီ ညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဆိုကြပါတယ်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေအနေနဲ့ နဂိုကတည်းက စိုးမိုးနယ်မြေ အတိုင်းအတာတခုထိ ရှိကြပြီး အဆိုပါနယ်မြေတွေက ကောက်ခံရရှိတဲ့အခွန်အခ၊ သယံဇာတတွေနဲ့ စစ်ပွဲတွေ ဆင်နွှဲကြခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူထုရဲ့ နိုးကြားမှု၊ စစ်အာဏာသိမ်းမှုကို ဆန့် ကျင်မှုအရှိန်အဟုန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအဖို့ တပ်ဖွဲ့ဝင်သစ်စုဆောင်းဖို့နဲ့ လက် နက်တပ်ဆင်ဖို့အခွင့်သာစေခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဗမာလူမျိုးတွေ အများစုနေထိုင်တဲ့ ဒေသတွေက ပြည်သူ့ကာကွယ်ရေးတပ်တွေက  စစ်တိုက်နိုင်ဖို့အတွက် လူထုထံက အကူအညီ လှူဒါန်းမှုကို အားယူကာ အာဏာသိမ်းတဲ့ စစ်တပ်၊ စစ်အစိုးရကို စိမ်ခေါ်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

PDF လို့ ယေဘုယျအမည်နာမပေးထားတဲ့ အဖွဲ့ နဲ့ သီးခြား နယ်မြေဒေသအလိုက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေပေါ်ထွက်လာပြီး ၂ နှစ်ခွဲအကြာမှာတော့ မြန်မာနိုင်ငံဟာ full-scale ပြည် တွင်းစစ်ကာလ တခုထဲ ရောက်ရှိနေပြီး မြန်မာနိုင်ငံအနှံ့ စစ်မက်ဖြစ်ပွားမှုရဲ့ ဒဏ်ကို မခံစားကြရတဲ့ မိသားစု၊ လူပုဂ္ဂိုလ် မရှိဘူးလို့ ဆိုရလောက်တဲ့ အနေအထားရောက်နေပြီ ဖြစ်ပါတယ်။ 

အရပ်သားတွေဟာ စစ်မက်ဖြစ်ပွားမှုတွေ အကြား ထိခိုက်သေဆုံးရတာ၊ လက်နက်ကိုင်အဖွဲ့ဝင်၊ သို့မဟုတ် အားပေးထောက်ခံသူ ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရတာ၊ တဖက်ကို ထောက်ခံသူ၊ သတင်းပေးသူ၊ ဒေါက်တိုင်ဆိုတဲ့ စွပ်စွဲချက်နဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကလည်း မြန်မာနိုင်ငံ နေရာအနှံ့အပြား ဖြစ်ပွားနေပြီး မထူးဆန်းတော့တဲ့ ဖြစ်ရပ်တွေ အဖြစ် မှတ်ယူလာကြရတဲ့ အနေအထားရောက်နေပါတယ်။  

စစ်မက်ဖြစ်ပွားမှုကြောင့် အသက်ဆုံးရှုံးရတာတွေတင်မကပဲ စစ်ဘေးတိမ်းရှောင်ရတဲ့အခါ သို့ မဟုတ် ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတဲ့အခါ ဝမ်းရေးအတွက် စိုးရိမ်ပူပန်ကြရ၊ ခက်ခဲစွာ ရှင်သန်ကြရတာလည်း ဖြစ်ပါတယ်။ စစ်မက်ဖြစ်ပွားတဲ့ ဒေသတွေမှာ အသက်မွေးဝမ်းကျောင်း အလုပ်တွေလည်း ထိခိုက်ဆုံးရှုံးနေကြရသလို ဝင်ငွေမရှိတဲ့အနေအထားမှာ အစားအသောက် ကုန်ပစ္စည်းတွေကို ပုံမှန်ထက် ဈေးကြီးကြီး ပေးဝယ်ယူ စားသုံးကြရတာ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း ဆန်ဈေးနှုန်းက မကြားဖူးတဲ့ ဈေးနှုန်းတွေ ဖြစ်လာနေတာ တွေ့ရမှာ ဖြစ်ပါတယ်။  စစ်အာဏာမသိမ်းမီက တပြည် ၂၀၀၀ ဝန်းကျင် ရှိတဲ့ ဆန်အမျိုးအစားက အခုနေခါ တပြည် ၆၀၀၀ ကျပ်လောက်ထိ ရောက်ရှိနေပြီး အချို့သော လမ်းပန်းပိတ်ဆို့ခံထားရတဲ့ ဒေသတွေမှာ ဒီဈေးနှုန်းတွေထက် အများကြီး မြင့်တက်နေတာလည်း ကြားသိနေကြရတာ ဖြစ်ပါတယ်။ ဥပမာ ပလက်ဝ မြို့လို၊ ပူတာအိုလိုဒေသတွေ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ရခိုင် ပြည်နယ်တို့မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လမ်းခရီး ပိတ်ဆို့ခံထားရတဲ့ ဒေသတွေမှာ ဆန်စျေးက မတန်တဆ ဈေးနှုန်းတွေဖြစ်နေတာ ခုနှစ်တွေအတွင်း သတင်းတွေထဲ ကြားသိနေကြရတာ ဖြစ်ပါတယ်။ 

စစ်ရေးအနိုင်ရဖို့ရာ အတွက် မြို့တွေ လမ်းတွေ၊ ကျေးရွာတွေအကြား ကုန်စည်စီးဆင်းမှုတွေ ကို ပိတ်ဆို့တာ၊ မတန်တဆ အခွန်အကောက် ကောက်ခံတာတွေကြောင့် ရှိစုမဲ့စု ငွေကြေး၊ ပိုင်ဆိုင်မှုတွေ ရောင်းချကြပြီး အသက်ရှင်သန်ဖို့ ကြိုးစားနေကြရတာမျိုးတွေလည်း နေရာအနှံ့မှာ မြင်တွေ့နေကြရတာ ဖြစ်ပါတယ်။ 

ပြည်သူလူထုက အထက်ကအခြေအနေနဲ့တင် ဒုက္ခပင်လယ်ဝေနေစဥ်မှာ စစ်မှုမထမ်းမနေရ ဥပဒေကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းမှာ အသက်သွင်းလိုက်တဲ့အခါ ဒုက္ခတွေက အဖော်အပေါင်းများစွာနဲ့ ရောက်လာတဲ့ အနေအထားကနေ နောက်တဆင့်ကို မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ သားသမီးတွေ ရှိတဲ့ မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေကို ပြည်တွင်းစစ်ထဲမှာ သားကောင် အဖြစ်နဲ့ မကျရောက်စေဖို့  စိုးရိမ်ပူပန်မှုအပြည့်နဲ့ ပြည်ပမှာ အလုပ်လုပ်ပြီးဖြစ်စေ၊ တတ်နိုင်တဲ့ မိဘတွေက ပညာသင်ကြားဖို့ ဖြစ်စေ ငွေကြေးတွေ အကုန်အကျခံပြီး ပြည်ပကို စေလွှတ်နေကြတာ ဖြစ်ပါတယ်။ 

ပြည်တွင်းစစ် အရှိန်အဟုန်အပြည့်နဲ့ ဆင်နွှဲနေချိန်မှာ စစ်သားစုဆောင်း ခံရတာကြောင့်လည်း မိဘဖြစ်သူတွေ ပိုမိုစိုးရိမ်ရတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ပွဲတွေမှာ တရက်တရက်ကို လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ သေဆုံးနေကြရတာ ဖြစ်ပါတယ်။ အခုလို ကာလမဟုတ်ခဲ့ရင် စစ်မှုထမ်းတာကို ခွင့်ပြုကောင်း ခွင့်ပြုမှာဖြစ်ပေမယ့် အခုလို ပြည်တွင်းစစ်အပြည့်အဝဖြစ်ပွားနေချိန်မှာ စစ်မှု ထမ်း ဆင့်ခေါ်ခံရခြင်းဟာ သေဒဏ်ချမှတ်ခြင်းနဲ့အတူ ဂုဏ်သိက္ခာပါ ပျက်စီးရမယ့် အရေးကို တတ်နိုင်သမျှ ရှောင်လွှဲချင်ကြတာ ဖြစ်ပါတယ်။ နယ်မြေတွေဆုံးရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်မှု ထမ်းဥပဒေကို အသက်သွင်းပြီး စစ်ပွဲမှာ အသေခံတိုက်ဖို့ အင်အားစုဆောင်းရာမှာ တနိုင်ငံလုံးက စစ်မှုထမ်းရမယ့် အသက်အရွယ် အကျုံးဝင်တဲ့ လူငယ်တွေအဖို့ ကပ်ဘေးတခုသဖွယ် ဖြစ်စေခဲ့ပြန်ပါတယ်။ 

စစ်ပွဲတွေရဲ့ နောက်အကျိုးဆက် ဘေးဒုက္ခ တခုကတော့ လက်နက်ကြီးလို့ခေါ်ကြတဲ့ အမျိုးမျိုးသော အမြောက်ကျည်တွေ ထိမှန်သေဆုံးရတဲ့ ဖြစ်ရပ်တွေ နေ့စဥ်လိုလို မြစ်ပွားနေတာ ဖြစ်ပါတယ်။ သတင်းတွေထဲ ဘယ်မြို့ ဘယ်နယ်၊ ဘယ်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်လို့ မိသားစုတွေထဲက ဘယ်နှယောက် သေဆုံးရတာ၊ ဒဏ်ရာ ဘယ်လောက် ရကြတယ်ဆိုတဲ့ သတင်းတွေ နေ့စဥ် တွေ့မြင်နေရတာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် နှစ်လယ်လောက်က စလို့ ခုချိန်ထိ လက်နက်ကြီးကျည်ထိမှန်သေဆုံးသူတွေ ရာထောင်ချီရှိနေပြီလို့ဆိုနိုင်ပါတယ်။ တဖန် လက်နက်ကြီး ထိမှန်တာမဟုတ်ဘဲ မြေမြှုပ်မိုင်းကြောင့် သေဆုံးရသူတွေ၊ စစ်ပွဲတွေ ဖြစ်ပြီးနောက် ကျန်ရစ်တဲ့ ကျည်တွေ၊ မိုင်းတွေကြောင့် သေဆုံးရတဲ့သူတွေ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူတွေလည်း မရေတွက်နိုင်လောက်အောင် များပြားလာနေတာ ဖြစ်ပါတယ်။ 

အရှိန်အဟုန် နဲ့ ဆင်နွှဲနေတဲ့ ပြည်တွင်းစစ်ပွဲကနေ နိုင်ငံအတွက်ရေရှည်ခံမယ့် ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေး၊ စစ်အာဏာရှင် ချုပ်ငြိမ်းရေးတို့ကို ပန်းတိုင်ထားနေတာ မှန်သော်လည်း စစ်ရေးနည်းလမ်းနဲ့ အနိုင်ယူပြီး နောက်ထပ် စစ်ဝါဒနဲ့ Player အသစ်တွေ ပေါ်ထွက်မလာအောင် တားဆီးနိုင်ဖို့လည်းအရေးကြီးတာ ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar