Breaking News

လက်လွှတ်လိုက်ရတဲ့ မြို့အချို့ ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီ ပြင်ဆင်နေ

⁨⁨⁨⁨⁨မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၃ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨


လက်လွှတ်လိုက်ရတဲ့ မြို့အချို့ ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီ ပြင်ဆင်နေ

၁၀၂၇ စစ်ဆင်ရေး နှစ်ကျော့အတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့တွေထဲက အချို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ တွေ့နေရပါတယ်။ ယမန်နှစ် အောက်တိုဘာ လကုန်ခါနီးက စလို့ စစ်ဆင်ရေး ၁၀၂၇ ပထမအကျော့မှာ ရှမ်းမြောက်ဒေသက လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်လုံ၊ သိန္နီ၊ နမ့်ခမ်း၊ ဖောင်းဆိုင်၊ ဟိုပန်၊ ပန်လုံ၊ ကွတ်ခိုင် အစရှိတဲ့ မြို့တွေကို TNLA နဲ့ MNDAA တပ်ဖွဲ့တွေက အခြားသော ပူးပေါင်းတပ်ရင်းတပ်ဖွဲ့တွေနဲ့ အတူ တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

တဖန် ယခုနှစ် ဇူလိုင်လမှာ ပြန်လည်စတင်တဲ့ ဒုတိယအကျော့ စစ်ဆင်ရေးတွေမှာတော့ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ လားရှိုးမြို့တွေနဲ့ မြို့အလိုက် အခြေပြုထားကြတဲ့ တပ်ရင်းစခန်း၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် တွေ အပြင် တိုင်းစစ်ဌာနချုပ်တခုဖြစ်တဲ့ လားရှိုးမြို့က အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကိုပါ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စစ်ကောင်စီ အနေနဲ့ ၁၉၄၉-၁၉၅၂ ခုနှစ် ပြည်တွင်းစစ် ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးသော စစ်တိုင်းဌာနချုပ်တခု သိမ်းပိုက်ခံရတဲ့ ဖြစ်ရပ်ဖြစ်ပြီး စစ်ကောင်စီ စစ်တပ်အဖို့ ဂုဏ်သိက္ခာအရ ဆုံးရှုံးမှုနဲ့ စိတ်ဓါတ်ရေး အရ ကြီးမားတဲ့ထိခိုက်မှုလည်းဖြစ်ပါတယ်။ ရှမ်းမြောက်ဒေသရဲ့ အုပ်ချုပ်ရေးနဲ့ စီးပွားရေးအရ အချက်အချာကျတဲ့  လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်လွှတ်ဆုံးရှုံးရတာကို စစ်ကောင်စီ အနေနဲ့ ဒီအခြေအနေအတိုင်း လက်ခံဖို့ ခက်ခဲတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

လားရှိုးမြို့ လက်လွှတ်လိုက်ရတဲ့ သြဂုတ်လ ဆန်းကနေ ယခုလက်ရှိ အောက်တိုဘာလဆန်း ၂ လ ကျော်ကာလ အတွင်း စစ်ကောင်စီဘက်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို မိုင်းရယ်မှာ ပြန်လည် ဖွဲ့စည်းထားပြီး ထိုးစစ်ဆင်ဖို့ ပြန်လည်အင်အားဖြည့်နေတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းက တဆင့် လူအင်အားနဲ့ စစ်လက်နက်ခဲယမ်းတွေကို စုဆောင်းပို့ဆောင်နေပြီး လားရှိုးမြို့ကို မကြာခင် ကာလမှာ ပြန်လည်သိမ်းယူဖို့ ပြင်ဆင်နေတာ ထင်ရှားပါတယ်။ MNDAA လက်နက်ကိုင် အဖွဲ့အနေနဲ့  လားရှိုးမြို့မှာ အုပ်ချုပ်ရေး ဖေါ်ဆောင်နေချိန်၊ လားရှိုး၊ သိန္နီမှ တဆင့် တရုတ်နယ်စပ်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းရဲ့ အချက်အချာ ဖြစ်တဲ့ မြို့ကို လက်ဝယ် ထိန်းချုပ်ထားနိုင်ပြီလို့ မှတ်ယူထားချိန်မှာ စစ်ကောင်စီက ပြန်လည်တိုက်ယူဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

လားရှိုးမြို့ခံ လူထုအနေနဲ့တော့ ဇူလိုင်လ တလလုံး နီးပါး မြို့ကို ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း အသက်ဆုံးရှုံးကြရတာ၊ အဲဒီနောက် အများအပြား မြို့ကနေ တိမ်းရှောင်ထွက်ခွာဖို့ အသည်းအသန် လုပ်ဆောင်ကြရသလို အဲဒီနောက် နေအိမ်တွေ လက်နက်ထိမှန်ပျက်စီးတာတွေ ရှိသလို ဖောက်ထွင်းခိုးယူ ခံရတဲ့ အဖြစ်တွေလည်း ကြုံခဲ့ကြရတာ ဖြစ်ပါတယ်။

လားရှိုးမြို့ကနေ လူသောင်းနဲ့ သိန်းနဲ့ချီ ထွက်ခွာကြတဲ့ ကားတန်းတွေ မြင်ကွင်းတွေက ပြီးခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်အတွင်း အကြီးမားဆုံး စစ်ဘေးရှောင် ပြောင်းရွှေ့မှုလို့ ဆိုလို့တောင် ရတဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။ လွိုင်ကော်မြို့ သိမ်းတိုက်ပွဲ ဖြစ်ပွားချိန်ထက် လူဦးရေ ပိုများပြားတဲ့ စစ်ဘေးတိမ်းရှောင်မှုလို့ ဆိုနိုင်ပါတယ်။

တဖန် မြို့မှာ ပြန်လည်နေထိုင်လို့ရပြီလို့ MNDAA က ဖိတ်ခေါ်ချိန် လားရှိုးမြို့ကို ပြန်ပြီးနေထိုင်ကြချိန်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ဗုံးကြဲတဲ့ ဒဏ်တွေကို ခံစားကြရပြန်ပါတယ်။ မြို့နေလူထု အနေနဲ့ မြို့မသိမ်းမီမှာလည်း ထိခိုက်သေဆုံးမှုတွေ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေ ကြုံခဲ့ကြရသလို သိမ်းယူပြီး ပြန်လည်နေထိုင်ချိန်မှာလည်း ထိခိုက်သေဆုံးမှုတွေနဲ့ ထပ်မံကြုံတွေ့ကြရပြန်ပါတယ်။

အခု နောက်တပြန် မြို့ကိုပြန်သိမ်းယူဖို့ စစ်ကောင်စီက ပြင်ဆင်လုပ်ဆောင်နေကြတဲ့ သတင်းတွေက မြို့နေလူထု အဖို့ စစ်ပွဲရဲ့ ရလဒ်ဖြစ်တဲ့ အသက်ဆုံးရှုံးမှု၊ နေအိမ် ပစ္စည်းပျက်စီးဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေ ထပ်မံကြုံကြရမယ့် အရေးကို တွေးကြည့်ရင် ဘယ်လိုမှ ဖြေသာမယ့် အနေအထားမျိုးမဟုတ်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်ထက် ဆိုးရွားတဲ့ စစ်ပွဲတွေ အတွင်း အသက်ဆုံးရှုံး၊ နေအိမ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း ဆုံးရှုံး၊ ချစ်ခင်တဲ့ မိသားစုဝင်တွေ ဆုံးရှုံးရတဲ့ အဖြစ်ဆိုးတွေ ထပ်မံမကြုံတွေ့ချင်ကြတော့တဲ့ သဘော လည်း ဖြစ်ပါတယ်။ တပြန်တလှန် တိုက်ခိုက်မှုတွေ မြို့သိမ်းယူမှုတွေက ဒီဒေသတွေက ဒေသခံ မြို့ခံတွေအဖို့ မပြီးဆုံးနိုင်တဲ့ အိပ်မက်ဆိုးတွေ သဖွယ် ဖြစ်နေတဲ့ အခြေအနေလည်း ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar