Breaking News

တင်ဇော်လွင် - စာတွေ ဖတ်နေကြသူများ

တင်ဇော်လွင် - စာတွေ ဖတ်နေကြသူများ

(မိုးမခ) မေ ၂၆ ၊ ၂၀၂၄

စာတွေကို အငမ်းမရ အဖတ်များတဲ့သူတွေကို စာဂျပိုးလို့ ပြောကြလေ့ရှိတယ်။ အင်္ဂလိပ်အသုံး အနှုန်းမှာတော့ Bookworm လို့ သုံးကြတာပေါ့။ စာမဖတ်ရရင် မနေနိုင်တဲ့ လူမျိုးတွေပေါ့။ အဲဒီ အငမ်းမရ စာဖတ်တဲ့ အကျင့်ဟာ ငယ်စဉ်ကတည်းက ပါလာတာမျိုးရှိသလို ကြီးလာမှ တဖြည်း ဖြည်း အကျင့်အဖြစ် အမြစ်တွယ်လာတာမျိုးလည်း ရှိတယ်။ “တွေ့တာကိုသာ အကုန်ဖတ်၊ ဖတ်ရင်း ဖတ်ရင်းနဲ့ စာကောင်းနဲ့ စာညံ့ကို အလိုလို ခွဲခြား အရသာခံတတ်လာလိမ့်မယ်” လို့ ပြောတာမျိုး ရှိသလို “အကုန် လျှောက်ဖတ်နေလို့ မဖြစ်ဘူး၊ ကိုယ့်အတွက် အသုံးဝင်မယ့် စာမျိုးကို ရွေးဖတ်ရတယ်”၊ “စာဖတ်သက် ရင့်လာရင် ဘယ်ဟာမျိုးဟာ အဖိုးတန်စာပေ ဆိုတာ အလိုလို သိလာလိမ့်မယ်” လို့ ပြောကြတာမျိုးလည်း ရှိတယ်။ ကိုယ့်စရိုက် ကိုယ့်အကြိုက် လိုက်ပြီး သန်ရာ သန်ရာ ဖတ်ကြတဲ့အခါ အပျော်ဖတ်၊ အပျင်းပြေ အပေါစားလို့ အခေါ်ခံရတဲ့ အချစ်ဝတ္ထုတွေထဲမှာ (ယုတ်စွအဆုံး) ဖက်ရှင်အကြောင်း၊ ချက်နည်းပြုတ်နည်းအကြောင်းတွေကို (ယူတတ်ရင်) ရနိုင်တာပဲ မဟုတ်လား။ သိုင်းဝတ္ထုတွေထဲမှာလည်း ခုတ်၊ ထစ်၊ ပိုင်းဖြတ်တာတွေကို ဖယ်ပြီး ဖတ်ရင် သစ္စာရှိမှု၊ မိသားစုဂုဏ်၊ အဖွဲ့ဂုဏ်ကို စောင့်ရှောက်မှု စတဲ့ အရည်အသွေးတွေကို မြင်အောင် ကြည့်တတ်ရင် ရနိုင်တာပဲ မဟုတ်လား။

“ဖတ်တာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ စာအုပ် အရွေးမမှားစေနဲ့” ဆိုတာမျိုးလည်း ရှိပြန်သေးတယ်။ လမ်းမှား လမ်းလွဲကို ရောက်သွားမှာ စိုးရိမ်တဲ့ သဘောပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်များတာ ကောင်းတယ်၊ စာဖတ်တဲ့အကျင့် ရှိတာ ကောင်းတယ် ဆိုတာကိုတော့ လက်ခံရမှာပါပဲ။ ကမ္ဘာကျော် ဘယ်သူဌေးကြီးက၊ ဘယ်သမ္မတကြီးက ငယ်ငယ်ကတည်းက ဘယ်လို စာဖတ်ဝါသနာပါတာ ဆိုတဲ့ အကြောင်းတွေ၊ ဘယ်သူကတော့ အညတရ ဘဝကနေ စာတွေ တအားဖတ်၊ တအားသိပြီး ဘယ်လို နာမည်ကြီး ချမ်းသာသွားတယ် ဆိုတဲ့ အကြောင်းတွေကလည်း မှတ်တမ်းဝင်သက်သေ အများကြီး ရှိပြီးသားကိုး။

သေသေချာချာ အနုစိတ်ပြီး တွေးလုံးကလေး ထုတ်ရမယ် ဆိုရင်တော့ ‘သိချင်စိတ်’ ရှိတဲ့သူ (ဝါ) သိချင်စိတ် ပြင်းပြသူတွေမှာ စာဖတ်တဲ့ အကျင့်ဟာ ပိုပြီး အမြစ်တွယ်တယ်လို့ ထင်မိတယ်။

ဆရာဝန်တယောက်၊ အင်ဂျင်နီယာတယောက်အနေနဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ဝမ်းစာ၊ ဘွဲ့၊ ဒီဂရီအတွက် (မဖြစ်မနေ) စာတွေကို ဖတ်ရမှာပဲ။ ကျက်ရမှာပဲ။ အဲဒါကိုတော့ အလွယ်ကလေး လုပ်လိုက်လို့ရတယ်။ ဒါပေမဲ့ ‘ဧရာဝတီ လင်းပိုင်အကြောင်း’၊ ‘ချင်းပြည်နယ်က တောင်ဇလပ်ပင်များအကြောင်း’ တွေကိုတော့ ‘သိချင်တဲ့စိတ်’က သိပ်ပြီး ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာမှသာ ဖတ်ဖြစ်တောိ့မယ်။ အသက်မွေးဝမ်းကျောင်းမှု ကျင်လည်ရာ ပတ်ဝန်းကျင်နဲ့ ဆက်စပ်အကျိုးရှိမှု မရှိတဲ့ အကြောင်းအရာကို သိချင်စိတ်တွေက ပေါ်လာမှာ မဟုတ်ဘူးလေ။ ဖတ်ဖြစ်တော့မှာ မဟုတ်ဘူးလေ။

(ဒီနေရာမှာ ဒီခေတ်ရဲ့ လျင်မြန်ပြီး အမျိုးစုံလှတဲ့ ကမ္ဘာ့မီဒီယာတွေကို ကျေးဇူးတင်ရလိမ့်မယ်။ ကိုယ့်ရဲ့ သိချင်တဲ့ အချက်တွေကို ဖြည့်ဆည်းပေးတဲ့အတွက် သူ မရှိရင် မဖြစ် ဆိုတဲ့ အခြေအနေမျိုး ရောက်နေကြပီ) (သူ့ကို အားကိုးအားထားပြုနေကြရပြီ) ‘သိချင်တဲ့စိတ်’ကလေးကို ဖြည့်ဆည်းပေးလိုက်တဲ့အခါ (ဝါ) စာဖတ်လိုက်တဲ့အခါ ကိုယ့်အတွက် ဘာအကျိုးရှိပါသလဲလို့လည်း မေးခွန်း ထုတ်သင့်သေးတယ် မဟုတ်လား။

အဖြေကတော့ ရှင်းနေပါတယ်။

အဲဒီ ‘သိချင်တဲ့စိတ်’ဟာ ကိုယ့်စိတ်၊ ကိုယ့်ပစ္စည်းလေ။ အဲဒါကြောင့် သူ့ကို ဖြည့်ဆည်းပေးလိုက်တဲ့ အဲဒီဖြည့်ဆည်းခံလိုက်ရတဲ့ ‘အရသာ’ဟာ ကိုယ့်မှာဖြစ်ပေါ်လာပြီလေ။ အဲဒါဟာ ကိုယ့်ရဲ့အကျိုးပဲပေါ့။ မဟုတ်ဘူးလား။ ကိုယ် ထလုပ်လို့ ကိုယ့်မှာ အရင်အကျိုးရှိတာမျိုးပေါ့။ 

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ပြောတာ သွားသတိရမိတယ်။ 

“တပတ်လောက် စာမဖတ်ရဘဲနဲ့ ပြောလိုက်ရတဲ့ စကားတွေဟာ ပေါ့ရွှတ်ရွှတ်ကြီး ဖြစ်နေတယ်” တဲ့။ (စကားလုံး အတိအကျတော့ မဟုတ်ဘူး။)

သူ့စကားအရ ဆိုရင် တပတ်လောက် စာတလုံးမှ မဖတ်ရရင် ‘မနေတတ်၊ မထိုင်တတ်’ ဖြစ်လာတယ် ဆိုတဲ့ သဘောမျိုးပေါ့။

‘အိပ်ခါနီးမှာ စာတမျက်နှာပဲဖြစ်ဖြစ် ဖတ်လိုက်ရမှ အိပ်ပျော်တယ်’ ဆိုတဲ့ လူစားမျိုးမှာ မင်းကိုနိုင် ပါတယ်လို့ ယူဆတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ထောင်ထဲမှာ ၂ နှစ်နီးပါး မတရား ဖမ်းဆီးထားပြီးမှ ပြန်လွှတ်ပေးတာ ခံရတဲ့ စီးပွားရေးအတိုင်ပင်ခံ Sean Turnell က သူ့ရဲ့ အတွေ့အကြုံတွေကို ရေးသာ ထုတဝေခဲ့တာကို ဟိုတလောက ဖတ်လိုက်ရတယ်။ သူ့ကို ဖမ်းလိုက်တဲ့အချိန်မှာပဲ စာအုပ်တွေကို အပါယူသွားဖို့ (မရှိမဖြစ် အသက်ကယ်ဆေးသဖွယ်) ကြိုးစားတောင်းဆိုတဲ့ အကြောင်းကို ရေးထားတယ်။ စာအုပ် မဖတ်ရရင် သူ ဘယ်လို ခံစားရမယ် ဆိုတာကို သူ့ဘာသာသူ သိနေတာမို့။ အလိုအပ်ဆုံးအရာအဖြစ် ထိပ်ဆုံးမှာထားပြီး အဓိက တောင်းဆိုတာ ဖြစ်တယ်။ ထောင်ကျနေစဉ်မှာ စာအုပ်တွေကိုလည်း တဝကြီး ဖတ်ရတာမို့ ‘သူ့ဘဝရဲ့ အဓိကကဏ္ဍကနေ ပါနေရာက အခုတော့ စာအုပ်တွေဟာ သူ့ဘဝရဲ့ ကယ်တင်ရှင်ကြီး ဖြစ်နေပါတယ်” လို့ တိတိလင်းလင်း ရေးပြတာ တွေ့ရတယ်။ စာအုပ် မဖတ်ရရင် သေပါတော့မယ် ဆိုတဲ့သဘောမျိုး။ စာအုပ်နဲ့ ပတ်သက်ရင် အဲဒီလောက် အရေးထားသူတယောက်ကို ထောင်ပြောင်းတဲ့အတွက် ပစ္စည်းတွေ လျှော့ချတဲ့အခါမှာ ထောင်အရာရှိတွေက စာအုပ် ၃ အုပ်တည်းသာ ယူထားဖို့ ခွင့်ပြုတဲ့အကြောင်းလည်း ရေးထားသေးတယ်။

“မသတ်ဘူးလေ၊ စားစရာလည်း ပေးထားတာပဲ၊ စာဖတ်နေဖို့ လိုသေးလို့လား”

“တအုပ်ဆို ရပြီလေ” ဆိုတဲ့ ထောင်အရာရှိတွေရဲ့ ‘နလပိန်းတုံး’ မှတ်ချက်ကိုလည်း ရေးပြထားတယ်။

သူ့ရဲ့ ‘သိချင်စိတ်’ဟာ ဘာသာရပ်မျိုးစုံကို ဖြန့်ကြက်ထားတဲ့အတွက် ဖတ်ခဲ့တဲ့ စာအုပ်တွေဟာလည်း အမယ်စုံလှတယ်။ တချို့ဆို ‘ကြောင် ပုစွန်စား ကျွတ်ကျွတ်ဝါး’သလို အကြိမ်ကြိမ် ဖတ်ခဲ့တဲ့ စာအုပ်တွေလည်း မနည်းလှဘူး။

‘သိချင်စိတ်’ဟ အတိုင်းအဆ မရှိတာမို့ အဲဒီစိတ်နောက်ကို လိုက်ပြီး ဖတ်ခဲ့တဲ့ စာအုပ်တွေကလည်း များသထက် များလာရသပေါ့။

သူ့ရဲ့ စာအုပ်အပေါ် ခင်တွယ်မှုအကြောင်းတွေထဲက (သူ ရေးပြလို့ သိရတဲ့) အချက်ကလေး တခုကတော့ စိတ်ဝင်စားစရာကောင်းလှတယ်။ အဲဒါကတော့-

“ကလေးဘဝကတည်းက စိတ်ကူးကမ္ဘာကလေးထဲကို စာအုပ်ကနေတဆင့် သွားရတာကို ကြိုက် နှစ်သက်ခဲ့တာပါ” တဲ့။

ဒီနေရာမှာ ကလေးဘဝနဲ့စိတ်ကူးကမ္ဘာ ဆက်စပ်အကျိုးပြုပုံနဲ့ လူကြီးဘဝနဲ့ ‘သိချင်စိတ်’ ဆက်စပ်အကျိုးပြုပုံ ကွာခြားတယ်ဆိုတာ စာဖတ်သူတို့ သတိပြုမိကြမယ် ထင်ပါတယ်။

ပျောက်လွယ် ပျက်လွယ်တဲ့ သဘောနဲ့ ရင့်ကျက်ခိုင်မာတဲ့ သဘောကိုလည်း အလွယ်တကူ မြင်မိကြမယ် ထင်ပါတယ်။ အရသာရှိပုံချင်းလည်း ကွာပါတယ်။

ခေတ်ဝန်ကို ထမ်းပြီး ခေတ်လမ်းကို လျှောက်ခဲ့တဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က ထောင်ကျခံနေရတုန်း စာမဖတ်ရတဲ့ ဒုက္ခတွေ၊ ဖတ်ပြီးတဲ့ စာအုပ်တွေအကြောင်း ပြန်ပြောင်းပြောဆိုကြရတဲ့ အရသာတွေကို တခုတ်တရ ပြောခဲ့၊ ရေးခဲ့တယ်။ တခြားဒုက္ခတွေထက် စာမဖတ်ရတဲ့ ဒုက္ခဟာ အတော်ထိချက်နာတယ်ဆိုတာ ပြောခဲ့တယ်။

အရင့်အရင် ခေတ်အဆက်ဆက် ထောင်အဆက်ဆက်မှာ ထောင်နန်းစံခဲ့ရတဲ့ ‘စာဂျပိုးတွေကလည်း ဒုက္ခအပေါင်းထဲမှာ စာမဖတ်ရတဲ့ ဒုက္ခကို အထူးတလည် မှတ်တမ်းတင်ထားတာတွေ မနည်းဘူး။

သူ ငယ်စဉ်တုန်းက ဆုံခဲ့ရတဲ့ မိတ်ဆွေတယောက်ကို စာအုပ် လေးလေး ထူထူကြီးတွေ အမြဲတမ်း ဖတ်နေတာ တွေ့ခဲ့ရပြီး အထင်ကြီးတယ်တဲ့။ နောက်... နှစ်ပေါင်းအတော်ကြာမှ ပြန်တွေ့ကြတော့ အဲဒီမိတ်ဆွေက သေးသေးကွေးကွေးကလေး ဖြစ်နေပြီး စာအုပ်တွေကတော့ အရင်လိုပဲ ထူထူထဲထဲ မြင့်မြင့်မားမား ရှိနေဆဲပဲတဲ့။ (သတင်းသမား စာရေးဆရာ ဆိုတော့ နိမိတ်ပုံပြပြီး ပြောသွားတယ်လို့ ထင်ပါတယ်။)

ဦးဝင်းတင် ဆိုလိုတာကတော့— ကြီးတဲ့အထိ စာအုပ်တွေ’အောက်’မှာပဲ ရှိနေသေးတယ်။ စာအုပ်တွေ ‘အပေါ်’ ခုန်ပျံကျော်မထွက်နိုင်သေးဘူးလို့ ဆိုလိုဟန် တူပါတယ်။ စာအုပ်ကပေးတဲ့ အရသာကို ပုဂ္ဂလိကကိုယ်ပိုင်အဖြစ် သိမ်းထားတာက ပိုအကျိုးရှိမလား၊ လောကပတ်ဝန်းကျင်အတွက် အသုံးပြုဖို့က ပိုအကျိုးရှိမလား။

ကိုယ့်သဘောနဲ့ကိုယ် ဆန်းစစ်ယူကြရန် သင့်ပါတယ်။

ဒီနေရာမှာ တိုင်းတပါးမှာ ရောက်နေကြရှာတဲ့ စာဂျပိုးတွေရဲ့ ခိုးလိုးခုလု ဖြစ်နေရတာလေးတွေကို ဝေမျှရဦးမယ်။ အဲဒါကတော့ စာတအုပ်ကို ဖတ်ပြီးရင် ဝေမျှစရာ မိတ်ဆွေမရှိတဲ့ အချက်ပါပဲ။ စာအုပ်မိတ်ဆွေ ဆိုတာကလည်း ရှားပါး၊ (စာမဖတ်တဲ့ူက ခပ်များများ) စာအုပ်အကြောင်း စား မြုံ့ပြန်ဖို့ ဆိုတာကလည်း မလွယ်။ (သူမအား၊ ကိုယ်မအား) အဲဒီလို နေရာမျိုးမှာ နေရသူတွေအဖို့ ‘တခုခု လိုနေသလို’ ဖြစ်နေကြတယ်။ လူရဲ့ သဘောအရ (စိတ်ရဲ့သဘောအရ) စာတအုပ်ဖတ်လိုက်ပြီးတဲ့အခါ ကိုယ့်စိတ်မှာဖြစ်လာတဲ့ အဲဒီ ‘အရသာ’ကလေးကို တခြားသူတွေဆီကို ‘ထုတ်ပြ’ချင်တယ်လေ။ ‘ဖွင့်အန်’ပြချင်တယ်လေ။ (အဲဒါကမှထပ်ဆင့်တိုးပြီး အရသာကို ရရုံမက၊ ကိုယ့်ရဲ့ ခေါင်းထဲမှာပါ ခိုင်မြဲတဲ့ အဆင့်ကိုပါ တက်လှမ်းသွားမှာကိုး။)

ရွှေပြည်ကြီးမှာတော့ အလွယ်ကလေးပေါ့။ သူငယ်ချင်းတွေ စုံတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်မှာ သူ့အမြင်ကိုယ့်အမြင်ပြောလိုက်ရရင်ပဲ အားလုံး တထိုင်တည်းနဲ့ပြည့်စုံသွားနိုင်တာပေါ့လေ။

(ဘယ်သူမှ အဲဒီစာအုပ်ကို မဖတ်ရသေးရင်တော့ ကိုယ်က အရင် ဂုဏ်ယူစွာ ‘အာ’နိုင်သေးတာပဲ။)

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar