Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - မြစ်ဆုံဆည် တကျော့ပြန်ဆောက်လုပ်ရေးကိုကန့်ကွက်ခြင်း - အပိုင်း (၆)

Photo: Credit

 

မြစ်ဆုံဆည် တကျော့ပြန်ဆောက်လုပ်ရေးကိုကန့်ကွက်ခြင်း - အပိုင်း (၆)

ရန်သူတပ်မဟာ တပ်ဖွဲ့ကြီး ၇ ဖွဲ့ကို စစ်သူကြီးကွမ်းယိက ရေလွှမ်းမိုး စစ်ဆင်ရေးဖြင့် အပြတ်အသတ် အနိုင်ယူစစ်ပွဲ 

မန်းဖိုးအေး(ဝါးခယ်မ) 

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၂၆

 


(က) သုံးပြည်ထောင်ဂန္ထဝင်ဝတ္ထုကြီး

ရှေးရှေးကာလတွေမှာတုန်းက ကနေ့တိုင် တွင်တွင်ကျယ်ကျယ် ပြောလေ့ပြောထရှိတဲ့ ဆိုရိုးစကားရှိပါတယ်။

“အင်အားစုတို့ကား—

ကွဲတာကြာက တွဲကြ၏။

တွဲတာကြာက ကွဲကြပြန်၏”

တရုတ်ပြည်သမိုင်းတွင် သမိုင်းကြောင်းရှည်လျားတဲ့ ဟန်မင်းဆက်ကြီး ပြိုကွဲပြီးနောက် စစ်မက်အင်္ဂါရပ်ကြီး ကာလကြာရှည်စွာ ဖြစ်ပွားလေတယ်။ နောက်ဆုံးမှာ တရုတ်ပြည်ရဲ့ မြေနေရာ အင်မတန်ကျယ်ပြောတဲ့ မြောက်ပိုင်းလွင်ပြင်ကြီးကို စစ်ဘုရင်ကြီး ချောင်ချောက်က မင်းဧကရာဇ်ကြီးအဖြစ် ကြေညာပြီး ဝေ့အင်ပါယာကြီးကို တည်ထောင်လိုက်တယ်။

အရှေ့တောင်ပိုင်း ယန်စီမြစ်ဝှမ်းနှင့် ပင်လယ်ကမ်းရိုးတန်းတလျှောက်တွင် စွန်းချွမ်က မင်းဧကရာဇ်အဖြစ် တုန်းဝူအင်ပါယာကြီးကို တည်ထောင်စိုးစံပါတယ်။

ဟန်နောက်ဆုံးမင်းရဲ့ဦးရီးတော် လျူပေ့က လမင်းကို သစ္စာတိုင်၊ သွေးသောက်ညီနောင် ကွမ်းယိ၊ ကျန်းဖှေး၊ စစ်သေနာပတိ ကျူးကို့လျန့် အစရှိတဲ့ မှူးမတ်ဗိုလ်ပါတို့ရဲ့ စွမ်းစွမ်းတမံ ကြိုးပမ်းတိုက်ခိုက်မှုကြောင့် တရုတ်ပြည်အနောက်တောင်ပိုင်း တောင်တန်းနယ်မြေ အများအပြားကို တိုက်ခိုက်သိမ်းပိုက်လေတယ်။ မှူးကြီးမတ်ရာများ၊ တပ်မှူးဗိုလ်မှူးတို့က လျူပေ့ကို ချောင်ချောက်နှင့် စွန်းချွမ်တို့အလား မင်းဧကရာဇ်အဖြစ် ကြေညာပြီး အင်ပါယာနိုင်ငံတော်ကြီး တည်ထောင်စေလိုကြောင်း စစ်သေနာပတိချုပ် ကျူးကို့လျန့်ထံ ချဉ်းကပ်ကြတယ်။ ကျူးကို့လျန့်ကိုယ်တိုင်ကလည်း ထိုသို့သော စိတ်ဆန္ဒ ရှိချေတာကြောင့် အားလုံးစုရုံးလိုက်ကြတယ်။ လျူပေ့ထံ ချဉ်းကပ်လာကြတယ်။ မင်းဧကရာဇ်အဖြစ် စိုးစံဖို့ တညီတညွတ်တည်း တိုက်တွန်းကြတယ်။ လျူပေ့က အများဆန္ဒကို ငြင်းဆန်ပါတယ်။

ထိုသို့ငြင်းဆန်ခြင်းကို ဒေါသကုမ္မာရ ညီတော်ကျန်းဖှေး ဒေါသူပုန်ထ ဇောင်းကြွပါတယ်။ အများဆန္ဒကို သွေဖည်ရကောင်းလားဟု ကြမ်းကြမ်းတမ်းတမ်း စကားလုံးသုံးကာ ပြောချလိုက်တယ်။ လျူပေ့သည်လည်း လူရှေ့သူရှေ့ အများရှေ့တွင် သူ့အားမောက်မောက်မာမာ ဆက်ဆံလေတဲ့ ညီတော်ကျန်းဖှေးအပေါ် မျက်မာန်တော်ရှကာ အရေးယူအပြစ်ပေးစေတယ်။ ဒုတိယညီတော် ကွမ်းယိက ဝင်ရောက်ဖျန်ဖြေစကား ပြောကြားရင်းက ကွမ်းယိသည်ပင် အများဆန္ဒအတိုင်း လျူပေ့ကို မင်းဧကရာဇ်အဖြစ် စိုးစံဖို့ကို တိုက်တွန်းပါတယ်။

အများရဲ့ဆန္ဒကို မျှော်တွေးပြီး လျူပေ့ဟာ စူဧကရာဇ်နိုင်ငံတော်ကြီးအဖြစ် ဖွဲ့စည်းတည်ထောင်လိုက်တယ်။ မင်းဧကရာဇ်အဖြစ် စိုးစံလေတယ်။

မူလအစတွေက လျူပေ့ဟာ မြက်ဖိနပ်၊ မြက်ဖျာ ယက်လုပ်ကာ ဝမ်းရေးကြောင်းရရှာတဲ့ နိမ့်ပါးသူတယောက် ဖြစ်ချေတယ်။ ညီတော်ကွမ်းယိသည်လည်း ပဲတီစိမ်းအရောင်းသမားမျှသာ။ ကျန်းဖှေးကတော့ ဝက်သတ်သမားမျှသာ ဖြစ်ကြတယ်။ သုံးယောက်သား လူသူအတန်အသင့် စုရုံးကာ တပ်ဖွဲ့ငယ်လေးမျှသာ ဖွဲ့စည်းလိုက်ပြီး အခြားအခြားသော တပ်ဖွဲ့စုကြီးရဲ့ လက်အောက်ခံ တပ်ဖွဲ့စုလေးမျှသာ ရှိချေတယ်။ အခုတော့ ယခင်ကထက် တပ်ဖွဲ့အင်အား အတန်ငယ်တောင့်တင်းလာတယ်။ နယ်မြေဒေသ အတန်အသင့် အနိုင်တိုက်ခိုက်နိုင်ရုံလေးမျှသာ ရှိချေတယ်။ ရာရာစစ ဝေ့၊ ဝူ အင်ပါယာကြီးနှင့် ပုခုံးချင်းယှဉ် ဧကရာဇ်နိုင်ငံတော် တည်ထောင်လိုက်ခြင်းကို ချောင်ချောက်နှင့် စွန်းချွမ်တို့ မကြေမချမ်း ဖြစ်ကြလေတယ်။

ဟိုးရှေးယခင်ကာလတွေက လျူပေ့နှင့်ဝူနိုင်ငံ စွန်းချွမ်တို့ဟာ မဟာမိတ်အဖြစ် ပေါင်းစည်းကြကာ ချောင်ချောက်ရဲ့ ဝေ့နိုင်ငံနှင့် စစ်မက်ခင်းကျင်း တိုက်ခိုက်ကြတယ်။

၎င်းတို့နှစ်ဦး သင့်မြတ်စဉ်က ဝူနိုင်ငံဘုရင် စွန်းချွမ်က သူ့ရဲ့ညီမတော်ကို လျူပေ့နှင့် လက်ဆက်စေတယ်။ အခုလျူပေ့က တထီးတနန်း တည်လေတာကြောင့် လျူပေ့ရဲ့မိဖုရား၊ သူ့ညီမတော်ကို စွန်းချွမ်က လျူပေ့မသိရှိရလေအောင် ခိုးကြောင်ခိုးဝှက် ခေါ်ဆောင်သွားပါတယ်။

နောက်ပြီး အကြောင်းအချက်တရပ်က ရှိနေပါတယ်။ နှစ်ဦးသား သင့်မြတ်ကြစဉ်တုန်းက စွန်းချွမ်ဟာ လျူပေ့ ခေတ္တခဏ နေထိုင်ဖို့ သူပိုင်ဆိုင်တဲ့ ကျင်းကျိုးမြို့ကို လျူပေ့ကို ခေတ္တငှားရမ်း စိုးစံစေတယ်။ သို့သော် လျူပေ့က ပြန်လည်ပေးအပ်ခြင်းမပြုဘဲ ကာလရှည်ကြာ သိမ်းပိုက်ထားပါတယ်။ တဦးနှင့်တဦး အဖုအထစ် ဖြစ်ကုန်ကြတယ်။ လျူပေ့နှင့် စွန်းချွမ်တို့ ငြိုးသူရန်ဘက် ဖြစ်ပွားကြတယ်။ မူလရန်ဘက်ဖြစ်တဲ့ စွန်းချွမ်နှင့် ချောင်ချောက်တို့နှစ်ဦးသား မဟာမိတ်တွေ ဖြစ်ကြလေတယ်။

မဟာမိတ်အဖြစ် ပြန်လည်ပေါင်းစည်းကြတော့ တနေ့မှာ ချောင်ချောက်က စွန်းချွမ်ထံ တမန်တော်စေလွှတ်လိုက်တယ်။ လျူပေ့ ပြန်လည်ပေးအပ်ခြင်းမပြုတဲ့ ကျင်းကျိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ဖို့ စွန်းချွမ်ကို ချောင်ချောက်သွေးထိုးပါတယ်။ ထိုသို့ စွန်းချွမ်တပ်ဖွဲ့က ကျင်းကျိုးကို တိုက်ခိုက်ချိန်မှာ ချောင်ချောက်က သူ့ရဲ့အမတ်ကြီး မန်ဖန်ကို အရှေ့ဘက်ကမ်းခြေဒေသတွေဆီ စေလွှတ်လိုက်တယ်။ သတင်းတွေ ဖြန့်လွှင့်လိုက်တယ်။ ဒါကို စွန်းချွမ်က သူ့ရဲ့အမတ်ကြီး ကျန်းကျောက်နှင့် တီတိုးတိုင်ပင်ကြတယ်။ အမတ်ကြီး ကျန်းကျောက် ခွဲခြမ်းစိတ်ဖြာထောက်ပြတာက — “ချောင်ချောက်ရဲ့ ဝေ့နိုင်ငံတော်ကြီးနှင့် ကျွန်တော်မျိုးတို့ ဝူနိုင်ငံတော်ကြီးဟာ မူလက ကြီးမားတဲ့ ရန်ငြိုးရန်စ မရှိပါ။ လျူပေ့တပ်ဖွဲ့ကြီးရဲ့ စစ်သေနာပတိချုပ် ကျူးကို့လျန့် သွေးထိုးမှုတို့ကြောင့် ဝေ့၊ ဝူနှစ်ပြည်ထောင် စစ်မက်တိုက်ခိုက်ကြတာဖြစ်တယ်။ နှစ်ပြည်ထောင် အနှစ်နှစ်အလလ စစ်မက်ခင်းကျင်း တိုက်ခိုက်ကြတယ်။ နှစ်နိုင်ငံပြည်သူပြည်သားတွေ အတိဒုက္ခ ရောက်ကြရတယ်။ အခု ချောင်ချောက်ရဲ့စေတမန် မန်ဖန် သံခင်းတမန်ခင်း ရောက်လာချေပြီ။ ကျွန်တော်မျိုးတို့ နှစ်ပြည်ထောင် ပြန်လည်ကာ သင့်မြတ်ရေးအတွက် လာရောက်ခြင်းဖြစ်တယ်။ အရှင်မင်းမြတ်က အရေးတယူ တွေ့ဆုံသင့်ပါတယ်အရှင်”

ဒီလိုနှင့် ဝေ့ – ဝူ နှစ်နိုင်ငံ ပေါင်းစည်းလိုက်တယ်။ ဝေ့နှင့်ဝူ ပေါင်းစည်းလိုက်ပြီး လျူပေ့ စူနိုင်ငံတော်ကြီးရဲ့ ဟန့်ချွမ်းကို ဝူ – ဝေ့ နှစ်နိုင်ငံ နှစ်ဖက်ညှပ် တိုက်ခိုက်ကြတယ်။ အကယ်၍ ဟန့်ချွမ်းမြို့ ကျသွားတာနဲ့ ဝေ့နှင့်ဝူတို့က နှစ်နိုင်ငံ ခွဲယူကြမှာဖြစ်တယ်။ သူတို့နှစ်ဦးရဲ့ မြေစမ်းခရမ်းပျိုး သံခင်းတမန်ခင်း စီစဉ်ခင်းကျင်းခြင်းသာ ဖြစ်တယ်။ လက်တွေ့ဗျူဟာ ခင်းကျင်းမှုကို ကြည့်ကြပါစို့။

စွန်းချွမ်ရဲ့အမတ်မင်းက ၎င်းရဲ့အစီအမံကို စွန်းချွမ်ကို ချပြလိုက်တယ်။ မြစ်ကူးပြီး ကွမ်းယိနှင့်တွေ့ဖို့ စေတမန်ကို စေလွှတ်လိုက်တယ်။ ကွမ်းယိရဲ့ လှုပ်ရှားမှုကို အကဲခတ်တယ်ဆိုပြီး အမတ်ကြီး ကျူးကို့ကျွင် အကြံပြုတယ်။ 
“ကွမ်းယိဟာ ကျင်းကျိုးဆီ ရောက်ရှိပြီးနောက် လျူပေ့က ညီတော်ကွမ်းယိကို အိမ်ထောင်ရက်သား ချထားလိုက်တယ်။ အဲဒီမှာ သားတယောက် သမီးတယောက် ထွန်းကားတယ်။ သမီးတော်က အိမ်ထောင်ရက်သား မရှိသေးပါ။ ဘုရားကျွန်တော်မျိုး ကွမ်းယိထံပါး သွားရောက်တွေ့မယ်။ အရှင့်ရဲ့ အိမ်ရှေ့စံသားတော်နှင့် ကွမ်းယိသမီးတော်တို့ လက်ဆက်လိုကြောင်း နားဖောက်မယ်။ အကယ်၍ ကွမ်းယိကသာ သူ့သမီးနှင့် အရှင့်သားတော် နှစ်ပါးကြည်ဖြူ လက်ဆက်တော်မူလိုက်တယ်ဆိုရင်ဖြင့် ဘုရားကျွန်တော်မျိုးတို့က ဝူနှင့်စူ နှစ်ပြည်ထောင် ပေါင်းစည်းလိုက်မယ်။ ချောင်ချောက်ရဲ့ဝေ့ကို တိုက်မယ်။ အကယ်၍များ ကွမ်းယိက လက်သင့်မခံဘဲ ငြင်းဆန်ရင်ဖြင့် ကျွန်တော်မျိုးတို့ ဝူနိုင်ငံတော်ကြီးက ချောင်ချောက်ရဲ့ ဝေ့နိုင်ငံနှင့် ပေါင်းစည်းလိုက်မယ်။ လျူပေ့၊ ကွမ်းယိ၊ စူကိုတိုက်မယ်” ကျူးကို့ကျွင်ရဲ့ အကြံပြုချက်ကို ဧကရာဇ်မင်း စွန်းချွမ်က မှူးမတ်ဗိုလ်ပါတို့နှင့် ညှိနှိုင်းတိုင်ပင်ပါတယ်။ နောက်ဆုံးမှာ အမတ်ကြီး ကျူးကို့ကျွင် အကြံပြုတိုက်တွန်းချက်ကို သဘောတူကြပါတယ်။

ချောင်ချောက် စေလွှတ်တဲ့ တမန်တော် မန်ဖန်ကို ပြန်စေပြီးနောက်မှာ စွန်းချွမ်က အမတ်ကြီး ကျူးကို့ကျွင်ကို ကွမ်းယိရှိရာ ကျင်းကျိုးကို စေလွှတ်လေတယ်။ တွေ့ကြရာမှာ ကျူးကို့ကျွင်ကို ကွမ်းယိက — “အဘယ်မည်သောအရေးအရာကြောင့် လာရောက်ချေသလဲ” မေးမြန်းလိုက်တယ်။

ကျူးကို့ကျွင် ရယ်ကာမောကာ ပြောလိုက်တယ် — “နှစ်ဦးနှစ်ဖက် ရွှေလမ်းငွေလမ်းဖောက်ရေး ကျွန်တော်မျိုး လာရောက်ရခြင်းဖြစ်ပေတယ် အရှင်စစ်သူကြီး”

ကွမ်းယိက – “အလို အသူနှင့် အသူ လက်ထပ်မင်္ဂလာအရေးဖြင့် အောင်သွယ်တော်အဖြစ် လာရောက်ချေတာလဲ” မေးခွန်းထုတ်လိုက်ပြန်တယ်။

ကျူးကို့ကျွင် လိုရင်းတိုရှင်း ခပ်ဘွင်းဘွင်းဖြင့် ဖွင့်ဟလေတယ်။ 
“အရှင်စစ်သူကြီး၏ ချစ်မငြီးတဲ့ သမီးတော်နှင့် ကျွန်တော်မျိုးရဲ့ အရှင်သခင် စွန်းချွမ်ဧကရာဇ်မင်း၏ အိမ်ရှေ့ရာထား သားတော်နှင့် စုလျားရစ်ပတ် မင်္ဂလာအရေးပါ စစ်သူကြီး”

စစ်သူကြီး ကွမ်းယိ ဆင်ခြင်တွေးဆလိုက်တယ်။ ရှေးအရင်အခါက စွန်းချွမ်က သူ့ရဲ့ ချစ်မငြီးတဲ့ ညီမတော်နှင့် ငါ့ရဲ့နောင်တော် လျူပေ့နှင့် လက်ဆက်စေတယ်။ မည်သို့သော အကြောင်းအချင်း မရှိချေဘဲ သူ့ညီမတော်ကို တိုးတိုးတိတ်တိတ် ခိုးဝှက်ခေါ်ဆောင်သွားပါတယ်။ ဘယ်နည်းနှင့်မျှ အခဲမကြေနိုင်ချေ။ ထိုထိုသောအကြောင်းချင်းအရာကို တွေးဆလိုက်တယ်။ တွေးလေတွေးလေ မခံချင်စဖွယ် ဒေါသမုန်တိုင်း ပေါက်ကွဲလေတယ်။ စွန်းချွမ်ကို နင်ပဲငဆ ခိုင်းနှိုင်းဆဲဆိုလိုက်တယ်။ အောင်သွယ်တော် ကျူးကို့ကျွင်ကို ဆဲဆိုရိုက်နှက် နှင်ထုတ်လိုက်တယ်။

ကျူးကို့ကျွင်ဟာ စွန်းချွမ်ကို အပြည့်အစုံ သံတော်ဦးတင်လေတယ်။ စွန်းချွမ် အမျက်ချောင်းချောင်းထလေတယ်။ မှူးမတ်ဗိုလ်ပါတို့နှင့် ကျင်းကျိုးကို စစ်ချီတက်ရေး ဆွေးနွေးကြတယ်။ အမတ်ကြီး ပုကျူး အကွက်အကွင်း ချပြလိုက်တယ်။

“အခု ချောင်ချောက်က သူတို့ရဲ့သားတော် ချောင်လင်ကို ရှန်ယန့်၊ ဖန်ချဲန်မြို့တွေမှာ တပ်ဖြန့်ချထားစေတယ်။ ထိုမြို့တွေက ကျင်းကျိုးနှင့်က မဝေးကွာလှပါ။ မြစ်ကြောင်းဖြတ်ကူးရန်လည်း မလိုပါ။ မြေပြင်ကုန်းလမ်းကြောင်းဖြင့် ကျင်းကျိုးကို လွယ်လင့်တကူ သိမ်းပိုက်နိုင်ပါတယ်။ ဒါလောက်ချောမွေ့ပါလျက်နှင့် ချောင်ချောက်တပ်ဖွဲ့ မလှုပ်မရှား ငြိမ်သက်နေရတာပါလိမ့်။ ဒါဟာ အရှင်မင်းကြီးက ကျင်းကျိုးကို တိုက်ခိုက်စေတာပါ။ ချောင်ချောက်က အသာခိုပြီး ငြိမ်ကုပ်နေမယ်။ ဒါဟာ ရိုးသားမှုမဟုတ်ဘူးလို့ သုံးသပ်မိပါတယ်။ ဒီတော့ အရှင်မင်းမြတ်က ချောင်ချောက်ဆီ သံတမန်စေလွှတ်စေချင်တယ်။ ချောင်လင်ကို ကုန်းလမ်းခရီးဖြင့် ကျင်းကျိုးကို အရင်စစ်ချီတိုက်ခိုက်စေတယ်။ ဒီတော့မှ ကွမ်းယိက ကျင်းကျိုးမှာ တပ်စွဲထားတဲ့ သူ့တပ်ကို ခွဲထုတ်လိုက်ပြီး ဖန်းချဲန်ကို တိုက်လိမ့်မယ်။ ဒီအချိန်မှာ ကျွန်တော်မျိုးတို့အတွက် အခွင့်ကောင်းယူပြီး အငိုက်မှာ ကျင်းကျိုးကို တိုက်လိုက်သိမ်းပိုက်လိုက်မယ်။

လျူပေ့နှင့် ကျူးကို့လျန့်တို့က ချောင်ချောက်နှင့် စွန်းချွမ်တို့ ပေါင်းစည်းလိုက်တယ်။ ကျင်းကျိုးကို တိုက်ခိုက်သိမ်းပိုက်မဲ့ စစ်ဆင်ရေးကို တွက်ဆမိပြီး ဖြစ်တယ်။ ကျူးကို့လျန့်က — “ဒီအခင်းအကျင်းကို ကျွန်တော်မျိုး ကြိုတင်တွက်ဆပြီး ဖြစ်တယ်။ စွန်းချွမ်မှာ အကြံဉာဏ်ပေးတဲ့ မှူးမတ်တွေ များပြားလှတယ်။ ၎င်းတို့က ချောင်လင်ကို တပ်အရင်ထွက်စေတယ်”

လျူပေ့က ကျူးကို့လျန့်ကို မေးမြန်းလိုက်တယ် — “စစ်သေနာပတိကြီးက ဘယ်လိုမျိုးဗျူဟာ ခင်းချေမလဲ”

ကျူးကို့လျန့်က— “စစ်သူကြီး ကွမ်းယိကို တပ်ဦးအဖြစ် ချီတက်စေတယ်။ လက်ဦးမှုယူပြီး ဖန်ချဲန်ကို အရင်ဆုံးသိမ်းလိုက်မယ်။ တဖန် သိမ်းပိုက်ရရှိတဲ့ ဖန်ချဲန်ကို အပိုင်အနိုင် ထိန်းသိမ်းထားမယ်။ ရန်သူ့တပ်ဖွဲ့ တုန်လှုပ်ခြောက်ခြားသွားမယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးရဲ့ပူးပေါင်းခြင်းကို အလိုအလျောက် ပြိုကွဲသွားမယ်။

ကွမ်းယိက လျောင့်ဟွကို ရှေ့တန်းတိုက်စစ်မှူးအဖြစ် ချီတက်စေတယ်။ ကွမ်းဖိန်ကို လက်ထောက်တပ်မှူး ခန့်အပ်လိုက်တယ်။ မာလျံ၊ ယီကျိကို တပ်အကြီးအကဲ ခန့်အပ်လိုက်တယ်။ တပ်ဗိုလ်တပ်မှူး အသီးသီးတို့က ကိုယ့်ရဲ့တပ်ကို ကိုယ်ပိုင်အနိုင်ဦးဆောင်ပြီး ရှန်ယန်ဆီ စစ်ချီလေတယ်။

ရှန်ယန်မှာ တပ်စွဲထားတဲ့ ချောင်လင်ဟာ ကွမ်းယိတပ်ဖွဲ့ကြီး စစ်ချီလာတဲ့သတင်း ကြားလိုက်တာနဲ့ တုန်လှုပ်ခြောက်ခြားလေတယ်။ မြို့တံခါးကို အခိုင်အမာအသေပိတ်ထားဖို့သာ အမိန့်ပေးလိုက်တယ်။

သူ့ရဲ့လက်ထောက်တပ်မှူး ဗိုလ်ဇိုက်ယွမ်က တင်ပြတယ်— “ကနေ့လိုအချိန်မှာ ဝေ့ဘုရင် ချောင်ချောက်က အရှင့်ကို တုန်းဝူ စွန်းချွမ်မင်းမြတ်တပ်နှင့် ချိန်းချက်တွေ့ဆုံကြမယ်။ နှစ်ဖွဲ့ပူးပေါင်းပြီး ကျင်းကျိုးကို တိုက်ယူကြမယ်။ ကွမ်းယိ ခုလိုလာနေတာက သူ့သေတွင်းသူတူးတာပဲ။ ကျွန်တော်မျိုးတို့ စိုးရိမ်ကြောက်ရွံ့စရာ မလိုပါ”

စစ်ကဲကြီး မန်ဖန်က ပြောပါတယ်— “ကွမ်းယိဟာ ရဲစွမ်းသတ္တိရှိသလို ကြံရည်ဖန်ရည်လည်း ရှိတယ်နော်။ ပေါ့တီးပေါ့ဆ တိုက်လို့မရဘူး။ ကျုပ်သဘောကတော့ မြို့တံခါးကို အခိုင်အမာပိတ်ထားခြင်းဗျူဟာကို သုံးမယ်”

ရဲရင့်တဲ့ ဗိုလ်ချုပ် ရှဟိုချွင်က မန်ဖန်ရဲ့ အယူအဆကို ငြင်းဆိုလိုက်တယ်— “စစ်ကဲကြီး မန်ဖန်ရဲ့စကားက စာသမားပေသမားတို့ရဲ့ အဆိုအမိန့်တို့သာ ဖြစ်တယ်။ ဘာတဲ့ — တပ်သားလေးများလာချေက တပ်ဗိုလ်တပ်မှူးတို့ဖြင့် ဟန့်တား။ သီတာရေလွှာ လာချေက မြေလွှာအမာနှင့် ဖုံးအုပ်တား၊ ကျုပ်တို့တပ်ဖွဲ့ကြီးက ကောင်းကောင်းအနားယူကြမယ်။ ရန်သူတပ်ဖွဲ့ မောပန်းချေမယ်။ အသာအယာလေး စောင့်ဆိုင်းကြမယ်။ ရန်သူကို အသာတကြည် ဖြုတ်မယ်”

နှစ်ဖက်တပ်ဖွဲ့ အချေအတင်ငြင်းခုန်ကြတယ်။ နောက်ဆုံးမှာ ချောင်လင် ဆုံးဖြတ်ချက်ချလိုက်တယ်။

”ကဲ ငြင်းခုံမနေကြနဲ့တော့။ ကျုပ် ဆုံးဖြတ်ချက်ချမယ်။ မန်ကြီးကြပ်ရေးမှူးက ဖန်ချဲန်မြို့ရိုးကို စောင့်ကြပ်။ တပ်ဖွဲ့ကြီးကို ကျုပ် ဦးဆောင်မယ်၊ မြို့ပြင်ထွက် ရန်သူနှင့်ရင်ဆိုင်မယ်”

ချောင်လင် မြို့ပြင်ထွက်တိုက်မယ့်သတင်း ကွမ်းယိ ကြားသိလိုက်တယ်။ ကွမ်းဖိန်နှင့် လျောင့်ဟွတို့ကို သူ့ရှေ့မှောက်ဆီ ခေါ်ငင်လိုက်တယ်။ အရေးပါအချက်အလက်ကို မှာကြားလိုက်တယ်။ နှစ်ဦးသား မှာကြားချက်အတိုင်း တသဝေမတိမ်း ဆောင်ရွက်ဖို့ကို အထူးတလည် မှာကြားလိုက်တယ်။

တပ်ဖွဲ့နှစ်ဖွဲ့၊ မြို့ပြင်မှာ ဖြန့်ကြက်လိုက်တယ်။ ကွမ်းယိရဲ့တပ်မှူး လျောင့်ဟွက စီးတော်မြင်းကို နှင်တံအသာတို့လိုက်တယ်။ တိုက်ဖို့ရန် စိန်ခေါ်လိုက်တယ်။ တဖက် တိုက်စစ်မှူး ဗိုလ်ဇိုက်ယွမ် ရင်ဆိုင်ဖို့ ထွက်လိုက်တယ်။ နှစ်ဦးသား အပြိုင်အဆိုင် တိုက်ခိုက်ကြတယ်။ ကွမ်းယိဘက်က ဗိုလ်လျောင့်ဟွ၊ ရှုံးနိမ့်ဟန်ဖြင့် မြင်းဇက်ကြိုးကို နောက်ဘက်ဆီ လှည့်လိုက်တယ်။ အပေါ်စီးရခိုက် ဗိုလ်ဇိုက်ယွမ်က နောက်က အပြင်းအထန်လိုက်တာမှာ ၂၀ လီ (မိုင်) အရောက်မှာ ပြန်လှည့်ပါတယ်။

နောက်တနေ့ ဗိုလ်လျောင့်ဟွ မြို့ရိုးတံခါးရှေ့ ရောက်လာပြန်တယ်။ စိန်ခေါ်ပြန်တယ်။ ချောင်ချောက်ဘက်က ဗိုလ်ရှဟိုချွင်နှင့် ဗိုလ်ဇိုက်ယွမ်တို့ နှစ်ဦးသားပြိုင်တူ ထွက်လာကြ၊ တိုက်ခိုက်ကြတယ်။ တိုက်ခိုက်မှုတို့ ပြင်းထန်လှတယ်။ ဗိုလ်လျောင့်ဟွ မြင်းဇက်ကြိုးကို ရုတ်တရက်တုန့်ခနဲ ဆွဲတင်းလိုက်တယ်။ တိုက်ပွဲစည်းထဲက ဒုန်းစိုင်းထွက်လိုက်တယ်။ အသာစီးရနေတဲ့ ရှဟိုချွင်နှင့် ဇိုက်ယွမ် အခွင့်အလမ်းကို လက်လွတ်မခံနိုင် ၂၀ လီ (မိုင်) ခရီးနောက်က အပြင်းလိုက်ကြတယ်။

ထိုစဉ် ရှဟိုချွင်နှင့် ဇိုက်ယွမ်တို့ဟာ သူတို့ရဲ့ နောက်ကျောဘက်ဆီက တုန်လှုပ်ချောက်ချားဖွယ်သော ”သတ်ဟေ့ ဖြတ်ဟေ့” ဟစ်အော်သံတို့ ရုတ်ခြည်း ထွက်ပေါ်လာတယ်။ စစ်ပွဲကို စီစဉ်ညွှန်ကြားနေတဲ့ ချောင်လင်ဟာ အခြေအနေ မဟန်ကြောင်း ရိပ်စားမိတယ်။ ရှေ့တန်းတိုက်စစ်အား အလျင်အမြန် ပြန်ဆုတ်ရန် အရေးပေါ်အမိန့်ချလိုက်တယ်။

ထိုစဉ်အခိုက်အတန့်မှာ ကွမ်းဖိန်က တဦးတယောက်တည်း ထွက်လာတာကို တွေ့မြင်လိုက်ရတယ်။ ရှေ့ကထွက်ပြေးတဲ့ လျောင့်ဟွက မြင်းဇက်ကြိုးကို ပြန်လှည့်လိုက်တယ်။ ရှေ့နောက် ညှပ်ပူးညှပ်ပိတ်အနေအထားကြောင့် ချောင်ချောက်တပ်ဖွဲ့ကြီး တပ်ပျက်လေတယ်။

မိမိရဲ့တပ်ဖွဲ့ကြီး ရန်သူဆင်ကွက်ထဲ ဆိုက်ရောက်နေပြီကို ချောင်လင် သိမြင်လိုက်တယ်။ အဆောတလျင်ပဲ မြင်းကို ဇက်ကြိုးအကုန်အစင် တင်းလိုက်တယ်။ ရှန်ယန်မြို့ဆီ အပြင်းနှင်လိုက်တယ်။ သွားရမည့်မြို့နှင့် ဘယ်နှလီ (မိုင်) မျှ အလှမ်းမကွာဝေးတော့ပါ။ မြို့ဘက်ဆီက ဖုန်လုံးကြီးတို့ ထောင်းထောင်းထနေတာကို မြင်တွေ့ရပြန်တယ်။ တံခွန်ကုက္ကားတို့ပါ လေမှာတလူလူလွင့်လို့နေတယ်။ တပ်ဖွဲ့ကြီးရဲ့ရှေ့ဆုံး ထိုးဖောက်ထွက်ပေါ်လာတာကတော့ မျက်နှာနီနီ၊ မုတ်ဆိတ် ပါးသိုင်း အကျအနရှည်လျားတဲ့ တပ်မှူးကြီးတယောက်၊ ရှည်လျားတုတ်ခိုင်တဲ့ ဓားမောက်ကြီးကို ဆုပ်ကိုင်ကာ မားမားမတ်မတ် တောင့်တောင့်ကြီး ရပ်နေပါတယ်။ သူ ရင်ဆိုင်နေရသည်က ကွမ်းယိမှန်း ချောင်လင် သိလိုက်လေတယ်။ ခန္ဓာတခုလုံး တုန်ရီလာတယ်။ ဘယ်နည်းနှင့်မျှ ကွမ်းယိနှင့် ရင်ဆိုင်တိုက်ကြည့်ဖို့ မဝံ့ချေ။ မညီမညာ ရွဲ့စောင်းစောင်း လမ်းသွယ်လမ်းမြှောင်ကနေ ဖန်ချဲန်ဆီ ဦးတည်ထွက်ပြေးလေတယ်။ ကွမ်းယိလည်းပဲ နောက်က ပြေးမလိုက်ချေ။ ချောင်လင်ကို လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးစေတယ်။

တဒင်္ဂအချိန်တိုလေး၊ ရှဟိုချွင် တပ်ကို ဦးဆောင်ဆိုက်ရောက်လာတယ်။ ကွမ်းယိကို မြင်တွေ့လိုက်တယ်။ မြင်းကို အပြင်းနှင်ကာ ကွမ်းယိဆီ ထိုးတက်လာတယ်။ တချီတမောင်းလေးသာ တိုက်ရရှာတယ်။ ကွမ်းယိက ဓားကို တချက်မျှသာ ဝင့်လိုက်တယ်။ ရှဟိုချွင်ဟာ ဓားချက်ထိမှန်ကာ မြင်းထက်ဆီက အရုပ်ကြိုးပြတ် ကျဆုံးလေတယ်။

ဇိုက်ယွမ်လည်းပဲ ရှဟိုချွင် မရှုမလှ ကျဆုံးတာကို တွေ့လိုက်ရတယ်။ မဟန်မှန်း သိတာကြောင့် ထွက်ပြေးမယ် ပြင်လိုက်တယ်။ ကွမ်းဖိန် ရုတ်တရက် ရောက်ရှိလာတယ်။ အတင်းပြေးလိုက်တယ်။ ဝေးဝေးလံလံ မပြေးရပါ။ ကွမ်းဖိန်နောက်က အမီလိုက်လာတယ်။ ဆုပ်ကိုင်ထားတဲ့ ဓားမောက်ရှည်ကြီး တချက်ဝှေ့ယမ်းလိုက်တယ်။ ဇိုက်ယွမ် ခန္ဓာကိုယ် နှစ်ပိုင်း တိခနဲ ပိုင်းပြတ်သွားတယ်။

ချောင်ချောက်တပ်ဖွဲ့ကြီးက သူတို့ရဲ့တပ်မှူးကြီးနှစ်ယောက် မရှုမလှ ကျဆုံးတာကို အထင်အရှား တွေ့မြင်လိုက်ကြတယ်။ ကယ်ပါ ယူပါ တစာစာ အော်ဟစ်ဆုတ်ခွာ ပြေးကြတယ်။ တပ်သားချင်း တိုက်ကြဝှေ့ကြ၊ မြင်းခွာတို့ရဲ့အောက်မှာ တလိမ့်ခေါက်ကွေး နင်းခံကြရသဖြင့် တပ်ပျက်ချေတယ်။

ကွမ်းယိနှင့် ကွမ်းဖိန် သားအဖတို့နှစ်ဦးသား ကြောက်လန့်တကြား အသက်လု ပြေးလွှားကြတဲ့ ရန်သူတပ်ဖွဲ့နောက်ကို အပြေးနှင်ဒုန်းစိုင်း လိုက်လေတယ်။ ရန်သူ့တပ်သားအချို့တို့ကား ခုတ်ခံ၊ သတ်သေကြရတယ်။ အချို့တို့ကား မြင်းခွာအောက်တွင် နင်းခံ၊ အပေါက်ခံ အသက်ထွက်ကြရတယ်။ နောက်ထပ်အချို့အချို့သူတို့ခမြာ ရှန်းကျန်းမြစ်ရေပြင်ဆီ ဦးတည်ပြေးလွှားကြတယ်။ ပြေးပေါက်လမ်း မရှိလေတာကြောင့် မြစ်ရေထဲ ခုန်ချ၊ ရေနစ်သေကြရတယ်။

စစ်ရှုံးတပ်မှူးချုပ်ကြီး ချောင်လင်ဟာ စစ်ရှုံးတပ်ဗိုလ်၊ တပ်မှူး၊ တပ်သားတို့ကို ဦးဆောင်လိုက်တယ်။ ဖန်ချဲန်မြို့ဆီ ဆုတ်ခွာလိုက်တယ်။ မြို့တွင်းသို့ ရောက်တာနှင့် မြို့ရိုးတံခါးမကြီးကို အခိုင်အမာ အလုံအခြုံ ပိတ်လိုက်တယ်။ ကွမ်းယိတပ်ဖွဲ့ မည်မျှပင် တိုက်မယ်၊ ခိုက်မယ် စိန်ခေါ်ပေမဲ့လည်း လုံးဝထွက်မတိုက်ချေ။

ရှန်ယန်ကို ကွမ်းယိ အသာတကြည် သိမ်းပိုက်လိုက်တယ်။ သူဟာ တဖက်တလမ်းက သူ့တပ်သားအားလုံးကို ဆုလာဘ်တွေ ချီးမြှင့်လေတယ်။ အခြားတဖက်တလမ်းကလည်း မြို့တွင်းနေ အရပ်သူအရပ်သားတို့ကို အားပေးနှစ်သိမ့်မှုတို့ဖြင့် နွေးထွေးလှပေတယ်။ အောင်ပွဲမည်သည် လူကို ဝမ်းမြောက်ဂုဏ်ယူမှုတို့ကို ယူဆောင်လာပါတယ်။ ထိုအောင်မြင်မှုကလည်း လူတို့ရဲ့ ဘဝင်နှလုံးကို မူးဝေနောက်ကျိစေတယ်။ ကွမ်းယိရဲ့ စစ်ဦးစီးချုပ် စူးမာဖူဟာ အမှန်တကယ်ပင် ဖြောင့်မတ်မှန်ကန် အမြော်မြင် ကြီးမားတဲ့သူ ဖြစ်တယ်။ သူဟာ အချိန်မဆိုင်းဘဲ ကွမ်းယိကို သတိပေးပါတယ်။

”ပထမဆုံးသောတိုက်ပွဲမှာ စစ်သူကြီး စစ်ပွဲအောင်မြင်တယ်။ တချီတည်းနဲ့ ရှန်ယန်းကို လက်ရသိမ်းပိုက်လိုက်တယ်။ ချောင်ချောက်တပ် သည်းခြေပျက် ရှုံးနိမ့်ချေတယ်။ ဒါပေမဲ့ စစ်သူကြီးဟာ သတိလက်လွတ် မပေါ့လျော့စေနှင့်၊ ဝူတပ်မှူးကြီး လွီမုန်ဟာ လုခုဝမှာ တပ်စွဲထားပါတယ်။ ဟိုစောစောကတည်းက ကျွန်တော်မျိုးတို့ရဲ့ ကျင်းကျိုးကို တိုက်ခိုက်သိမ်းပိုက်လုယူဖို့ အကြံအစည်ရှိတယ်။ အကယ်၍များ သူဟာ ဒီလိုအချိန်အခါမျိုးမှာ တပ်ကိုဦးဆောင်ပြီး အငိုက်မှာ ကျင်းကျိုးကို အလုံးအရင်း တိုက်ခိုက်လာချေမယ်ဆိုရင် ကျွန်တော်မျိုးတို့ ဘယ်နည်းဘယ်ပုံ ကာကွယ်လေမလဲ”

ကွမ်းယိ ပြောလိုက်တာက— “ဒါကို ကျုပ် တွေးတောချိန်ဆနှင့်ပြီးပြီ။ လူကြီးမင်းက အခုပဲ ဒီကိစ္စကို စီစဉ်ဆောင်ရွက်ပါလေ။ မြစ်ကြောင်းတလျှောက် ခရီးအတိုင်းအတာ နှစ်ဆယ်၊ သုံးဆယ်လီ (မိုင်) အကွာအဝေးတိုင်း၊ မြေမြင့်ပိုင်းတနေရာစီတိုင်း ရွေးထားလိုက်ပါ။ မီးပြတိုက်တခုစီ တည်ဆောက်ထားပါ။ မီးပြစင်တိုင်းမှာ တပ်မှူးတပ်သား အယောက်ငါးဆယ် အစောင့်ချထားပါ။ အကယ်၍ ဝူတပ်ဖွဲ့ကြီးက မြစ်ကိုကူးဖြတ်လာတာကို တွေ့မြင်လိုက်တာနဲ့ ညအချိန်မျိုးဆိုရင် မီးရှူးမီးပန်းလွှတ်တင် အချက်ပြပါ။ နေ့အလင်းပိုင်းမှာတော့ မီးခိုးမှိုင်း အချက်ပြပါ။ မီးပြတိုက်မျှော်စင် အချက်ပြတာကိုကြည့်ပြီး ကျုပ်တပ်ကို ဦးဆောင်ပြီး သုတ်သင်ရှင်းလင်းမယ်။ ဗိုလ်ချုပ်က ဖူစွတ်လင်၊ မီဖှန်တို့ကို အရေးပါတဲ့ နေရာနှစ်ခုကို စောင့်ကြပ်ရန် စေလွှတ်ရမယ်။ ဒါပေမဲ့ သူတို့ အစွမ်းကုန်မလုပ်နိုင်မှာကို ကျွန်တော်မျိုး စိုးရိမ်ပါတယ်။ သေချာအောင် ထပ်မံပြီး အားထားရမယ့် လူတယောက် ကျင်းကျိုးဆီ စေလွှတ်မယ်။ မျှော်လင့်မထားဘဲ ပေါ်ပေါက်လာမဲ့ အခြေအနေကို ကြိုတင်ကာကွယ်ထားရပါမယ်”

“မှန်ပါတယ်။ ကျင်းကျိုးကို စောင့်ကြပ်ဖို့ တာဝန်ကို တသွေမတိမ်းထမ်းရွက်တဲ့ အုပ်ချုပ်ရေးမှူး ဖန်ဂျွန်ကို ကျုပ် စေလွှတ်လိုက်ပါပြီ”

ကွမ်းယိပြောစကားကို စစ်ကဲကြီး စူးမာဖူ ထပ်ခါစောဒကတက်ပြန်တယ်။

“ဖန်းဂျွန်ကို စေလွှတ်လိုက်ပြီလား။ ဒီလူက မနာလိုဝန်တိုစိတ် သိပ်ကြီးလွန်းတယ်။ ကြံဖန်ပြီး အခွင့်ကောင်းယူတတ်ပါသေးတယ်။ အရေးတကြီးတာဝန်တို့ကို ယုံကြည်စိတ်ချ လွှဲအပ်လို့မရပါ။ သူ့နေရာမှာ ရိက္ခာပို့ဆောင်ရေးအရာရှိ ကျောက်လေ့ကို အစားထိုးစေလွှတ်တာ ကောင်းပါလိမ့်မယ် စစ်သူကြီး ကွမ်းယိခင်ဗျာ”

ကွမ်းယိက— “ဖန်းဂျွန်စရိုက်ကို ကျုပ် သိနှင့်ပါတယ်။ သူ့ကို စေလွှတ်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်နေပြီလေ။ အခုမှပြင်လို့ ဘယ့်နှယ်လုပ် ကောင်းပါ့မလဲ။ အခု ကျောက်လေ့က ရိက္ခာပို့ဆောင်ရေးမှူးအဖြစ် လုပ်ငန်းခွင်ထဲတောင် ရောက်ရှိနေပြီ။ ကဲ ကဲ ဘာကိုမှ စိုးရိမ်မနေပါနဲ့။ ကျုပ် စီစဉ်တဲ့အတိုင်း အချက်ပေးမီးပြစင် ဆောက်လုပ်ဖို့အရေး အမြန်ဆောင်ရွက်ပေတော့”

စစ်ကဲကြီး စူးမာဖူ ထပ်မံအထွန့်တက်ဖို့ မဖြစ်တော့ပါ။ စိတ်နှလုံး မချမ်းမြေ့စွာဖြင့် ခရီးနှင်ဖို့ အမြန်ပြင်ဆင်လေတယ်။ ကွမ်းယိသည်လည်း လှေ၊ သမ္ဗန်၊ ဝါးဖောင်၊ သစ်ဖောင် အရေအတွက် ပြည့်မီရေးအတွက် သားတော် ကွမ်းဖိန်ကို အပူတပြင်း ဆောင်ရွက်စေတယ်။ ဖန်ချဲန်မြို့သိမ်း စစ်ဆင်ရေးကြီးအတွက် အပြင်းအထန် ကြိုးပမ်းလေတယ်။

 

👉 မန်းဖိုးအေး(ဝါးခယ်မ) - မြစ်ဆုံဆည် တကျော့ပြန်ဆောက်လုပ်ရေးကို ကန့်ကွက်ခြင်း 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar