Breaking News

ဝင်းတင့်ထွန်း - ဆရာဂျက် ( သို့မဟုတ် ) ထူးခြားချက်အပြည့်နဲ့ ကြယ်စင်နီ

Photo- Credit
ဆရာဂျက် ( သို့မဟုတ် ) ထူးခြားချက်အပြည့်နဲ့ 
ကြယ်စင်နီ
ဝင်းတင့်ထွန်း
(မိုးမခ) မေ ၂၇၊ ၂၀၂၄

( ၁ ) 

၂၀၂၁ ဧပြီ ( ၂၈ ) ရက်နေ့။ 
ဆရာဂျက်ကြီး ဆုံးရှာပြီ..ဆိုတဲ့သတင်းကို အီးမေးလ်ပေါ်မှာ တွေ့လိုက်ရတော့ ရင်ထဲမှာ တော် တော်ကြီးကို ထိထိခိုက်ခိုက်ခံစားလိုက်ရပါတယ်။

ဆရာဂျက်က အသက်က (၈၁)နှစ်ဆိုတော့ မငယ်လှတော့တဲ့အရွယ်၊ ဆုံးပါးမယ်ဆိုလဲ ဆုံးပါးနိုင်တဲ့အရွယ်လို့ဆိုရမှာဖြစ်ပေမဲ့၊ ဒီလောက်မြန်မြန်ဆန်ဆန် ရုတ်တရက်ကြီး ကွယ်လွန်ဆုံးပါးသွားရလိမ့်မယ်လို့တော့ ထင်မှတ်မထားမိဘဲ ( သူ့သတင်းတွေကိုလဲ တလောလေးကပဲ အဆက် မပြတ်လိုလို ကြားမိနေသေးရာ..) ဒီသတင်းကို မြင်လိုက်ရတော့ ရင်ထဲမှာ မယုံနိုင်စရာသတင်းတပုဒ်လိုလဲ ဖြစ်နေမိပါတယ်။ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကပဲ (၂၀၁၉ သြဂုတ်လထဲလောက်ကပဲ) ဆရာဂျက်ကြီးရဲ့ “စောအယ်တာတော (သို့မဟုတ်) အမှန်တရားအတွက်တိုက်ပွဲဝင်သူ ” ဆိုတဲ့ ကိုယ် တိုင်ရေးအတ္ထုပ္ဖတ္တိစာအုပ်ကြီးကလဲ သပ်သပ်ယပ်ယပ်ခန့်ခန့်ညားညားထွက်ပေါ်ထားတာ မကြာလှသေးရာ၊ ကျွန် တော်တို့မှာ ဆရာဂျက်ကြီးအတွက် မုဒိတာဖြစ်နေရမှုတွေက ပူပူနွေးနွေးကြီးပဲ ရှိနေတုန်းဖြစ်ရာ၊ အခုလိုသတင်းကို ကြားလိုက်ရတော့.. နွေခေါင်ခေါင်ကာလကြီးထဲမှာ တကယ်ကို ပူလောင်နွမ်းမောစရာ ခံစားလိုက်ရပါတယ်။ အနားက လက်တကမ်းမှာပဲ ရှိနေသေးတဲ့၊ သူ့ရဲ့ကိုယ် တိုင်ရေးအတ္တုပ္ဖတ္တိစာအုပ် ‘ စောအယ်တာတော (သို့မဟုတ်) အမှန်တရားအတွက်တိုက်ပွဲဝင်သူ’ စာအုပ်ကို ဒုတိယအကြိမ်မြောက်ဆွဲယူလှန်လှောကြည့်လိုက်မိရင်း၊ စာအုပ်မျက်နှာဖုံးပေါ်က သူ့ရဲ့ပြုံးပြုံးရွှင်ရွှင်မျက်နှာကြီးကို သေသေချာချာထပ်မံငေးမောကြည့်လိုက်မိရင်း...သက်ဆိုင်ရာပုဂ္ဂိုလ်တဦးဆီကိုလဲ တယ်လီဖုန်းနဲ့လှမ်းဆက် အတည်ပြုကြည့်လိုက်မိပါတယ်။

သတင်းက အမှန်ပါပဲ။ မလွဲပါ ။ ဒီနေ့ဧပြီ (၂၈)ရက်နေ့မနက်အစောကြီးမှာပဲ ကွယ်လွန်ဆုံးပါးသွားရခြင်းဖြစ်သတဲ့။ KNU တပ်မဟာ (၇)က ဆေးရုံမှာပဲ ကွယ်လွန်ဆုံးပါးသွားရတာ ဖြစ်သတဲ့။ ‘ဘာရောဂါနဲ့ဆုံးသွားရတာလဲ..’ လို့ထပ်ဆင့်မေးမြန်းကြည့်လိုက်မိတော့ ...
“ ဝမ်းလျောလို့တဲ့၊ ဝမ်းလျှောလို့ မနေ့ညက ဆေးရုံတင်လိုက်တာ ကနေ့မနက်အစောကြီးမှာပဲ ဆုံး  သွားတော့တာ..” တဲ့။
တဖက်က တယ်လီဖုန်းရှင်က စိတ်မချမ်းမြေ့သံကြီးနဲ့ ဖြေကြားနေသလို၊ ကျွန်တော့်မှာလဲ ပင့် သက်ကိုသာ လေးပင်စွာချလိုက်မိရင်း၊ တယ်လီဖုန်းကို ဖြည်းလေးစွာ ချထားလိုက်ရပါတော့တယ်။ 

ဆရာဂျက်ကြီးဟာ ဟိုတုန်းကလဲ ( ၁၉၇၆/ ၇၇ ခုနှစ်ထဲတုန်းကလဲ ) အကြီးအကျယ်ဝမ်း လျှောခဲ့ဖူးသေးပြီး၊ အခုတခါမှာတော့...ဝမ်းလျှောတာ အသက်တောင် ပါသွားခဲ့ရတယ်ဆိုတော့ တော် တော်ကိုအဖြစ်ဆိုးလှပါကလား..လို့လဲ ဖျတ်ခနဲ အတွေးဝင်လိုက်မိရင်း၊ သက်ပြင်းကို လေးလေး ပင်ပင် ထပ်မံချလိုက်မိပါတယ်။အဲဒီ ၁၉၇၆/၇၇ တုန်းကတော့ ‘ကလလတ’ ‘ရလလဖ’ အလယ်ပိုင်း ဂွင်တွေထဲကနေ ပါတီဗဟိုဆီသို့တက်အလာ၊ လမ်းတလျောက်မှာ ရန်သူ့စစ်ကြောင်းတွေနဲ့ လှည့်ပတ်ရှောင်တိမ်းနေခဲ့ရရာမှ၊ ဆန်ပြုတ်လေးနဲ့ရရာ ငှက်ပျောအူပြုတ်တွေလောက်ကိုပဲ ဆားလေးနဲ့ဖြစ်သလိုစားပြီး အသက်မီးဆက်လာခဲ့ရရာမှ၊ စိတ်ချရတဲ့ရွာတရွာက ရှမ်းအိမ်တအိမ်ပေါ်အရောက်မှာ အကြီးအကျယ် ဝမ်းလျှောခဲ့ရတာဖြစ်ပါတယ်။ အိမ်ပေါ်ကနေ အိမ်သာကိုတောင် ဆင်းမသွားနိုင်တော့ဘဲ၊ အိမ်ပေါ်က ကြမ်းခင်းကို ဖြဲကာ ဝမ်းသွားရတဲ့အဆင့်အထိ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

( အဲဒီအဖြစ်အပျက်ကို သူ့ရဲ့အတ္တုပ္ပတ္တိစာအုပ်ထဲမှာ ထည့်သွင်းဖော်ပြထားတာ ကျွန်တော်မှတ်မိနေဆဲ ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ အိမ်ရှင်ရှမ်းအဘွားးကြီးက ပွဲကအပြန် သိသွားပြီး၊ ကြက် သွန်ဖြူဥ ကြီးကြီးတလုံးကိုချက်ချင်းမီးဖုတ် ကျွေးလိုက်တာနဲ့၊ ကြက်သွန်ဖြူမီးဖုတ်ကြီးတလုံး ကုန်အောင်စားပြီးလိုက်တာနဲ့ မကြာခင်မှာပဲ ဝမ်းလျှောပျောက်သွားခဲ့တယ်ဆိုပါတယ်။) အခုတော့-ဆေးရုံပေါ် တက်ရောက်ကုသခွင့်ရတာတောင် ဆက်လက်ရှင်သန်ခွင့် မရတော့တာကတော့ ကံတရားကိုပဲ ရိုးမယ်ဖွဲ့ရတော့မှာ ဖြစ်ပါတယ်။ တကယ်တော့ အသက်အရွယ်တွေကလဲ စကား ပြောလာနေပြီလေ ...။ ၁၉၇၆/၇၇ က လွန်ခဲ့တဲ့ (၄၅) နှစ်လောက်ဆီက သူ့အသက်က (၃၆)နှစ်ဝန်း ကျင်၊ အခုက (၈၀)ကျော် (၈၁)နှစ်အတွင်းမှာ မဟုတ်လား။ ပြီးတော့ အခုက ဆရာဂျက်မှာ သွေး တိုး ဆီးချိုတို့လို ရောဂါတွေကလဲ ရှိနေ ကပ်နေခဲ့ပြီမဟုတ်လား။

နောက်တနေ့ (၂၉)ရက်နေ့တွေမှာလဲ ဆရာဂျက်နဲ့ပတ်သက်တဲ့ အမှတ် တရပြုကြချက်၊ သတိတရဂုဏ်ပြုကြချက်တွေ ဟိုက သည်က ထွက်ပေါ်လာတာတွေ့ရပါတယ်။ အထူးသဖြင့်- ထိုင်းနယ်စပ်ဖက်က ရဲဘော်ရဲဘက်တွေ၊ ချစ်ခင်လေးစားကြသူတွေရဲ့သတိရချက် ဦးညွှတ်ချက်တွေဖြစ်ပါတယ်။ ဆရာဂျက်ဟာ လူကြီးလူရွယ် လူငယ်တွေသာမက၊ ကလေးကအစ ခွေးကအထိတောင် ချစ်ခင်နှစ်လိုခြင်းခံရသူ၊ အလေးထားအသိအမှတ်ပြုခြင်းခံရသူဆိုတာတွေပါ တွေ့လိုက်ရ မြင်လိုက်ရ ဖတ်လိုက်ရရင်း၊ သူ့စာအုပ်ပါ အမှာစာ (မိတ်ဆက်စာ)ထဲက သူ့ရဲ့‘တိုက်ဖေါ်တိုက်ဖက်တဦး’ က ဖော်ပြထားတဲ့၊- ‘ခွေးချစ်တတ်သူ’ ‘ လူထူးလူဆန်းကြီး’ ‘တုံးပေကတ်သပ်ကြီး’ ဆိုတဲ့ ချစ်စနိုးခေါ်ဝေါ် အသိအမှတ်ပြုထားကြတဲ့ ဂုဏ်ပုဒ်ပေါင်းများစွာကိုလဲ ပြန်လည်အမှတ်ရနေမိပါတယ်။

ထိုင်းနယ်စပ်မှာ ဆရာဂျက်ကြီးနဲ့ ရင်းရင်းနှီးနှီး နီးနီကပ်ကပ်နေထိုင်ခဲ့ဖူးတဲ့ NLD-LA က မိတ်ဆွေကြီးဦးညွန့် ပြောပြဖူးတာကိုလဲ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်အမှတ်ရနေမိပြန်တယ်။ အဲဒီမိတ် ဆွေကြီးဦးညွန့်က အခုတော့ နယူးဇီလန်မှာ ရောက်နေပါတယ်။ သူက ...“ တကယ့်ကို လူထူးလူဆန်းကြီးဗျ။ ရံဖန်ရံခါ ကုတ်နဲ့ရှူးနဲ့ နက်ကတိုင်နဲ့ စမတ်ကျကျ ဥရောပဆန်ဆန်ဝတ်စားဆင်ယင်နေတတ်ပေမဲ့၊ အမေရိကန်ကိုတော့...နယ်ချဲ့လို့မြင်ပြီး တော်တော်ကို အမြင်ကပ်တဲ့သဘောရှိတယ်ဗျ။ USA တံဆိပ်ပါတဲ့ အမေရိကန်အလံပါတဲ့အဝတ်အထည်အသုံးအဆောင်မျိုးတောင် မသုံးဘူးဗျ။ တချို့များ made in USA ဆို သိပ်ကြိုက်ကြ သဘောကျကြတာ၊ ဆရာဂျက်ကြီးက အဲဒီသူတွေနဲ့ပြောင်းပြန်၊ တကယ်ကို ပြောင်းပြန်။ သူ့အကြောင်းသိကြတဲ့တချို့လူငယ်တွေက USA အလံပါတဲ့-USA သိမ်းငှက်တံဆိပ်ကြီးပါတဲ့ အဝတ်အထည်အသုံးအဆောင်မျိုးကို လက်ဆောင်အဖြစ် ချစိစနိုးပေးကြ စကြတာမျိုးတွေရှိတယ်။ ဆရာဂျက်က လုံးဝမယူဘူး။ မသုံးဘူးဗျို့ ။ အင်္ကျီပေါ်မှာ အိတ်ပေါ်မှာ အမေရိကန်အလံ အမေရိကန်တံဆိပ်ပါရင်ကို မဝတ်ဘူး-မသုံးဘူးဗျာ..” လို့အံ့ဩတကြီးပြောခဲ့ဆိုခဲ့ဖူးတာကိုပါ ဖျတ်ခနဲ သွားသတိရမိပြန်ပါတယ်။ စိတ်မကောင်းတဲ့ကြားထဲက ပြုံးမိရပြန်ပါတယ်။

ဆရာဂျက်ကြီးဟာ အနှစ်သာရအားဖြင့် တကယ်ကို နယ်ချဲ့ဆန့်ကျင်ရေးသမားစစ်စစ်တဦးဖြစ်ရုံမက၊ အသွင်သဏ္ဍာန်ရော အရိပ်အယောင်အရပါ၊ နယ်ချဲ့ရဲ့အငွေ့အသက်နဲ့ကင်းကင်းရှင်းရှင်း ပြတ်ပြတ်စင်စင် နေထိုင်ကျင့်ကြံတတ်လွန်းသူမှန်း သိသာပေါ်လွင်လှပါတယ်။ သူက သူ့ရဲ့နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ပဒေသရာဇ်ဆန့်ကျင်ရေးစိတ်ဓာတ်ကိုလဲဘယ် တော့မှ ဖုံးကွယ်ထားလေ့မရှိဘဲ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်လေ့ရှိသူဖြစ်သလို၊ သူ့ရင်ထဲက ကွန်မြူနစ်ရပ်တည်ချက်ကိုလဲ ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖေါ်ပြောဆိုလေ့ရှိသူတဦးမဟုတ်လား။ ဒါကြောင့်- KNU နယ်မြေမှာ KNU ဥက္ကဌကြီးဖြစ်တဲ့ ‘ဗိုလ်ချုပ်မြ’ လို ပုဂ္ဂိုလ်ကတောင် ‘ရှင်းပစ်လိုက်ရအခက်- ဆက်ထားရအခက်’ နဲ့ ဦးနှောက်တော်တော်စားခဲ့ရ ခေါင်းခြောက်ခဲ့ရဖူးသူ ဖြစ်ခဲ့ရတယ် မဟုတ်လား။ ဒါပေမဲ့ ဉာဏ်ပညာ ထက်မြက်လှသူ၊ ပညာရေးရေချိန်မြင့်မားလှသူ ဖြစ်ရုံမက၊ အဲဒီ အဲဒီအရာတွေအား လုံးအပေါ်မှာတောင် သိသိသာသာကြီး ပေါ်လွင်ထင်ရှား ဖုံးလွှမ်းလွန်းနေခဲ့တာက သူ့ရဲ့ရိုးသားဖြူ စင်မှု၊ သူ့ရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့တော်လှန်စိတ်ဓာတ်အစစ်အမှန်ဖြစ်နေရာ၊ သူ့အကြောင်းကို သိကြတဲ့ တော်လှန်ရေးခေါင်းဆောင်တိုင်းလိုလိုက သူ့ကို ချစ်ကြ ခင်ကြ တန်ဖိုးထားကြတာတွေလဲ အမြဲလိုလိုရှိနေခဲ့ပါတယ်။ ဗိုလ်ချုပ်မြကိုယ် တိုင်ကလဲ သူ့ကို သံယောဇဉ် ကြီးခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ဘဝဟာ တမူထူးခြားတဲ့ဘဝလို့တောင် ဆိုရပါလိမ့်မယ်။ 

သူဟာ ဗိုလ်ချုပ်မြအပါ အဝင် အဆက်ဆက်သော KNU ရဲ့ခေါင်းဆောင်ကြီးငယ်များစွာတို့ရဲ့ ချစ်ခင်ကိုးစား သံယောဇဉ်ထားခြင်းကိုရရှိခဲ့သူဖြစ်သလို၊ ဥက္ကဋ္ဌ သခင်ဗသိန်းတင်အပါအဝင်၊ ဗကပ ကွန်မြူနစ်ခေါင်းဆောင်များစွာတို့ရဲ့ယုံကြည် အားထား အလေးထားခြင်းကိုလဲ နက်နက်ရှိုင်းရှိုင်း ရရှိခဲ့သူဖြစ်ရာ၊ တော် တော်ကို ထူးခြားတဲ့ဘဝပိုင်ရှင် လို့တောင် ဆိုရပါလိမ့်မယ်။ ဘာ့ကြောင့် ဒီလိုထူးခြားတဲ့ဘဝကို ရရှိနေရပါသလဲ ? သူ့ရဲ့ဖြောင့်မတ် ဖြူစင်လှတဲ့ ‘ရိုးသားပွင့်လင်းမှု’ နဲ့လူထုအကျိုး၊ အများအကျိုးကိုဆောင်ချင်တတ်လွန်းတဲ့ ‘ကိုယ်ကျိုးစွန့်အနစ်နာခံစိတ်ဓာတ်’ ကြောင့်လို့ပဲ ဆိုချင်ပါတယ်။ တဆက်တည်းလိုလိုမှာပဲ၊ ဆရာဂျက်ကြီးနဲ့ပတ်သက်ပြီး အမှတ်တရလေးတော့ မဖြစ်ဖြစ်အောင် ရေးရလိမ့်ဦးမယ်လို့လဲ ကိုယ့်ကိုကိုယ် တာဝန်ပေးထားမိရင်း ရင်ထဲမှာ တေးထားလိုက်မိပါတယ်။ 

( ၂ )

ဒါပေမဲ့ … 
တော်တော်နဲ့ဆရာဂျက်ကြီးရဲ့ရုပ်ပုံလွှာကို အစမပျိုးနိုင်ခဲ့ပါ။
တလောလေးကမှ ဆရာဂျက်ကြီးအတွက် ထိုင်းဘက်ကလေးစားမြတ်နိုးသူတွေက ရက်(၁၀၀)ပြည့်အထိမ်းအမှတ်လေးတွေ ထပ်မံထွက်ပေါ်လာလေမှ ကိုယ့်ကိုကိုယ် လိပ်ပြာနှိုးကာ ဒီအမှတ်တရစာကို နိဒါန်းပျိုးလိုက်ရပါတော့တယ်။
ဆရာဂျက်ကြီးရဲ့နာမည်အပြည့်အစုံက ‘ဂျက်ကော့ဗ်ခက်မွန်’၊ ကရင်လိုက ‘စောအယ်တာတော’။
နောက်ထပ်အမည်တခုကတော့ ‘စောကိုဦး’ ။ သူက ကရင်အမျိုးသားတဦးဖြစ်တာကြောင့် ကျွ န်တော်တို့တတွေက သူ့ကို ‘ဖထီး’ လို့လဲ မကြာခဏခေါ်မိကြသလို၊ ‘ဆရာဂျက်ကြီး’ လို့လဲ ခေါ်ဝေါ်ကြလေ့ရှိပါတယ်။
ဆရာဂျက်ကြီးအမှတ်တရအတွက် နိဒါန်းပျိုးဖို့အတွေးငင်လိုက်မိချိန်မှာပဲ၊ ပထမဆုံး ဖျတ်ကနဲသတိရမိလိုက်တာက ကျွန်တော့်အိမ်ခန်းကျဉ်းလေးထဲကို ဆရာဂျက်ကြီး ပထမဆုံးအကြိမ်ရောက် လာခဲ့စဉ်က ရုပ်ပုံပါပဲ။
ဂန္ဒာလရာဇ်နယ်စပ်တနေရာမှာ ကျွန်တော်တို့မိသားစု ငှါးရမ်းနေထိုင်နေရတဲ့ အိမ်ခန်းလေးဟာ လူနေထူထပ်လှတဲ့ရပ်ကွက်ကြီးတခုထဲက ကျဉ်း မြောင်းသေးသွယ်လှတဲ့ လမ်းငယ်လေးတခုရဲ့အဆုံးအဖျားမှာ တည်ရှိနေရာ၊ အဲဒီနေ့က ကျွန်တော်ဟာ ရပ်ကွက်ထိပ်အစကနေ ဆရာဂျက်ကြီးတို့နှစ်ယောက်ကို ကြိုတင်စောင့်ကြိုနေခဲ့ရပါတယ်။ ဆရာဂျက်ကြီးကို လိုက် ပို့မယ့်အဖော်ကလဲ ကျွန်တော့်အိမ်ကိုဝင်ဖူးထွက်ဖူးတဲ့ ကျွန်တော်တို့ ရဲဘော်တယောက်ပါပဲ။ ကျွန်တော်က ဆရာဂျက်ကြီးကို အိမ်မှာ ထမင်းကျွေးချင်တယ်ဆိုလို့၊ ကျွန်တော့်ရဲ့ဖိတ်မန္တကပြုချက်ကို အသိအမှတ်ပြုကာ ဆရာဂျက်ကြီး ရောက်ဖြစ်လာတာဖြစ်ပါတယ်။ 

အဲဒီနေ့က ဆရာဂျက်ကြီးဟာ စိမ်းပြာရောင်ကုတ်အင်္ကျီ ဘောင်းဘီဝမ်းဆက်နဲ့ လည်ပင်းမှာလဲ နက်ကတိုင်ကြီး ဆွဲထားလျက်နဲ့ ရပ်ကွက်ကြို ရပ် ကွက်ကြားကနေ ကျဉ်းမြောင်လှတဲ့လမ်းကြားလေးအတိုင်း၊ ခပ်ထော့ထော့ခြေလှမ်းကျဲကြီးနဲ့ တလှမ်းပြီးတလှမ်း ဝင်လာခဲ့လေရာ၊ မြင်လိုက်ကြရသူ လူကြီးလူရွယ်တွေကသာမက၊ ကလေးသူငယ်တွေကပါ စိတ်ဝင် စားစွာ လှမ်းကြည့်ကြတာ သတိမူမိပါတယ်။ ကျွန်တော်တို့အိမ်အဝင် ဒေါင့်ချိုးအကွေ့က ဧရာမခွေးကြီးတကောင်ကဆိုရင် ရှေ့ဆီထွက်လာပြီး အမြီးတောင် နန့်ပြနေလိုက်သေးတာ တွေ့လိုက်ရသလို၊ ဆရာဂျက်ကြီးကလဲ လက်ညှိုးနဲ့လက်မလေးအသုံးပြု လက်ဖျစ်တီးပြရင်းက ဖျတ်ခနဲ ပြုံးတောင်ပြလိုက်သေးတာလဲ တွေ့လိုက်ရပါတယ်။

ကျွန်တော့်အိမ်ခန်းကျဉ်းလေးထဲကိုရောက်တော့ အိမ်ခန်းထဲက ထမင်းဟင်းပြင်ဆင်နေတဲ့ ကျွန်တော့်ဇနီးသည်ကို သာမက၊ အခန်းထဲက သားနဲ့ သမီးငယ်ကိုပါ ( အခုမှပဲ တွေ့ဖူးမြင်ဖူးတာဖြစ်ပေမဲ့ ) ခင်ခင်မင်မင်ပြုံးပြီး နှုတ်ဆက်လိုက်ပါသေးတယ်။ အဲဒီနေ့က ဆရာဂျက်ကြီးကို ဖိတ်ပြီးကျွေးတဲ့ ကျွန်တော်တို့အိမ်က ညနေစာထမင်းဝိုင်းလေးဟာ အဓိကအားဖြင့်-ဗမာဆန်ဆန်သာမန်ထမင်းဝိုင်းလေးပါပဲ။ ဝက်သားဆီပြန်တခွက်နဲ့ ပဲဟင်း၊ အချဉ်သုပ်၊ အရည်ကျို ငံပိဖျော်- တို့စရာအသီးအရွက်စုံ ထမင်းဝိုင်းလေးပါပဲ။ ကရင်လူမျိုးဖြစ်တဲ့ ဆရာဂျက်ကြီးကို ကျွန်တော်က ‘ကရင်တာလပေါဟင်း’ နဲ့ကျွေးလိုက်ချင်တာဖြစ်ပေမဲ့၊ ( ကျွန်တော်ကိုယ်တိုင်လဲ အင်းစိန် -ခဝဲခြံနဲ့ ဖော့ကန်တဝိုက်မှာ နေထိုင်ကျင်လည်ခဲ့စဉ်က ကရင်တာလပေါဟင်းကောင်းကောင်းကို စားခဲ့ဖူးပြီး၊ ကရင်တာလပေါဟင်းကြိုက်သူ ဖြစ်ခဲ့ပေမဲ့) ဘယ်လိုချက်ရမယ်ဆိုတာ နည်းမှန်လမ်းမှန်မသိတဲ့အတွက် ဗမာပဲဟင်းနဲ့ပဲ ချက်ပြုတ် ဧည့်ခံလိုက်ရပါတယ်။ ဒါပေမဲ့ ဒီဖက်မှာအထိ အောက်ဖက်ကလာတဲ့အရည်ကျိုငံပိစစ်စစ်လေးကိုတော့ ရ အောင်ဝယ်ယူထားနိုင်တာကြောင့်၊ ငံပိရည်ကို သေချာကျို၊ ပုစွန်ခြောက်ကို ညက်ညက်ထောင်းထည့်၊ ငရုတ်သီးမီးဖုတ် ထောင်းထည့်နဲ့ပါ စံမီငံပိဖျော်တခွက်ကိုတော့ ကောင်းစွာဖန်တီးထားနိုင်ခဲ့ပါတယ်။ ငံပိရည်ကျိုနဲ့တို့စားဖို့ ခရမ်းသီးနုနု၊ ရုံးပတီသီး၊ သခွားသီး၊ ဆလတ်ရွက်၊ နံနံ- စတဲ့ တို့စရာမျိုးစုံတွေကိုလဲ ဇလုံနဲ့အပြည့်အမောက် ထည်ခင်းပေးနိုင်ခဲ့ပါတယ်။ ဘယ်လိုကြည့်ကြည့်- ဗမာထမင်းဝိုင်းလေးတခုရဲ့ပုံသဏ္ဍာန်ဟာ အတိုင်းသားသိသာနေခဲ့ပါတယ်။ ဗမာမဆန်တာဆိုလို့- အဆင်ပြေသလို စားလို့သောက်လို့ရအောင် ဇွန်းခရင်းအစုံကိုပါ ထမင်းပန်းကန်လေးတွေဘေး အလိုက်သင့်ချပေးထားတာပဲ ရှိပါတယ်။

ဥရောပတိုက်သားဝတ်စုံပြည့်နဲ့ဆရာဂျက်ကြီးဟာ ကျွန်တော်တို့မိသားစု တည်ခင်းထားတဲ့ထမင်းဝိုင်းမှာ ဘယ်လိုစားသောက်သုံးဆောင်သွားတယ်ထင်ပါသလဲ။စားပွဲဝိုင်းက ခပ်နိမ့်နိမ့်ဖြစ်တာကြောင့် ကြိမ်ထိုးခွေးခြေ ခုံပုလေးပေါ်မှာ သေချာထိုင်၊ အပေါ်က ကုတ်အင်္ကျီကြီးကို ချွတ်ပစ်လိုက်ရင်း အနားက ခုတင်ပေါ်တင်၊ လည်ပင်းက နက်ကတိုင်ကိုလဲ သေချာလျှော့လိုက်ပြီးနောက်  ကျွန်တော့်မိန်းမကို လက်ဆေးဖို့ရေတခွက်လှမ်းတောင်းလိုက်ပါတယ်။ ဇွန်းနဲ့ခက်ရင်းကို ကောက်မကိုင်၊ လက်ကို လက်ဆေးဇလုံရေခွက်ထဲ နှစ်ဆေးလိုက်ပြီးတဲ့နောက် လက်နဲ့ပဲ ထမင်းကို အားရ ပါးရ လွေးပါလေတော့တယ်။ လည်ပင်းက နက်ကတိုင်ကြီးတန်းလန်းနဲ့ ငံပိရည်တွေကို ဆမ်းလိုက်၊ တို့စရာတွေကို အားရပါးရ တို့လိုက်မြှုပ်လိုက်၊ ဝက်သားကိုလဲ အဆီတဝင်းဝင်းနဲ့ ဝက်သားတုံးကိုမှ ရွေးချယ်ဝါးလိုက်နဲ့ လက်နဲ့ပဲ အားရပါးရ ကုန်းလွေးနေတဲ့ ဆရာဂျက်ကြီးရဲ့ရုပ်ပုံဟာ တကယ်ကို မမေ့နိုင်စရာ ရုပ်ပုံပါပဲ။ ဥရောပတိုက်သားဝတ်စုံကို စမတ်ကျကျ ဝတ်ထားပေမဲ့၊ ကရင်ပီပီ ငံပိရည်ကို ရွှဲရွှဲဆမ်းကာ ထမင်းကို လက်နဲ့ပဲ ဆုပ်ဆုပ်ပြီး အားပါးတရမြိန်ရေရှင်ရေ စားသောက်တတ်တဲ့ဆရာဂျက်ကြီးရဲ့ရုပ်ပုံဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို မမေ့စရာရုပ်ပုံတခုပါပဲ။ လူပုံပန်းက ခပ်တုတ်တုတ်၊ နက်ကတိုင်ကြီးက တတန်းလန်းလန်းနဲ့ ထမင်းတွေကို ငံပိရည်ရွှဲရွှဲဆမ်းကာ လက်နဲ့ပဲ အားရပါးရ နယ်ဖတ် ကုန်းလွေးသွားခဲ့တဲ့ ဆရာဂျက်ကြီးရဲ့ထမင်းစားသောက်ပုံကို ကျွန်တော်သာမက၊ ကျွန်တော့်ဇနီးသည်ကပါ အားရကျေနပ် ဝမ်းသာနေခဲ့ပါတယ်။ ဒါကြောင့်လဲ နောက်ပိုင်းမှာ တနှစ်ခြား နှစ်နှစ်ခြားဆိုသလို ဂန္ဒာလရာဇ်တိုင်းဆီ ရောက်ရောက်လာတတ်တဲ့ဆရာဂျက်ကြီးကို ကျွန်တော်နဲ့ဇနီးသည်ကလဲ အကြောင်းအားလျော်စွာ ထမင်းဖိတ်ကျွးလေ့ရှိခဲ့ပါတယ်။ ကျွေးတိုင်းလဲ ငံပိရည်-တို့စရာနဲ့ဝက်သားဆီပြန် (သို့မဟုတ်) ဝက်သားပုန်း ရည်ကြီးဟင်းကတော့ အမြဲပါဝင်လေ့ရှိခဲ့ပါတယ်။ ဆရာဂျက်ကြီးနဲ့အဖော်ပါလာတဲ့ရဲဘော်က- “ ဖထီး…ငံပိရည်နဲ့ဝက်သားအဆီတွေ လျှော့စား၊ တော်ကြာ သွေးတိုးတွေ မတရားတက်နေဦးမယ်..” လို့ပြုံးစစနဲ့သတိပေးတတ်လေရာ၊ ဆရာဂျက်ကြီးကတော့ သူ့ရဲ့ပြုံးတုံ့တုံ့မျက်နှာဝင်းဝင်းကြီးပေါ်မှာ သိသိသာထပ်ပြီး ပြုံးလိုက်ပြန်ရင်း- “ ကိစ္စမရှိပါဘူး၊ ဒီမှာ ဆေးပါတယ်- ဆေးရှိတယ်..” လို့လဲ တုံ့ပြန်ပြောဆိုတာ ကြားရခဲ့ပါတယ်။ တကယ်လဲ ဆရာဂျက်ကြီးဟာ ထမင်းကို အားရပါးရစားသောက်ပြီးတာနဲ့ သူ့အိတ်ကြီးထဲကနေ ဆေးတွေကို ထုတ်သောက်တာ မြင်ရပါလေတယ်။ ဆေးအမျိုးမျိုးပါခဲ့ရာမှာ တခြားဆေးတွေက ဘာတွေပါသေးသလဲ ဆိုတာ မသိလိုက်ရပေမဲ့၊ အဓိကကတော့ သွေးတိုးကျဆေး ပါပါတယ်။ ‘ရုပ်ပျို’ ကတော့ ဆရာဂျက်ကြီးရဲ့အနှစ်သက်ဆုံး လက်ကိုင်တိုင်းရင်းဆေးပါပဲ။ “ ဘာမှ မပူနဲ့၊ ဒီမှာ ရုပ်ပျိုပါတယ်- ရုပ်ပျို ရှိတယ်..” လို့တောင် ပြုံးပြုံးကြီး ပြောလိုက်ပါသေးတယ်။

“ဆရာဂျက်- အဲဒီ ‘ရုပ်ပျို’ က ကျွန်တော်တို့ရွှေဘိုက ရန်ကြီးအောင်လမ်းက ဆေးဗျ ” လို့ကျွန် တော်က ဝင်ပြောမိတော့၊ “ ဟုတ်တယ်-ဟုတ်တယ်-ရွှေဘိုက တိုင်းရင်းဆေး၊ ကျွန်တော်နဲ့အကိုက်ဆုံးက ဒီရုပ်ပျိုပဲ။ 
သွေးတိုးကျဆေးတွေထဲမှာ ကွန်တော်နဲ့အလိုက်ဆုံးပဲ။ ဆေးက တော်တော်အာနိသင်ရှိတယ်ဗျ-” လို့ပြောဆိုရင်း၊ ရုပ်ပျိုဆေးပြား လေးငါးပြားလောက်ကို ကောက်သောက်တာလဲ တွေ့ရပါလေတယ်။
ဝတ်စားဆင်မြန်းထားပုံက ဥရောပတိုက်သားဝတ်စုံနဲ့ တကယ့်ကို ဝတ်စုံပြည့်၊ စမတ်ကျကျ။ ထမင်းစားတဲ့အခါ တကယ်ကိုကြိုက်တတ်တာက ငံပိရည်ကျို၊ တာလပေါဟင်း (သို့မဟုတ်) ပဲဟင်း။ အသားဆိုရင် ဝက်သားမှ သုံးထပ်သား အဆီဝင်းဝင်း။ အဲသလို သူ့စိတ်ကြိုက်ဟင်းနဲ့ထမင်းနဲ့စားပွဲမျိုး ဧည့်ခံပွဲမျိုးဆိုရင် ဇွန်းခက်ရင်းကို ဘေးဖယ်ထား၊ လက်နဲ့ကို နယ်ဖတ်ကာ အားရပါးရ ကုန်းလွေးတတ်ပြီး၊၊ အမြဲဆောင်ထားရကာ သောက်သုံးလေ့ရှိတဲ့ဆေးကျတော့ တိုင်းရင်းဆေး ဗမာဆေး ‘ရုပ်ပျို’ ။ အဲသလို အဲသလိုဖြစ်နေတာကို တွေ့ရမြင်ရလေတော့ ကျွန်တော်တို့မှာ ပြုံးချင်စရာ အံ့သြချင်စရာလဲ ဖြစ်ရသလို၊ ဆရာဂျက်နဲ့ပတ်သက်ပြီး ထူးထူးခြားခြား မှတ်မိစရာ သတိရစရာတွေလဲ ဖြစ်ရပါတယ်။

( ၃ )

ဆရာဂျက်ကြီးနဲ့ ကျွန်တော့်အကြားမှာ မဖြစ်မနေကို ထည့်သွင်းဖော်ပြရမယ့် အမှတ်ရစရာတခုလဲ ရှိပါသေးတယ်။ အဲဒါကတော့- ထိုင်းနိုင်ငံဖက်မှာ ပထမဆုံးအကြိမ် စက်တင်ရိုက်နှိပ်ထုတ်ဝေဖြစ်ခဲ့တဲ့၊ ကျွန်တော့်ရဲ့သမိုင်းစာအုပ်ကြီးဖြစ်တဲ့‘အမှောင်ကြားက ဗမာပြည်’ စာအုပ်နဲ့ပတ်သက်ပြီးတော့ ဖြစ်ပါတယ်။ အဲဒီ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်အကြောင်းကို ပြောမယ်ဆိုရင်၊ အဲဒီတုန်းက ထိုင်းနယ်စပ်ဖက်မှာ နေနေကြတဲ့ ဆရာဂျက်ကြီးနဲ့ ကဗျာဆရာ (မောင်) ‘စွမ်းမြိုင်’ အကြောင်း မပြောရင် မဖြစ်ပါ။ 

လိပ်ပတ်လည်အောင် အကျဉ်းရုံးပြောရမယ်ဆိုရင် ကျွန်တော်ဟာ ၂၀ရာစုနှစ်အကုန်ဖြစ်တဲ့ ၂၀၀၀ ပြည့်နှစ်ကြီး ကုန်ပြီးပြီးချင်း၊(၂၁) ရာစုရဲ့ပထမဆုံးသောနေ့- ၂၀၀၁ ခုနှစ် ဇန်နဝါရီလဆန်း(၁)ရက်နေ့ကစပြီး (၁၉၄၈ မှ ၂၀၀၀ပြည့်အထိအကျုံးဝင်တဲ့ ဗမာပြည်နိုင်ငံ ရေးလှုပ်ရှားမှုသမိုင်းအကျဉ်းစာအုပ်ကြီးဖြစ်တဲ့) ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်ကြီး စတင်ရေးသားပြုစုခဲ့ရာ၊ ၂၀၀၂ ခုနှစ် နိုဝင်ဘာ(၂၀)ရက်နေ့မှာတော့ ပြီးစီးသွားခဲ့ပါတယ်။ ဗလာစာအုပ်နဲ့ပဲ ရေးသားခဲ့ရာ၊ ဗလာစာအုပ်ပေါင်း(၂၀)ကျော်၊ စာမျက်နှာပေါင်း (၁၂၀၀)ကျော် ရှိခဲ့ပါတယ်။ အဲဒီသမိုင်းစာအုပ်ကြီး ရေးပြီးစ သိပ်မကြာမီ ၂၀၀၃ ခုနှစ် ဖေဖေါ်ဝါရီလဆန်းထဲမှာပဲ၊အဲဒီတုန်းက ထိုင်းနိုင်ငံဖက်ခြမ်းမှာ အခြေစိုက်ထားရတဲ့ ဗမာပြည်နိုင်ငံရေးပါတီတခုက ဥက္ကဋ္ဌတယောက်ဟာ ကျွန် တော်တို့ဂန္ဒာလရာဇ်ဖက်ခြမ်းဆီ ရောက်လာတာနဲ့တိုက်တိုက်ဆိုင်ဆိုင် ကြုံရပါတယ်။ ခပ်တိုတိုပြောရရင် အဲဒီပုဂ္ဂိုလက ထိုင်းနိုင်ငံဖက်ခြမ်းမှာ စာအုပ်အဖြစ် ရိုက်နှိပ်ပေးမယ်ဆိုတာကြောင့်၊ ကျွန်တော်ကလဲ ကျွန်တော့်ရဲ့ ‘အမှောင်ကြားက ဗမာပြည်’ သမိုင်းစာအုပ်စာမူကြီးကို မူရင်းလက် ရေးမူအတိုင်း အပြည့်အစုံအစအဆုံး တစုံလုံးကို ဝမ်းပန်းတသာ ထည့်ပေးလိုက်ခဲ့ပါတယ်။ ဒါပေမဲ့ မလိုလဲ လိုလဲအဖြစ်၊ ဗလာ စာအုပ်(၂၀)ကျော်ရှိ စာမူကြီးတခုလုံးကို မိတ္တူကူးဆိုင်မှာ တနေကုန်နီးပါးမျှ အချိန်ကုန်ခံ မိတ္တူဆွဲထားလိုက်ပြီးမှ မူရင်းကိုပဲထည့်ပေးလိုက်ရာ၊ သူက အမြန်ဆုံး စာ အုပ်အဖြစ် ရိုက်ပေးပါ့မယ် လို့ဆိုခဲ့ရင်း ယူဆောင်သွားခဲ့ပါတယ်။ ကျွန်တော့်မှာ တလကြာ ရိုက်ဖြစ်နိုးနိုး၊ နှစ်လကြာ ရိုက်ဖြစ်နိုးနိုးနဲ့ စောင့်လင့်မိခဲ့ရင်း၊ အဲဒီပုဂ္ဂိုလ်ထံကိုလဲ အီးမေးလ်နဲ့အကြိမ်ကြိမ်အခါခါ စာရေးသား မေး မြန်းခဲ့ပါတယ်။ မေးမြန်းတယ်ဆိုရာမှာ သူ့ကိုလဲ အနှောင့်အယှက်ပေးသလို မဖြစ်ရအောင်၊ သခွပ် ပင်က မီးတကျီကျီသဖွယ်မဖြစ်ရအောင် သေချာတွက်ဆပြီး၊ သုံးပတ်ခြား တလခြားလောက်မှတခါ စာရေးသားမေးမြန်းခဲ့ရခြင်းဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးကလဲ အစပိုင်းကာလတွေမှာ “ ဟုတ်ကဲ့၊ မကြာခင်ရိုက်တော့မှာပါ ” “ ဒီတခါ ပိုက်ဆံကျရင် ရိုက်တော့မှာပါ”  “ အခု ကွန်ပြူတာစာစီခိုင်းထားတာ ပြီးတော့မှာပါ..” နဲ့ စသဖြင့် စသဖြင့်နဲ့ ပြန်လည်ဖြေကြားပေးနေခဲ့ရာက နောက် ဆုံးတော့ ဖြေသံကို ပြန်လည်မကြားရတော့ပါ။ ထိုင်းဖက်ကမိတ် ဆွေများထံ ထပ်မံစုံစမ်းကြည့်မိတော့  အဲဒီပုဂ္ဂိုလ်ကျော်ဟာ ထိုင်းနိုင်ငံကနေ အနောက်နိုင်ငံကြီးတခုဆီ မဟာဘွဲ့တဘွဲ့ယူဖို့ဆိုလားမသိ၊ ကျောင်းသွားတက်နေပြီ..ဆိုတဲ့သတင်းသာကြားလိုက်ရပြီး၊ ကာလကြာမြင့်စွာ အဆက် အသွယ်ပါ ပြတ်သွားရပါတော့တယ်။ ကျွန်တော့်ဘက်က အီးမေးလ်နဲ့စာတွေဘယ်လောက် ဘယ်နှကြိမ်ရေးရေး စာပြန်လာခြင်း မရှိတော့ပါ။ သူ့လက်တော့ပ်မှာ ဗမာစာဖောင့် မရှိလို့ပဲ စာမဖတ်နိုင် မပြန်နိုင်တာလိုလို ဘာလိုလိုကြားလိုက်ရပြီး၊ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ဘယ်လောက်တောင်များ အချိန်တွေကုန် အလဟဿဖြစ်သွားခဲ့ရတယ်ထင်ပါသလဲ။ ၂၀၀၃ ခုနှစ်ဖေဖေါ်ဝါရီလဆန်းကတည်းက ပေးလိုက်ခဲ့တဲ့ စာမူကြီးဟာ ၂၀၀၆ ခုနှစ်ဆန်းအထိ ဘာမှမကြားရတော့ဘဲ စုပ်စမြုပ်စဖြစ်သွားခဲ့ရရာ၊ အမှန်အတိုင်းပြောရရင် .. ကျွန်တော် တော်တော်ကို ဒေါသဖြစ်ခဲ့ရသလို၊ မကျေမနပ်လဲ ဖြစ်ခဲ့ရ၊ နာကျင်မှုလဲ ဖြစ်ခဲ့ရ ခံစားခဲ့ရပါတယ်။

(၃) နှစ်ကျော်ကြာ- ၂၀၀၆ ခုနှစ်ထဲလောက်မှာ ဆရာဂျက်ကြီးတယောက် ဂန္ဒာလရာဇ်ဘက်ဆီ နောက်တခေါက် ပြန်ရောက်လာတာနဲ့ကြုံရချိန်မှာ၊ ဆရာဂျက်ကြီးအပြန်မှာ ထိုင်းနယ်စပ်ရှိ ကျွန်တော့်အသိ၊ ကျွန်တော့် မိတ် ဆွေ ကဗျာဆရာလေး (မောင်) စွမ်းမြိုင်ဆီ အဲဒီစာအုပ်အကြောင်းဖြည်ဖြန့်ရှင်းပြတဲ့စာတစောင်ရေးသားပြီး၊ လူကြုံစာအဖြစ် ပေးလိုက်ရ ပါးလိုက်ရပါတယ်။ စာပါအကြောင်းအတိုချုပ်ကတော့ “ ကိုယ့်ရဲ့အဲဒီသမိုင်းစာမူကြီးကို အဲဒီအဖွဲ့အစည်းကရုံးထိုင်နေကြတဲ့ပုဂ္ဂိုလ်များထံ သွားရောက်မေးမြန်းစုံစမ်းကြည့်ပြီး မောင်စွမ်းမြိုင်ကပဲ ပြန်ယူကာ စာအုပ်အဖြစ် ထုတ်ပေးရန်၊ အခက်အခဲရှိမယ်ဆိုရင်တော့ ကော်ပီအုပ်ရေ (၅၀)လောက်ပဲဖြစ်ဖြစ် မိတ္တူဆွဲထားကာ စာအုပ်ပုံစံအဖြစ် လုပ်ဆောင်ပေးထားကူညီပါရန်”ဆိုပြီး အကူအညီတောင်းခံလိုက်တာဖြစ်ပါတယ်။ ဆရာဂျက်ကြီးက ကျွန်တော့်ရဲ့အဲဒီပေးစာကို တခုတ်တရယူဆောင်သွားပြီး မောင်စွမ်းမြိုင်လက်ထဲအထိ ကိုယ်တိုင်ကိုယ်ကျပေးခဲ့ ကူညီခဲ့ပါတယ်။ အဲဒီမှာ မဲဆောက်မှာရှိနေတဲ့ မောင်စွမ်းမြိုင်ကလဲ အဲဒီပုဂ္ဂိုလ်များရဲ့ရုံးအထိ အပင်ပန်းခံလိုက်သွားပြီး လိုက်လံစုံစမ်းကြည့်လိုက်တော့ ကွန်ပြူတာ စာရိုက်ထားတာတွေက တဝက်တပျက်လောက်ပဲ ရှိနေသေးရုံမက၊ စာမူကို ဟိုလူ့ကို သည်လူ့ကို ခွဲပြီး ကွန်ပြူတာစာစီစာရိုက်ခိုင်းထားခြင်းဖြစ်ရာ  စာရိုက်ပေးသူတယောက် နှစ်ယောက်ဆိုရင် ထိုင်းမှာတောင် မရှိတော့ပဲ၊ တတိယနိုင်ငံ ရောက်သွားသူက ရောက်သွားနေပြီ..တဲ့။ သူတို့ရိုက်ထားတာလေးတွေကို ရုံးမှာအပ် ထားတာလေးတွေကို ရသမျှစုစည်းကြည့်လိုက်တော့ စာမူကြီးဟာ မပြည့်မစုံဖြစ်နေကာ၊ လိုတဲ့နေရာက လို၊ ပြတ်တောက်ပြီး အချိတ်အဆက်မမိတဲ့နေရာက မမိ ဖြစ်နေတာ တွေ့ရပါသတဲ့။ အဲဒီအခြေအနေတွေကို ကဗျာ ဆရာမောင်စွမ်းမြိုင်က ကျွန်တော့်ထံ အကုန်အကျခံ အပင်ပန်ခံကာ ဖုန်းဆက်ပြောဆိုလာခဲ့ရာ၊ ပိုမိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးမှာ ကျွန်တော်က “ မောင်စွမ်းမြိုင်ရေ.. ရိုက်ထားပြီးသား ရသလောက်ကို
အကုန်ဆက်ကြည့် စဉ်ကြည့်လိုက်ပြီး ကိုယ့်ဆီသာ တခုလုံးတစုံလုံး ပြန်ပို့လိုက်ကွာ.. လိုတဲ့နေရာ သူတို့ရိုက်မထားဖြစ်တဲ့နေရာတွေကို ကိုယ့်ဆီမှာ ရှိနေတဲ့မိတ္တူရင်းနဲ့ တိုက်ကြည့်စစ်ကြည့်ပြီး၊ အဲဒီနေရာတွေအားလုံးကိုယ် ပြန်ရိုက်ပေးလိုက်မယ်..” ဆိုကာ တကယ်ကို ရင်မောခဲ့ရ ထပ်မံပင်ပန်းခဲ့ရပြန်ပါတယ်။ နောက်ဆုံးမှာ...စာမူတစုံလုံး အပြည့်အစုံ စာရိုက်ပြီးအနေအထားထိ ပြန်ဖြစ်လာခဲ့ရပေမဲ့၊ တချို့နေရာတွေမှာ သတ်ပုံတောင် ပရုဖ်စင်အောင် အချိန်ယူ မစစ်ဆေးနိုင်တော့ဘဲ၊ အချိန်တွေ အများကြီးကြာနေပြီဖြစ်တဲ့အတွက် စာအုပ်ကြီးအမြန်ထွက်ပေါ်လာရေးကိုသာ ဦးစားပေးခဲ့ရ၊ ရိုက်နှိပ်လုပ်ဆောင်ခဲ့ရပါတော့တယ်။ ဒါတောင်- ၂၀၀၇ ခုနှစ် မေလထဲကျမှပဲ ‘အမှောင်ကြားထဲက ဗမာပြည်’ ဟာ စာအုပ်အဖြစ် ဖြစ်လာခဲ့ရပါလေတယ်။ ၂၀၀၂ ခုနှစ် နိုဝင်ဘာမှာ ရေးသားပြီးစီးခဲ့ကာ၊ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီမှာ ထိုင်းဖက်သို့ပေးလိုက်ခဲ့တဲ့စာမူကြီးဟာ ၂၀၀၇ ခုနှစ်မေလထဲကျမှပဲ စာအုပ်ဖြစ်ခဲ့ရပါတယ်။ အချိန်ကာလ (၄) နှစ်ခွဲမျှ ကြာမြင့်ခဲ့ရပါတယ်။ အဲဒီမှာ .. ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်ကြီး အကောင်အထည်ပေါ် ထွက်ပေါ်လာနိုင်ရေးမှာ ဆရာဂျက်ကြီးရဲ့အခန်းဟာ ကျွန်တော့်အတွက် အရေးပါလှသလို၊ ကဗျာဆရာ(မောင်)စွမ်းမြိုင် ရဲ့တာဝန်ယူအပင်ပန်းခံ ကြိုးပမ်းလုပ်ဆောင်ပေးခဲ့မှုတွေဟာလဲ ကျွန်တော့်အတွက်တော့ တကယ်ကို မမေ့စရာပါ။ ဒါကြောင့် စာအုပ်ကြီးထွက်ပေါ် လာတဲ့ အခါ၊ ‘ စီစဉ်သူ၏ စကား’ အဖြစ် မောင်စွမ်းမြိုင်က ဖော်ပြတဲ့အခါ၊ “ ၂၀၀၆ ခုနှစ်ထဲမှာ ဆရာဂျက်ကော့ ကျနော့်ထံသို့ လူကြုံပါးလာတဲ့စာနှင့်အတူ ရောက်ရှိလာပါတယ်။ စာကိုဖတ်ကြည့်လိုက်တော့ ဆရာဝင်းတင့်ထွန်းထံမှ စာဖြစ်ပါတယ်..” နဲ့အစချီ ရေးသားဖော်ပြထားတာလဲ အထင်အရှားပါရှိခဲ့ပါတယ်။ ချုပ်ပြီးပြောရရင် ကျွန်တော့်ရဲ့ ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်ကြီး ထွက်ပေါ်လာရေးမှာ ဆရာဂျက်ကြီးရဲ့စာသယ် ဆောင်သွားကာ မရောက်ရောက်အောင်ပေးပို့ကူညီခဲ့မှုဟာ တော်တော်ကို အရေးပါတဲ့အခန်းက ရှိခဲ့ပါတယ်။ ကျွန်တော့်အပေါ် ဆရာဂျက်ကြီးရဲ့ကျေးဇူး ရှိခဲ့ပါတယ်။ ဒါကို မကြာခဏ အမှတ်ရမိပါတယ်။

စာအုပ်ကြီးထွက်လာပြီဆိုတော့လဲ ဒီစာအုပ်တွေကို ကျွန်တော့်ဆီအထိ၊ကျွန်တော့်လက်ထဲအထိ မရောက်ရောက်အောင်ပထမဆုံးသယ်ယူပေးလာခဲ့သူဟာ ဘယ်သူလို့ထင်ပါသလဲ။ ဆရာဂျက်ကြီးပါပဲ။ တအုပ်တအုပ်နှစ်ဆယ်သား အစိတ်သားနီးပါးခန့်အလေးချိန်တော်တော်စီးလှတဲ့ စာအုပ်ကြီး(၁၀)အုပ်ကို သေသေချာချာထုပ်ပိုးစည်းနှောင်ကာ၊ လေယာဉ်တတန် ကားတတန်နဲ့ ထိုင်းနယ် စပ်ကနေ ဂန္ဒာလရာဇ်နယ်စပ်က ကျွန်တော့်လက်ထဲအထိ အပင်ပန်းခံပြီး တခုတ်တရသယ်ဆောင်ပေးလာခဲ့သူဟာလဲ ဆရာဂျက်ကြီးပါပဲ။ အသက်အရွယ်က ခပ်ထောက်ထောက်မှာ ခြေ ထောက်ကြီးက ခပ်ဆာဆာနဲ့စာအုပ်ထုပ်ကြီးကို အပင်ပန်းခံသယ်ယူလာခဲ့ရှာတဲ့ ဆရာဂျက်ကြီးရဲ့ရုပ်ပုံဟာလဲ ကျွန်တော့်အတွက်တော့ တကယ့်ကို မမေ့နိုင်စရာ လွမ်းမောစရာကျေးဇူးတင်စရာရုပ်ပုံပါပဲ။

( ၄ ) 

အခုတော့ ဆရာဂျက်ကြီး ကွယ်လွန်သွားတာ ရက်ပေါင်း (၁၀၀)ကျော်ပါပြီ။

ဆရာဂျက်ကြီး ကွယ်လွန်သွားရမှုဟာ ကျွန်တော်တို့အတွက်တော့ တကယ်ကိုကြီးမားလှတဲ့ ဆုံးရှုံးမှုပါပဲ။ ဆရာဂျက်ကြီးရဲ့ တသက်တာကို ကြည့်လိုက်မယ်ဆိုရင်- အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့တသက်တာ၊ ပြည်သူလူထုဘက်က ရပ်တည်စွမ်းဆောင်ခဲ့တဲ့ တသက်တာ၊ ဂုဏ် ရောင်ပြောင်တဲ့ တော်လှန်ရေးသမားကြီးတဦးရဲ့တသက်တာဆိုတာ ထင်ထင်ရှားရှားတွေ့ရပါတယ်။

နယ်ချဲ့စနစ်၊ ပဒေသရာဇ်စနစ်နဲ့ဗျူရိုကရက်အရင်းရှင်စနစ်ကို ခါးခါးသည်းသည်း မုန်းတီးရွံရှာခဲ့သူ ဖြစ်သလို၊ စစ်အုပ်စု၊ စစ်အစိုးရနဲ့စစ်အာဏာရှင် စနစ်ကိုလဲ ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ပွဲဆင်သွားခဲ့သူဖြစ်ပါတယ်။
သူဟာ ရိုးသားပွင့်လင်းလှတဲ့ ကရင်မျိုးချစ်တဦးဖြစ်သလို၊ တိုင်းချစ် ပြည်ချစ် နိုင်ငံချစ်သူတဦးလဲ ဖြစ်ခဲ့ပြီး၊ တပြိုင်နက်တည်းမှာ တကယ့်နိုင်ငံတကာ့ဝါဒီတဦး၊ ကွန်မြူနစ်တဦးလဲ ဖြစ်ခဲ့ပါတယ်။
အမှန်တရားအတွက် တိုက်ပွဲဝင်သူတဦး ဖြစ်ခဲ့သလို၊ယုံကြည်ချက်အပေါ် ခိုင်မာမြဲမြံခဲ့သူလဲ ဖြစ်ပါတယ်။
ကျေးဇူးတရားတွေအပေါ် ပြန်လည်သတိရမိရင်း၊ အခုမှပဲ ဆရာဂျက်ရဲ့ရုပ်ပုံလွှာကိုလဲ ရေးသားလက်စသတ်နိုင်ခဲ့ရင်း၊ လေးစားလှစွာ-လွမ်းမောစွာနဲ့ဦးညွှတ်အလေးပြုလိုက်ပါတယ်။

ဝင်းတင့်ထွန်း
၁၈- ၈- ၂၀၂၁

*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက်  တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။

မိုးမခ
-
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar