Breaking News

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၅)

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၅)

(မိုးမခ) နိုဝင်ဘာ ၁၆ ၊ ၂၀၂၄


"Injustice anywhere is a threat to justice everywhere."

"မတရားမှုဟာ နေရာတိုင်းမှာ တရားမျှတမှုကို ခြိမ်းခြောက်နေတယ်"

ဒေါက်တာမာတင်လူသာကင်း ( ၁၉၂၉ -၁၉၆၈ )

ဒီနေ့ Sun Tzu ရဲ့ The Art of War ထဲက ခေါင်းဆောင်မှုဆိုင်ရာ ပြဿနာတွေကို ချဥ်းကပ် သုံးသပ် တင်ပြလိုပါတယ်။

၉။ ခေါင်းဆောင်မှု Leading ဆိုတာ ဘာလဲ

ခေါင်းဆောင်မှုဆိုတာ လူတဦးတယောက် အဖွဲ့တဖွဲ့၊ စစ်တပ်တတပ် ကုမ္ပဏီတခု စသဖြင့် စုဖွဲ့မှုတခု ကို ရည်မှန်းချက်အောင်မြင်စေဖို့ ဦးဆောင်လမ်းညွှန်ခြင်းတို့ ဖြစ်ပါတယ်။ အဖွဲ့အစည်းဝင်တဦးချင်းကိုဖြစ်စေ၊ အဖွဲ့အစည်းတခုလုံးကိုဖြစ်စေ ရည်မှန်းချက်အောင်မြင်စေရေးအတွက် ဆုံးဖြတ်ချက်ချခြင်း၊ လမ်းပြခြင်း၊ တွန်းအားပေးခြင်း၊ ကြပ်မတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အားပေးခြင်း၊ စီမံခန့်ခွဲခြင်း စတဲ့ နည်းလမ်းများကို သုံးကာ အဓိကရည်မှန်းချက် အောင်မြင်ဖို့ တာဝန်ယူ၊ တာဝန်ခံ လုပ်ကိုင်ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်။

ခေါင်းဆောင်မှု၏ အခန်းကဏ္ဍ The role of leadership

စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ ကိစ္စရပ်တွေမှာ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း စတာတွေကို အဆုံးအဖြတ်ပေးနိုင်တဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ Sun Tzu ရဲ့ The Art of War ထဲမှာလည်း ခေါင်းဆောင်မှုဟာ အထူးသဖြင့် အရေးကြီးပြီး၊ စစ်ဗျူဟာချမှတ်ခြင်း၊ စိတ်ဓာတ်ထိမ်းသိမ်းခြင်းနဲ့ စည်းကမ်းကျင့်သုံးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ အဓိက အခန်းကဏ္ဍဖြစ်တယ်လို့ ဆိုပါတယ်။

ကောင်းမွန်တဲ့ခေါင်းဆောင်မှုက အဖွဲ့အစည်းကို ညီညွတ်စေပြီး အောင်မြင်မှုဆီကို ဦးဆောင်ပေးနိုင်ပါတယ်။ ဆိုးရွားတဲ့ ခေါင်းဆောင်မှုကတော့ စိတ်ရှုတ်ထွေးခြင်း၊ မရေမရာဖြစ်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ စည်းလုံးညီညွတ်မှု ထိခိုက်ခြင်းနဲ့ အောင်မြင်မှု မရရှိခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

ခေါင်းဆောင်ကောင်းဖြစ်ဖို့ရာ

နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားဖို့ လိုပါတယ်။ စစ်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ စီးပွားရေးခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင် လူမျိုးစုခေါင်းဆောင် စသဖြင့် နယ်ပယ်အသီးသီးမှာ ခေါင်းဆောင်အမျိုးမျိုးကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ နယ်ပယ်အသီးသီးမှာ အခြေခံကစပြီး အဆင့်ဆင့် နောက်လိုက်ကောင်းများအဖြစ် ဖြတ်သန်းကာ ခေါင်းဆောင်ဖြစ်လာသူများက မိမိအဖွဲ့အစည်း ကွန်မြူနီတီနဲ့ အံဝင်ခွင်ကျဖြစ်သလို တိုက်ရိုက်ခန့်ထား တာဝန်ယူရသူများအဖို့မူ ကာလအတန်ကြာ လေ့လာသင်ယူကြရလေ့ ရှိပါတယ်။

ဆိုလိုချင်တာက မိမိစုဖွဲ့မှုရဲ့ ယုံကြည်ကိုးစားမှုကို ရရှိမှသာ ခေါင်းဆောင်တဦးအဖြစ် ဦးဆောင်နိုင်ခြင်း ဖြစ်တာကိုလည်း တွေ့ရပါတယ်။ ခေါင်းဆောင်ကောင်းတဦးဖြစ်ဖို့ အဓိကတောင်းဆိုချက်မှာ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်းလို့ သုံးသပ်ကြပါတယ်။ မဟာဗျူဟာ ချမှတ်ရာတွင်လည်းကောင်း သေနင်္ဂဗျူဟာများကို အကောင်အထည်ဖော်ရာတွင် လည်းကောင်း ခေါင်းဆောင်လုပ်သူတွင် တာဝန်လုံးဝရှိသည်ဟု ဆိုလိုခြင်း ဖြစ်ပါတယ်။

ခေါင်းဆောင်မှုအတွက် အရေးကြီးသော သော့ချက်များ

အမြင်နှင့် မဟာဗျူဟာ (Vision and Strategy)

ခေါင်းဆောင်တယောက်ဟာ ရှေ့ဆောင်အမြင်ရှိရပါမယ်။ ရည်မှန်းချက်တခုကို သေချာသုံးသပ်ကာ အဖွဲ့အစည်းကို ပိုမိုတိုးတက်အောင် ပေါ်လစီများ ချမှတ်စီမံနိုင်ရပါမယ်။

Sun Tzu က ခေါင်းဆောင်တယောက်ဟာ အခက်အခဲတွေကို ကြိုတင်မြင်နိုင်ပြီး အခွင့်အလမ်းအဖြစ် အသုံးချနိုင်ရမယ်လို့ ပြောထားပါတယ်။

ဆုံးဖြတ်နိုင်စွမ်း (Decisiveness)

ခေါင်းဆောင်တယောက်ဟာ စိစစ်ပြီး သေချာစွာ ဆုံးဖြတ်နိုင်စွမ်းရှိရမယ်။ အချိန်နှင့် တပြေးညီ တိကျစွာ ဆုံးဖြတ်ပေးနိုင်ခြင်းက အလွန်အရေးကြီးပါတယ်။

Sun Tzu က အခက်အခဲနဲ့ ကြုံတွေ့နေရချိန်မှာ တိတိကျကျ ဆုံးဖြတ်နိုင်မှုက အောင်မြင်ဖို့အတွက် အရေးကြီးတယ်လို့ ပြောပါတယ်။

စေ့ဆော်မှု နဲ့ လှုံ့ဆော်မှု (Inspiration and Motivation)

ခေါင်းဆောင်တယောက်က အခက်အခဲတွေကြားမှာဖြစ်စေ အဖွဲ့ဝင်တွေကို စိတ်ဓာတ်တက်ကြွစေဖို့ သူကိုယ်တိုင် ဦးဆောင်လုပ်ဆောင်ရပါမယ်။

Sun Tzu က တပ်ဖွဲ့တွေရဲ့ သစ္စာစောင့်သိမှုနဲ့ စိတ်ဓာတ်ကို ထိန်းသိမ်းခြင်းဟာ အောင်မြင်မှုအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ယုံကြည်ပါတယ်။

လိုက်လျောညီထွေဖြစ်မှုနဲ့ ပြောင်းလွယ် ပြင်လွယ်ဖြစ်မှု (Adaptability and Flexibility)

ခေါင်းဆောင်တယောက်ဟာ အခြေအနေ ပြောင်းလဲမှုတွေအပေါ် လိုက်လျောညီထွေ ပြောင်းလဲနိုင်ရပါမယ်။ စစ်ပွဲတခုလုံး၊ ဒါမှမဟုတ် အခြေအနေတခုလုံး ပြောင်းလဲလာမယ်ဆိုရင် ခေါင်းဆောင်ကလည်း မိမိရဲ့ စီမံကိန်းကို အလိုက်သင့် ပြောင်းနိုင်ရပါမယ်။

သတင်းအချက်အလက်အသစ်တွေ ဒါမှမဟုတ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ အစီအစဥ်တခုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခြင်းဟာ ကျရှုံးခြင်းဆီသို့ ဦးတည်သွားနိုင်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေဟာ လိုအပ်တဲ့အခါမှာ အစီအစဥ်တွေ ပြောင်းလဲရန် အမြဲပြင်ဆင်ထားရပါမယ်။

စည်းကမ်းနဲ့ ထိန်းချုပ်မှု (Discipline and Control)

ခေါင်းဆောင်တယောက်ဟာ သူ့အဖွဲ့ဝင်များရဲ့ စည်းကမ်းရှိမှုကို ထိန်းသိမ်းထားနိုင်ရပါမယ်။ စည်းကမ်းမဲ့မှုများဟာ အထူးသဖြင့် အကျပ်အတည်းကာလမှာ အန္တရာယ်အလွန်များပါတယ်။ ထို့နည်းတူ မိမိကိုယ်တိုင်လည်း စည်းကမ်းထိန်းသိမ်းရာမှာ စံပြဖြစ်နေဖို့ လိုပါတယ်။

Sun Tzu က စည်းကမ်းရှိမှုဟာ တပ်ဖွဲ့တခုလုံးကို စည်းလုံးညီညွတ်စေပြီး သေနင်္ဂဗျူဟာတွေကို အကောင်အထည်ဖော်ရာမှာ အလွန်အရေးကြီးကြောင်း ပြောပါတယ်။

စံနမူနာပြ၍ ဦးဆောင်ခြင်း (Leading by Example)

ခေါင်းဆောင်ကောင်း ဆိုတာ စံနမူနာပြယုဂ်တခု ဖြစ်ပါတယ်။ခေါင်းဆောင်ဟာ ရဲရင့်မှု၊ အလုပ်ကြိုးစားမှု၊ ကတိသစ္စာတည်ကြည်မှု၊ အနစ်နာခံမှု၊ ကိုယ်ချင်းစာနာစိတ်ရှိမှု စတဲ့ အကြောင်းတရားတွေရဲ့ စံထားချက်ပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်မှုဆိုတာ အမိန့်ပေးရုံသာမက အမိန့်ပေးခွင့်ရရန်အတွက် မိမိအင်အားစုနဲ့ ယုံကြည်မှုတည်ဆောက်ရန် အလွန်အရေးကြီးပါတယ်။

ဆက်သွယ်ပြောဆိုခြင်း (Communication)

ထိရောက်သော ခေါင်းဆောင်မှုများအတွက် ရှင်းလင်းပြတ်သားတဲ့ တိုက်ရိုက်ဆက်သွယ်မှုများ မရှိမဖြစ် လိုအပ်ပါတယ်။ ခေါင်းဆောင်တဦးဟာ မိမိရဲဘော်တွေရဲ့ ဆောင်ရွက်ချက်များအပေါ် သိရှိ နားလည်သဘောပေါက်ဖို့ အထူးလိုအပ်ပါတယ်။

မှားယွင်းတဲ့ သို့မဟုတ် မရှင်းလင်းတဲ့ ညွှန်ကြားချက်တွေဟာ ရှုပ်ထွေးမှုတွေနဲ့ နားလည်မှု အမှားတွေကို ဖြစ်ပေါ်စေနိုင်ပြီး ငွေကုန်ကြေးကျမှုပါ များပြားစေနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး (Emotional Intelligence)

ခေါင်းဆောင်ကောင်းတွေဟာ မိမိတပ်ဖွဲ့ရဲ့ စိတ်ခံစားမှုနဲ့ လိုအပ်ချက်တွေကို နားလည်နိုင်သူ ဖြစ်ပါတယ်။ စာနာနားလည်မှုနဲ့ ချဉ်းကပ်နိုင်မှုတွေကြောင့် ယုံကြည်မှုကို တည်ဆောက်နိုင်သူတွေလည်း ဖြစ်ပါတယ်။ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်သူတွေလည်း ဖြစ်ပါတယ်။

တာဝန်ခွဲဝေယူခြင်း (Delegation)

ဘယ်ခေါင်းဆောင်မှ တယောက်တည်း အလုပ်လုပ်လို့မရပါဘူး။ အဖွဲ့အစည်းကို စနစ်တကျ ချောမွေ့စွာ ထိရောက်စွာ လည်ပတ်နိုင်စေဖို့ အရည်အချင်းရှိတဲ့ အဖွဲ့ဝင်တွေကို တာဝန်လွှဲအပ်ခြင်းဟာ အလွန်အရေးကြီးပါတယ်။

Sun Tzu က တပ်မှူးကောင်းတဦးဟာ ဘယ်အချိန်မှာ တပ်ဆုတ်ရမယ်၊ ဘယ်အချိန်မှာ စစ်ထိုးရမယ် ဆိုတာ သိပြီး တပ်ဖွဲ့ဝင်တွေကို သတ်သတ်မှတ်မှတ် တာဝန်တွေ ခန့်ခွဲဖို့ လိုအပ်တယ်။ တပ်ဖွဲ့ဝင်တွေရဲ့ အားသာချက်ကို အသုံးပြုသင့်ကြောင်း အကြံပြုထားပါတယ်။

တာဝန်ယူမှု (Accountability)

ခေါင်းဆောင်တယောက်ဟာ အောင်မြင်မှုနဲ့ မအောင်မြင်မှုအတွက် တာဝန်ယူသင့်ပါတယ်။ အမှားကို လက်ခံခြင်း၊ သင်ခန်းစာယူခြင်းဟာ ခေါင်းဆောင်မှုရဲ့ အရေးကြီးတဲ့ အပိုင်းဖြစ်ပြီး ယုံကြည်စိတ်ချမှုကို ဖြစ်စေပါတယ်။

Sun Tzu က တာဝန်ယူမှုရဲ့ အရေးပါမှုကို မီးမောင်းထိုးပြပြီး မှန်ကန်စွာဦးဆောင်ရန် ပျက်ကွက်ခြင်းဟာ အုပ်စုတခုလုံးကို ပြိုလဲသည်အထိ ဖြစ်စေနိုင်ကြောင်း သတိပေးထားပါတယ်။

ခေါင်းဆောင်မှုနှင့် မဟာဗျူဟာပြဿနာများ Leadership and Strategic

Challenges ခေါင်းဆောင်မှုဆိုင်ရာ အခန်းကဏ္ဍတွေနဲ့ မဟာဗျူဟာဆိုင်ရာ စီမံချက်တွေကို ထိရောက်စွာ ပေါင်းစပ်အသုံးပြုရာက ပေါ်ပေါက်လာလေ့ရှိတဲ့ အခက်အခဲပြဿနာများ ဖြစ်ပါတယ်။

ခေါင်းဆောင် တဦးအနေနဲ့ ဦးဆောင်သူ အနေအထားမှာရှိတဲ့အချိန်မှာ မဟာဗျူဟာဆိုင်ရာ ကိစ္စရပ်တွေကို ဦးဆောင်ဖို့ လိုအပ်ပြီး၊ စီမံချက်တခုတည်းအပေါ်မှာ ဂရုစိုက်ရုံတင်မကပဲ၊ အဖွဲ့ဝင်များကိုလည်း အောင်မြင်စွာ စည်းရုံးညီညွတ်အောင် ဦးဆောင်ရမှာ ဖြစ်ပါတယ်။ အဓိကပြဿနာများကို နားလည်ဖို့အတွက် အရေးကြီးသောအချက်တွေကို သုံးသပ် နိဂုံးချုပ်စဉ်းစားဖို့ လိုပါတယ်။

မဟာဗျူဟာနယ်ပယ်မှာ၊ ခေါင်းဆောင်မှုဟာ မည်သည့်မစ်ရှင်၊ အစပြုမှု သို့မဟုတ် လှုံ့ဆော်မှုတခုရဲ့ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုကို ဆုံးဖြတ်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဤသည်မှာ ဗျူဟာမြောက် ဆုံးဖြတ်ချက်ချခြင်းနဲ့ အကောင်အထည်ဖော်ခြင်းတွေမှာ ခေါင်းဆောင် ဆိုသူများ ရင်ဆိုင်ရလေ့ရှိတဲ့ အဓိကစိန်ခေါ်မှုအချို့ ဖြစ်ပါတယ်။

မဟာဗျူဟာနှင့် ခေါင်းဆောင်မှု မညီညွတ်ခြင်း

မဟာဗျူဟာနှင့် ခေါင်းဆောင်မှုထဲက မတူညီတဲ့ ပြဿနာတခုက ခေါင်းဆောင်တဦးရဲ့ ရည်ရွယ်ချက်နဲ့ အထက်လူကြီးများ၊ သို့မဟုတ် အဖွဲ့အစည်းတခုရဲ့ အကဲဖြတ်ချက်များအကြား ဆက်စပ်မှု မရှိခြင်း ဖြစ်ပါတယ်။ ခေါင်းဆောင်က မိမိရဲ့အမြင်နည်းလမ်းနဲ့သာ အလုပ်လုပ်ရင်း အဖွဲ့အစည်းရဲ့ အကဲဖြတ်ချက်များကို လက်မခံဘဲ ရှေ့ဆက်ခြင်းကြောင့် ရင်ဆိုင်ရမယ့် ပြဿနာများ ဖြစ်ပါတယ်။

ဖြေရှင်းနည်းကတော့ ခေါင်းဆောင်ကိုယ်တိုင် မဟာဗျူဟာကို အနက်ရှိုင်းဆုံးလေ့လာရမယ်။ မတူညီတဲ့ အမြင်တွေကြား ညှိနှိုင်းချက်တွေ လုပ်ခြင်းဖြင့်သာ မဟာဗျူဟာနဲ့ ခေါင်းဆောင်မှုကို ဆက်စပ်အောင် စီမံကိန်းချမှတ်နိုင်ပါမယ်။

ပြောင်းလဲမှုများနဲ့ ကြိုတင်ပြင်ဆင်မှုမရှိခြင်း

မဟာဗျူဟာဆိုင်ရာ ပြဿနာများထဲက တခုက ခေါင်းဆောင်တဦးရဲ့ နည်းလမ်းများအရ ပြောင်းလဲမှုများကို အလျင်အမြန်မလုပ်နိုင်ခြင်း ဖြစ်ပါတယ်။ အခြေအနေများ ပြောင်းလဲသွားတဲ့အခါမှာ ခေါင်းဆောင်အနေနဲ့ အချိန်မီ စီမံကိန်းများ ပြောင်းလဲပြင်ဆင်ခြင်းကို လုပ်ဆောင်ခြင်းမရှိရင် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ခေါင်းဆောင်တွေဟာ ပကတိဘာဝ သို့မဟုတ် အတ္တဘာဝ ပြောင်းလဲမှုများအပေါ် အခြေခံပြီး မဟာဗျူဟာတွေကို ရှင်သန်တက်ကြွနေရန်လည်းကောင်း၊ လိုက်လျောညီထွေဖြစ်နေရန် လည်းကောင်း လုပ်ဆောင်နိုင်ခြင်းမရှိပါက ဆုတ်ယုတ်မှုများ သို့မဟုတ် အခွင့်အလမ်းများ လက်လွတ်ဆုံးရှုံးသွားလေ့ရှိပါတယ်။

ဖြေရှင်းနည်းကတော့ ခေါင်းဆောင်တယောက်အနေနဲ့ မိမိနဲ့အတူရှိတဲ့ လူတွေ၊အဖွဲ့အစည်းရဲ့ အခြေအနေတွေကို ကောင်းစွာသိရှိပြီး နားလည်သဘောပေါက်ကာ ပြောင်းလဲမှုအပေါ် လျင်မြန်စွာ တုံ့ပြန် ဆောင်ရွင်နိုင်ဖို့ ပြင်ဆင်ထားရပါမယ်။

စိတ်ဓာတ်ကျမှုနှင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရာမှာ ခေါင်းဆောင်မှုအားနည်းခြင်း

အဖွဲ့ဝင်တွေ၊ စစ်သည်တွေရဲ့ စိတ်ဓာတ်ကျမှုနဲ့ ခေါင်းဆောင်မှု စွမ်းဆောင်မှုမပြည့်ခြင်းက ရှိသမျှ မဟာဗျူဟာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ အားနည်းစေတတ်ပါတယ်။

ဖြေရှင်းနည်းကတော့ ခေါင်းဆောင်မှုကို စိတ်အား၊ လူအားနဲ့ ပြန်ထူထောင်ရပါမယ်။ တပ်ဖွဲ့ဝင်တွေကို စည်းလုံးညီညွတ်အောင် ဦးဆောင်နိုင်ဖို့ ပြန်လည်ကြိုးစားရပါမယ်။

ရန်သူကို ထိထိရောက်ရောက် အကဲဖြတ်နိုင်မှု မရှိခြင်း

ခေါင်းဆောင်သူအနေနဲ့ ရန်သူရဲ့ အားနည်းချက်များ၊ အတက်အကျများကို သေချာမလေ့လာနိုင်ရင် မဟာဗျူဟာအပေါ် ထိရောက်မှု မရှိနိုင်ပါ။

ဖြေရှင်းနည်းကတော့ သေချာသုံးသပ်မှု၊ သတင်းအချက်အလက်များ ရရှိမှုကို ကောင်းစွာ လေ့လာ တည်ဆောက်ရပါမယ်။

အန္တရာယ်အနေအထားအပေါ်စီမံခန့်ခွဲခြင်း

မဟာဗျူဟာမြောက် ဆောင်ရွက်ခြင်းတွေမှာ ခေါင်းဆောင်တွေဟာ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို သီးခြားသတ်မှတ်ခြင်းနဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အာရုံစိုက်နေချိန်မှာ ၎င်းတို့ကို လျော့ပါး သက်သာစေဖို့ ကျွမ်းကျင်စွာ စီမံခန့်ခွဲထားဖို့ လိုပါတယ်။

ဖြေရှင်းနည်းကတော့ တွက်ချက်ထားတဲ့ အန္တရာယ်တွေကို သတိနဲ့ ဟန်ချက်ညီအောင် ညှိနှိုင်းနိုင်ခြင်းဟာ ဆန်းသစ်တီထွင်တဲ့ အောင်မြင်မှုနဲ့ ငွေကုန်ကြေးကျများတဲ့ ကျရှုံးမှုတွေကြား ခြားနားချက်အတွက် ဖြည့်ဆည်းနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်တယ်ဆိုတာ သတိပြုဖို့ လိုပါမယ်။

ရေရှည်အမြင်ကို ထိန်းသိမ်းခြင်း

ဗျူဟာမြော က်ခေါင်းဆောင်တဦးအနေနဲ့ လက်ငင်းစိန်ခေါ်မှုတွေဟာ ရေရှည် ရည်မှန်းချက်ပန်းတိုင်များကို မလွှမ်းမိုးကြောင်း သေချာစေရန် လိုအပ်ပါတယ်။

စဉ်ဆက်မပြတ် အောင်မြင်မှုဟာ ရေရှည် ရည်မှန်းချက်များကို အလျှော့အတင်းဖြစ်စေမယ့် အမြန်အနိုင်ရမည့်အစား အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းတိုးတက်မှုအပေါ် အာရုံစိုက်ခြင်းအတွက် စိတ်ရှည်ရန် လိုအပ်ပါတယ်။

ဖြေရှင်းနည်းကတော့ ရေတို ရေရှည် စီမံကိန်းများ ရေးဆွဲခြင်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သူများကို သိရှိ နားလည် သဘောပေါက်စေရန် အသေအချာ ရှင်းလင်းထားဖို့ လိုပါမယ်။ စီမံကိန်း အဆင့်တဆင့်ခြင်းပါ ရည်မှန်းချက် အကောင်အထည်ဖော်မယ့် နည်းစနစ် ဆက်စပ်ဆောင်ရွက်မယ့် အဖွဲ့အစည်းများ အရန်စီမံကိန်းများ စသဖြင့် တဆင့်ခြင်းသဘောပေါက်နားလည်ဖို့ လိုတာတွေကို ကြိုတင် ရှင်းပြ ဇာတ်တိုက်မှုများ ပြုလုပ်ဖို့ လိုပါမယ်။


နိဂုံးချုပ်

ခေါင်းဆောင်မှုနဲ့ မဟာဗျူဟာဆိုင်ရာ ပြဿနာတွေက အဖွဲ့အစည်းတခုရဲ့ အောင်မြင်မှုမှာ အဓိက အခန်းကဏ္ဍက ပါဝင်တယ်။ ကောင်းမွန်တဲ့ခေါင်းဆောင်မှုဆိုတာ စနစ်ကျတဲ့ လက်တွေ့ကျတဲ့ တည်ဆောက်မှုတွေက အစပြုရလေ့ရှိပါတယ်။ နည်းလမ်းတခုကိုအဖွဲ့တခုလုံးနဲ့ ညီညွတ်စွာ အတူတကွ အကောင်အထည်ဖော်ရတာဖြစ်လို့ လက်တွေ့ကျတဲ့

ဦးဆောင်မှုနဲ့ လက်တွေ့ကျတဲ့ မဟာဗျူဟာ သေနင်္ဂဗျူဟာတွေကသာ အောင်ပွဲကို ရှေးရှုနိုင်မှာ ဖြစ်ပါတယ်။

နောက်တပတ် ပြန်ဆုံကြမယ်ဗျာ။

👉 ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar