ကျော်ဟုန်း - ဆူး
Art by Than Htay Maung
ဆူး
ကျော်ဟုန်း
(မိုးမခ) မေ ၂၇၊ ၂၀၂၄
မျက်စိမှုန်ပေမယ့်
မလွှဲမရှောင်သာ
အရိုးများတဲ့ ငါးကို
စားနေရတဲ့အခါမျိုးလို။
ဖြစ်ရင် ဖြစ်တယ်လို့မှတ်
ပျက်ရင် ပျက်တယ်လို့မှတ်
ဝိပဿနာဟာ
ပရိယာယ်ကို ရစ်ပတ်ခွင့်မပြုသာ။
ပကတိနဲ့ ဗဟုဝုစ်
စီးချင်းထိုးရတဲ့ပွဲ
သတိနဲ့အသိ အဖြူထည်ကို
ကိုယ်တိုင်အရောင်ဆိုးရရင်း
လေပူတွေ မှုတ်ထုတ်ရတဲ့အခါများ
ငါဟာ ငါမဟုတ်ချင်တော့ဘူး။
ငါဝတ်ဖို့ ချိတ်ထားတဲ့
အင်္ကျီဖြူလေးကို ငေးကြည့်နေမိခဲ့။
၂၄ ၅ ၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar