Breaking News

သီအိုဇော် - တတိယနိုင်ငံ နောက်ကြောင်း၊ ပထမကမ္ဘာ ကောက်ကြောင်း

တတိယနိုင်ငံ နောက်ကြောင်း၊ ပထမကမ္ဘာ ကောက်ကြောင်း

သီအိုဇော် 

(မိုးမခ) မေ ၁၈၊ ၂၀၂၄ 

စင်ကာပူနိုင်ငံမှာ စတုတ္ထမျိုးဆက် ဝန်ကြီးချုပ်သစ် ရာထူးလွှဲပြောင်းယူသွားချိန်မှာ သမင်လည်ပြန် လှည့်ကြည့်လိုစိတ် ပေါ်နေမိတာက၊ ပထမဦးဆုံး ဝန်ကြီးချုပ် လီကွမ်ယူ တည်ဆောက်ယူခဲ့ရတဲ့ အချိန်ကာလကိုပဲ ဖြစ်ပါတယ်။ အစိုးရအဖွဲ့တိုင်းမှာ ပြဿနာကိုယ်စီ ရှိတတ်ကြပေမယ့် စင်ကာပူအတွက်တော့ အခုလိုအောင်မြင်တဲ့ နိုင်ငံတခုအနေနဲ့ အမှတ်တံဆိပ် ခိုင်ခိုင်မာမာ ထူထောင်ပြီးချိန်မှာ၊ ဝန်ကြီးချုပ် ဘယ်သူပဲတက်ပြီး လုပ်ရလုပ်ရ၊ လီကွမ်ယူရဲ့ ကနဦးကာလတုန်းကလိုတော့ ကျဉ်းထဲကျပ်ထဲ ကြုံမနေတော့မှာ သေချာပါတယ်။ ဒါ့ကြောင့် ဒီကနေ့ စင်ကာပူ ဖြစ်လာအောင် လီကွမ်ယူ ဘာလုပ်ခဲ့သလဲ ဆိုတာကိုပဲ ပိုပြီး စိတ်ဝင်တစား စဉ်းစားကြည့်ချင်မိပါတယ်။

လီကွမ်ယူနဲ့ ပတ်သက်ရင် အမြင်နှစ်မျိုး ရှိကြပါတယ်။ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေရဲ့ ရှုထောင့်ကိုလည်း ထည့်တွက်ကြရပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ‘လီကွမ်ယူကို မကြိုက်မနှစ်သက်လို့ ရတယ်၊ မလေးစားလို့တော့ မရဘူးလို့ ‘ ဆိုတဲ့ လေ့လာသုံးသပ်သူတွေရဲ့ ယေဘုယျ မှတ်ချက်ကိုတော့ ငြင်းပယ်ဖို့ ခက်ပါလိမ့်မယ်။

ဒီကနေ့ စင်ကာပူနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကိန်းဂဏန်းများက သက်သေပြသနေပါတယ်။ အိုင်အမ် အက်ဖ်(IMF)က ထုတ်ပြန်ထားတဲ့ World Economic Outlook (April 2024)အချက်အလက်တွေအရ တဦးချင်းဂျီဒီပီ (GDP per capita)က ဒေါ်လာ ၈၈,၄၅၀ နဲ့ ယူအက်စ်၊ ကာတာ၊ ယူအေအီး၊ ယူကေတို့နဲ့ နှိုင်းယှဉ်ရင်တောင် သူတို့ရဲ့ အထက်၊ ကမ္ဘာ့ထိပ်ဆုံး နေရာမျိုးနားမှာ ရှိနေတာကို တွေ့ရပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၂၂ခုနှစ် လူသားဖွံ့ဖြိုးရေး အညွှန်းကိန်း (HDI)ကို ကြည့်ပြန်ရင်လည်း (၀.၉၄၉) နဲ့ ထိပ်ဆုံးနိုင်ငံများ စာရင်းမှာ စင်ကာပူက ရှိနေပါတယ်။ ယူကေ၊ ယူအက်စ်၊ ဂျပန်တို့က (၀.၉၄, ၀.၉၂၇, ၀.၉၂)တို့နဲ့ သူ့ရဲ့နောက်ပိုင်းမှာ ရောက်နေပါတယ်။

ဒါတွေဟာ အားကျစရာ ကိန်းဂဏန်းတွေ ဆိုတာကတော့ ထင်ရှားပါတယ်။ ဒါပေမဲ့ လွယ်လွယ်ကူကူ ဖြတ်သန်းအောင်မြင် လာခဲ့ရတာတော့ မဟုတ်ပါဘူး။ မြောက်ပိုင်းဘော်နီယို (Northern Borneo)၊ ဆာရာ ဝပ်ခ် (Sarawak)၊ မလေးယားတို့နဲ့ ပေါင်းစည်းထားတဲ့ မလေးရှားနိုင်ငံက ခွဲထွက်စဉ်ကာလ ၁၉၆၅ ခုနှစ်မှာ စင်ကာပူရဲ့ တဦးချင်း ဂျီဒီပီက ဒေါ်လာ ငါးရာ ဝန်းကျင်သာ ရှိခဲ့တာပါ။

မဖွံ့ဖြိုးသေးတဲ့ တတိယနိုင်ငံအုပ်စု အဆင့်မှာပဲ ထည့်သွင်းခံထားရတဲ့အချိန်၊ စကားလုံး ခပ်ကြမ်းကြမ်းသုံးရရင်တော့ ဆင်းရဲတဲ့ နိုင်ငံငယ် တခုပါပဲ။ အခုလို ပထမကမ္ဘာ နိုင်ငံအဆင့်အတန်းကို တနေ့ရောက်ကို ရောက်လိမ့်မယ်လို့ ဟောကိန်းထုတ်နေကြတဲ့ အချိန်မဟုတ်ဘဲ ဘယ်လောက်ကြာကြာ ခံနိုင်ပါ့မလဲလို့သာ တွေးနေနိုင်မယ့်ကာလ ဖြစ်ပါတယ်။

လီကွမ်ယူ အနားယူပြီးနောက်နှစ် ၁၉၉၁ခုနှစ်မှာတော့ ၁၉၆၅ ခုနှစ်ထက် ၂၈၀၀ ရာခိုင်နှုန်း မြင့်မားတဲ့ တဦးချင်း ဂျီဒီပီကို ချန်ထားခဲ့နိုင်ပါပြီ။ ဒီကနေ့ စင်ကာပူအဆင့် ဖြစ်လာစေတဲ့ အဓိကအချက်တွေကို ပြောကြတဲ့အထဲမှာ သယံဇာတမဲ့တဲ့ နိုင်ငံငယ် ဖြစ်ပေမယ့် အင်္ဂလိပ်လက်အောက်ရှိစဉ်ကတည်းက အရှိန်ရခဲ့တဲ့ ကုန်သွယ်ရောင်းဝယ်ရေး အချက်အချာကျမှုအပေါ်  ဆက်လက်အသုံးချနိုင်ခဲ့တာလည်း ပါပါတယ်။

သမ္မတနစ်ဆင်လက်ထက်မှာ Bretton Woods Conference (1944) သဘောတူညီချက်အရ ဒေါ်လာနဲ့ ရွှေ ချိတ်ဆက်မှုကို ရပ်ဆိုင်းလိုက်တဲ့နောက်၊ လီကွမ်ယူက ဒါကို အခွင့်အလမ်းတခု အဖြစ်ယူပြီး ဒေသတွင်း ဘဏ္ဍာငွေကြေး စင်တာတခု ဖြစ်လာစေခဲ့တာကိုလည်း အောင်မြင်စေခဲ့တဲ့ နောက်အကြောင်းရင်း တချက်ပါပဲ။

ဒီလို ပံ့ပိုးပေးခဲ့တဲ့ အကြောင်းအချက်တွေကို ကဏ္ဍလိုက် ထုတ်နုတ်ရရင် ထည့်ပြောစရာတွေ အများအပြားရှိပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာ အဓိက ပြန်လှည့်ကြည့်ချင်တာက ၂၃ လလောက်ပဲ ခံခဲ့တဲ့ မလေးရှားနဲ့ ပေါင်းစည်းမှု ပြီးခါစ၊ တကယ့်အကျဉ်းအကျပ် ကာလမှာ လီကွမ်ယူ စခဲ့တဲ့ခြေလှမ်း၊ လီကွမ်ယူအနေနဲ့ မဖြစ်မနေ လုပ်ကိုလုပ်ဖို့ လိုအပ်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားခဲ့တဲ့ အချက်တခုကိုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီအခြေခံကျကျ စဉ်းစားချက်ဟာ ဒီကနေ့လို ပထမကမ္ဘာနိုင်ငံအဆင့် ဖြစ်လာစေဖို့အတွက် ပဓာနကျခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။

၁၉၆၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့၊ မလေးရှားနိုင်ငံက ခွဲထွက်ပြီး ၁ နှစ်နဲ့ ရက်ပိုင်းစွန်းစွန်းမှာ ပြောကြားခဲ့တဲ့ လီကွမ်ယူရဲ့ မိန့်ခွန်းရှည်ထဲကနေ ဒီအချက်ကို သတိပြုမိပါတယ်။ သူ ပြောခဲ့တာက ပါလီမန်မှာလည်း မဟုတ်သလို ကက်ဘိနက် အစည်းအဝေးမှာလည်း မဟုတ်ခဲ့ပါဘူး။ နိုင်ငံကို ရုပ်သံလွှင့် စည်းရုံးပြောကြားခဲ့တာမျိုးလည်း မဟုတ်ပါဘူး။

နေရာကတော့ နိုင်ငံရဲ့အထိမ်းအမှတ် သမိုင်းဝင် အဆောက်အဦအဖြစ် ၁၉၉၂ ခုနှစ်က သတ်မှတ်ခံခဲ့ရတဲ့ ဗစ်တိုးရီးယားခန်းမကြီးထဲမှာ ဖြစ်ပါတယ်။ သူ ပုံဖော်ချင်တဲ့ အနာဂတ် စင်ကာပူ ရုပ်ပုံကားချပ်အတွက် ကောက်ကြောင်းတခု ရေးဆွဲလိုက်သလိုလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ အဲဒီမှာ လီကွမ်ယူ အရေးတယူ တွေ့ဆုံခဲ့သူများက တခြားသူတွေ မဟုတ်ပါဘူး၊ ကျောင်းအုပ်ဆရာ၊ ဆရာမတွေပဲ ဖြစ်ပါတယ်။

မိန့်ခွန်းပြောဖို့လာတာ၊ လက်ချာပေးဖို့ ညွှန်ကြားဖို့ လာတာ မဟုတ်ဘူး၊ သူ ဆွေးနွေးဖို့ ယူလာတဲ့ ပြဿနာက သူကိုယ်တိုင်၊ ဒါမှမဟုတ် ဝန်ကြီးဌာန တာဝန်ရှိသူတွေ အနေနဲ့ နားမလည်ဘဲ၊ လက်တွေ့စာသင်ကြားတဲ့ ကျောင်းဆရာ၊ ဆရာမတွေကသာ နားလည်နိုင်လို့ ဆိုပြီး အစချီပြီး ပြောခဲ့ပါတယ်။

ရုတ်တရက် နားထောင်လိုက်ရင် လီကွမ်ယူ ပြောချင်တာက ပညာရေးကဏ္ဍကို မြှင့်တင်နိုင်ဖို့နဲ့ ပတ်သက်တယ်လို့ မြင်စရာ ရှိပါတယ်။ လီကွမ်ယူ စဉ်းစားမိတဲ့ ပြဿနာက ဒီထက်မက ကျော်လွန်ပါတယ်။ ပြောရမယ်ဆိုရင် အောင်မြင်တဲ့ နိုင်ငံတခု တည်ထောင်နိုင်ဖို့အတွက် အခြေခံကျတဲ့ လိုအပ်ချက်တခုကို ပြုစုပျိုးထောင်ပေးနိုင်ဖို့ သူက ရည်ရွယ်တာပါ။ အဲဒီတုန်းက စင်ကာပူနိုင်ငံအနေနဲ့ ဒီအချက်ကို မပိုင်ဆိုင်သေးဘူးလို့ သူက သတိထားမိပါတယ်။

ဆင်းရဲတဲ့ ကျွန်းနိုင်ငံလေးဟာ အဲဒီအချိန်က လူဦးရေ ၂ သန်းတောင် မပြည့်တဲ့ ရွှေ့ပြောင်းနေထိုင်ကြသူများရဲ့ နိုင်ငံငယ်တခုပါ။ စင်ကာပူ လူဦးရေဟာ ပြောင်းရွှေ့လာကြသူတွေကြောင့် တဖြည်းဖြည်း များပြားလာတာကို လူဦးရေ စစ်တမ်းများအရ သိရှိနိုင်ပါတယ်။

၁၈၂၄ ခုနှစ်လောက်ကစပြီး အစောဆုံးစစ်တမ်း ကောက်ကြတဲ့ အချက်အလက်တွေ ရှိပေမယ့် ဥပဒေပြုပြီး စနစ်တကျ သန်းခေါင်စာရင်း ကောက်ခံခဲ့တာက ၁၈၇၁ ခုနှစ် ဧပြီလမှာ ဖြစ်ပါတယ်။ ဂရိတ်ဗြိတိန်၊ အိုင်ယာလန်တို့နဲ့  တချိန်တည်းလောက်မှာ အတူပြုလုပ်ခဲ့တာဖြစ်ပြီး စင်ကာပူလူဦးရေက ၉၇,၁၁၁ ဖြစ်ပါတယ်။

သန်းခေါင်စာရင်းအကြောင်း အသေးစိတ်ထည့်ပြောနေရတာက အကြောင်းရှိပါတယ်။ ၁၈၇၁ ခုနှစ်မှာ တသိန်းတောင် မပြည့်တဲ့ လူဦးရေက ၁၉၆၅ ပတ်ဝန်းကျင်မှာ နှစ်သန်းနီးပါးလောက် ဖြစ်လာခဲ့တာက ရွှေ့ ပြောင်းနေထိုင်ကြသူ အရေအတွက်များကြောင့် ဖြစ်တယ် ဆိုတာကို ပိုခိုင်မာစေချင်တဲ့အတွက် ဖြစ်ပါတယ်။ ဘာကြောင့် ဒီအချက်ကို ထည့်ပြောရသလဲဆိုတော့ လီကွမ်ယူရဲ့ ကျောင်းအုပ်တွေကို ပြောကြားချက်က ဒီရွှေ့ပြောင်း နေထိုင်ကြသူများနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အတွက် ဖြစ်ပါတယ်။

လီကွမ်ယူ ထောက်ပြခဲ့တာက အဲဒီအချိန်က စင်ကာပူနိုင်ငံသားတွေဆိုတာက တခြားနိုင်ငံက ပြောင်းရွှေ့လာကြတဲ့ သူတွေသာဖြစ်လို့ ၊ မူလဇာစ်မြစ်၊ သမိုင်း၊ ဓလေ့ထုံးတမ်း အစဉ်အလာမျိုးတို့ကို ဒီနိုင်ငံသစ်နဲ့ ယှဉ်တွဲပြီး တန်ဖိုးထား အလေးထားစရာတွေ ရှိမနေကြဘူး ဆိုတာကိုပါ။ လေးစားမြတ်နိုးစရာ နိုင်ငံနဲ့ လူမျိုးရေးဆိုင်ရာ ဝိသေသကို စွဲကိုင်ပြဖို့ ခက်ခဲနေဆဲ ကာလလို့  ပြောချင်တာ ဖြစ်ပါတယ်။

ဒီလိုလူမျိုးများ အနေနဲ့ ရှင်သန်မှုအတွက် ရွေးချယ်ရတော့မယ်ဆိုရင် ကိုယ့်တဦးတယောက်တည်း ရှင်သန်မှုအတွက် စိတ်ဓာတ် လျော့လျော့ ပျော့ပျော့၊၊ ယုံကြည်စိတ်နည်းနည်းနဲ့ နှိမ့်နှိမ့်ချချ နိမ့်ကျရင်ကျပါစေ  လုပ်ဆောင်တတ်တဲ့ သဘောသဘာဝ ရှိတယ်လို့ သူမြင်ထားတာကို ရှင်းပြခဲ့ပါတယ်။ သူက ဖက်ဆစ်ဂျပန်တွေ စင်ကာပူကို ဝင်သိမ်းပိုက်တော့လည်း ဒီလိုပဲ စိတ်အားလျှော့ လက်ခံလိုက်ကြတဲ့ ဥပမာကို နမူနာပေးခဲ့ပါတယ်။

လီကွမ်ယူက အခုလို နိုင်ငံသစ်တခု ထူထောင်တဲ့အခါ အဲဒီလိုစိတ်ထားမျိုးနဲ့ သွားလို့ မရဘူးလို့ တထစ်ချ  လက်ခံယုံကြည်ထားပါတယ်။ နိုင်ငံသားအများစုက တရုတ်၊ မလေး၊ အိန္ဒိယ လူမျိုးနွယ်နောက်ခံတို့က ပြောင်းရွှေ့လာကြသူများပီပီ၊ လီကွမ်ယူ ဖြစ်စေချင်တဲ့ တစိတ်တဝမ်း စုစုစည်းစည်း စိတ်ဓာတ်မျိုး ဆိုတာက ဘယ်လိုမှ ဖြစ်ပေါ်မလာနိုင်သေးတဲ့ အချိန်လို့ ပြောရပါလိမ့်မယ်။

ဒီနေရာမှာ လီကွမ်ယူရဲ့ စဉ်းစားတွေးခေါ်မှုကို နားလည်ကြည့်လို့ ရကြပါလိမ့်မယ်။ နိုင်ငံနဲ့လူမျိုး သမိုင်းအစဉ်အလာ ကြွယ်ဝတဲ့နိုင်ငံတွေမှာ ဘိုးဘေးဘီဘင်လက်ထက် အတိတ်သမိုင်းဇာတ်ကြောင်းကို သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသန ပညာရှင်တို့ရဲ့ အထောက်အထားများ၊ စာကြည့်တိုက်၊ ပြတိုက်များက မှတ်တမ်းများ၊ ထိန်းသိမ်းထားတဲ့ သမိုင်းအမွေအနှစ် လက်ရာများတို့ကနေ မျက်မှောက်ကာလ မျိုးဆက်သစ်များက မှတ်ယူအလေးထား စေလာတတ်ပါတယ်။

တချိန်တည်းမှာ ဒီသမိုင်းဖြစ်ရပ်တွေကနေ နိုင်ငံ၊ လူမျိုး၊ ဒေသအပေါ် ချစ်ခင်တန်ဖိုးထားတတ်စေဖို့၊ အတူဆင်းသက်လာကြသူ အချင်းချင်းကြားမှာ တအူထုံ့ဆင်းများကဲ့သို့ ငြိတွယ်ခံစားလာတတ်စေဖို့ အထောက်အကူ များစွာဖြစ်စေပါတယ်။ ဒီခံစားချက်များက သူတို့ရဲ့နိုင်ငံကို ပိုတိုးတက်အောင်မြင်စေဖို့နဲ့ နိုင်ငံကို ကာကွယ်လိုစိတ် ကြီးမားစေဖို့လည်း လှုံ့ဆော်ပေးစေပါတယ်။

ဒါ့ကြောင့်လီကွမ်ယူက ဒီတနှစ်တာ ကာလအတွင်း သူ ယုံကြည်နေမိတာက ပြဿနာအရင်း အမြစ်ဖြစ်တဲ့ အဲဒီကာလက တန်ဖိုးထားစရာ သမိုင်းအစဉ်အလာ နည်းပါးတဲ့ စင်ကာပူနိုင်ငံသစ်မှာ၊  နိုင်ငံသားတွေရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်၊ခံယူချက်တွေကို လုံးဝဥဿုံ ပြောင်းလဲပစ်နိုင်ဖို့က စာသင်ကျောင်းမှာပဲ ပျိုးထောင်ပေးနိုင်မယ် ဆိုတာကိုပါ။ ဒီအတွက်ကြောင့် ကျောင်းအုပ်တွေကို ခေါ်တွေ့ဆုံခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် လီကွမ်ယူက သူ့တာဝန်ဖြစ်တဲ့ နိုင်ငံ့ခေါင်းဆောင်က လုပ်ပိုင်ခွင့်ရှိတာ မှန်တယ်၊ ပိရမစ်လို သူက ထိပ်ဆုံးမှာ ရှိပေမယ့် အလယ်လွှာက စွမ်းဆောင်ရည်မရှိရင် အောင်မြင်မှာ မဟုတ်ဘူး၊ ဒီလိုပဲ အောက်ခြေထုမှာ လိုအပ်ချက်တွေရှိရင် အပေါ်နဲ့အလယ်၊ ဘယ်လောက်တော်တော် မအောင်မြင်နိုင်ဘူးဆိုတဲ့ တွေးခေါ်ချက်ကိုလည်း ရှင်းပြ ခဲ့ပါတယ်။

သူ ဖြစ်ချင်တဲ့ စင်ကာပူနိုင်ငံသစ်အတွက် သူလိုချင်တဲ့ လူသားအရင်းအမြစ်ကို ကျောင်းတွေကသာ မွေးထုတ်ပေးနိုင်တယ် ဆိုတာသူက အလေးအနက် ပြောခဲ့ပါတယ်။ ကျောင်းအုပ်အဆင့်တွေကို ပြောကြားနေတာ ဖြစ်ပေမယ့်၊  အနီးကပ် သင်ကြားပေးရတဲ့ စွမ်းရည်ပြည့်တဲ့ စာသင်ဆရာ၊ ဆရာမတွေကသာ ဒီလိုအတွေးသစ် အမြင်သစ် ခံယူချက် အသစ်တွေရှိတဲ့ ကျောင်းသူကျောင်းသားတွေကို မွေးထုတ်ပေးနိုင်မယ်လို့လည်း သူက သတင်းစကားပေးလိုက်တာပါ။

အဲဒီအချိန်တုန်းကလည်း ဉာဏ်ရည်ထက်မြက်တဲ့ ကျောင်းသားကျောင်းသူတွေ ရှိပါတယ်။ ဒါပေမဲ့ အများစုက ဝင်ငွေကောင်းတဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေတွေ ဖြစ်အောင်လုပ်ပြီး သူတို့ တကိုယ်ရည်စာဘဝ တိုးတက်အောင် လုပ်ဖို့သာ ဆန္ဒရှိကြတာပါ၊ သူက ဒီလိုလူတွေ မလိုချင်ပါဘူး၊ ဒီလိုလူမျိုးတွေနဲ့ သူ့အိပ်မက် စင်ကာပူနိုင်ငံသစ် တည်ဆောက်လို့ မရဘူးလို့ သူက ယုံကြည်နားလည်ထားပါတယ်။

ဘယ်လူမျိုးနွယ်စုကပဲ ဆင်းသက်လာလာ စင်ကာပူနိုင်ငံသား စိတ်ဓာတ်အပြည့်ရှိပြီး၊ စင်ကာပူနိုင်ငံကို ချစ်ကြ၊ စင်ကာပူနိုင်ငံအတွက် တစည်းတလုံးတည်း လုပ်ကိုင်လိုစိတ် ပြင်းပြမှသာ သူမျှော်မှန်းတဲ့ စင်ကာပူနိုင်ငံ ဖြစ်လာမှာကို သူက အပြည့်အဝ ယုံကြည်ထားသူပါ။ ဒီကနေ့မှာတော့ ဘယ်စစ်တမ်းကိုပဲ ကြည့်ကြည့်၊ နိုင်ငံသား အများစုက စင်ကာပူနိုင်ငံသား ဖြစ်ရတာကို ဂုဏ်ယူနေကြပါပြီ။ ဘိုးဘေးဘီဘင်တွေရဲ့ ဇာတိချက်မြှုပ်၊ လူမျိုးနွယ်စုတို့က သူတို့အတွက် ဒီလောက် အာရုံစိုက် စရာ မဟုတ်တော့ပါဘူး။ လီကွမ်ယူ ဖြစ်စေချင်တဲ့ စင်ကာပူနိုင်ငံသားမျိုး ဖြစ်လာကြပြီလို့ပဲ  ဆိုရပါတော့မယ်။

မိန့်ခွန်းရှည်တခု ဖြစ်တဲ့အတွက် သူ ပြောကြားချက်တွေကို လုံးစေ့ပတ်စေ့ မပြောတော့ဘဲ ဆောင်းပါးလိုရင်းအတွက် အဓိကကျမယ့် အချက်ကိုပဲ ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။ ခြုံပြောရရင် ဒီနေ့ စင်ကာပူဖြစ်လာဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ပြုစုပျိုးထောင်နိုင်ဖို့၊ ကကြီးရေက အဆင့်ကနေ အစပျိုးခဲ့ရတာပါ။ တစိတ်တဝမ်းတည်း မရှိကြသေးတဲ့အတွက်၊ အဲဒီစိတ်ကို  မွေးမြူပျိုးထောင်ပေးခဲ့ရပါတယ်။ လီကွမ်ယူဟာ ဖြတ်လမ်းမလိုက်ခဲ့ဘဲ ရေရှည် အစီအမံများနဲ့  အခြေခံအုတ်မြစ်ကောင်းကောင်း ချပေးခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ဘယ်လောက်အထိ ခက်ခဲမယ့် အချိန်ကာလလဲဆိုတာကို တွေးကြည့်လို့ ရပါတယ်။ 

နောက်တချက်က ပြဿနာရဲ့ အဖြေက ဘယ်သူတွေဆီမှာ ရှိတယ်ဆိုတဲ့ သူ့ရဲ့ စဉ်းစားနိုင်ခဲ့မှုအပြင် ဘယ်သူတွေက အဓိက အနီးကပ် တာဝန်ယူပေးရမယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သူ့ခေါင်းထဲမှာ ရှိပါတယ်။ နိုင်ငံအကြီးအကဲ ဖြစ်ပေမယ့် သူကိုယ်တိုင် ရှင်းပေးနိုင်တဲ့ ပြဿနာ မဟုတ်ဘူးဆိုတာကို သူ သိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီး ပြဿနာ ရေသောက်မြစ်ဖြစ်တဲ့ အောက်ဆုံးအလွှာကို တာဝန်ယူသင့်သူများ လက်ထဲ ထည့် ပေးခဲ့ပါတယ်။  ဒီကနေ့ စင်ကာပူကို ပြန်ကြည့်ရရင် လီကွမ်ယူရဲ့ ရှုမြင်ချက် မှန်ကန်ခဲ့တယ်လို့ပဲ ပြောရပါလိမ့်မယ်။

အစမှာ ပြောထားခဲ့တာကို ပြန်ကောက်ပြီး ပြောရရင် လီကွမ်ယူကို မကြိုက်လို့ရတယ်၊ ဒါပေမဲ့ အသိအမှတ်မပြုလို့တော့ မရဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ စင်ကာပူနိုင်ငံရဲ့ ဖခင်လို့  ကျော်ကြားတဲ့ သူ့ကို ဘွဲ့လွန်စာတမ်း၊ သုတေသနစာတမ်းများနဲ့ နိုင်ငံတကာက လေ့လာသူများက ဆန်းစစ်သုံးသပ်ကြပါတယ်။ အတုယူစရာတွေ ရှိသလို၊ ဒီမိုကရေစီ စံတန်ဖိုးနဲ့ ကြည့်ပြီး  အာဏာရှင်ဆန်တာမျိုးတွေကို လက်ခံဖို့ ခက်ခဲတာတွေလည်း ရှိကြပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် လီကွမ်ယူက သူ့သမိုင်း သူ ရေးထားခဲ့ပြီဖြစ်လို့ အထူးတလည် မှတ်ချက်ပေးဖို့ လိုအပ်မယ် မထင်တော့ပါဘူး။ ဒါပေမဲ့ လီကွမ်ယူအကြောင်း တွေးမိတိုင်း၊ ခေါင်းထဲ အမြဲဝင်လာတတ်တဲ့ မှတ်ချက်တခု ရှိနေပါတယ်။ အထင်ကရ ပုဂ္ဂိုလ်တွေ ပြောကြားခဲ့တာမျိုး မဟုတ်ပါဘူး၊ ပြောရရင် ဘယ်သူဘယ်ဝါ၊ ဘယ်ဆီကမှန်းတောင် မသိပါဘူး၊ သတိပြုခဲ့ဖူးတဲ့ သာမန်လူတယောက်က သူ့ခံစားချက်ကို ပြောပြတဲ့ ရိုးရိုးကွန်းမင့်လေး တခုပါ။ 

‘အာဏာရှင်လက်အောက်မှာ နေရမယ်ဆိုရင်တော့ လီကွမ်ယူလို အာဏာရှင်ရဲ့ လက်အောက်မှာ နေချင်တယ်တဲ့’။ စာတကြောင်းတည်းပေမယ့် အတွေးများစွာ ကျန်ရစ်စေခဲ့တဲ့အတွက် မှတ်မှတ်ရရ အမြဲရှိနေခဲ့မိပါတယ်။

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar