PDF တပ်ဖွဲ့တွေကို စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုက ဘာသဘောဆောင်လဲ၊ တရုတ်က TNLA နဲ့ စစ်ကောင်စီကို သီးခြားစီ တွေ့ဆုံ
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၅ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၆ ၊ ၂၀၂၅
PDF တပ်ဖွဲ့တွေကို စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုက ဘာသဘောဆောင်လဲ၊ တရုတ်က TNLA နဲ့ စစ်ကောင်စီကို သီးခြားစီ တွေ့ဆုံ
စစ်ကောင်စီက ကျင်းပမယ်လို့ ဆိုထားတဲ့ ရွေးကောက်ပွဲ မတိုင်ခင် ၆ လခန့် အလို ယခုလ ၄ ရက်နေ့မှာ စစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်ဆိုတဲ့ထုတ်ပြန်ချက်ကို နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ကို အနှစ်ချုပ်ဆိုရရင် “PDF အမည်ခံများအပါအဝင် လက်နက်ကိုင် အုပ်စုများ” လို့ သုံးနှုန်းရည်ညွှန်းထားတဲ့ ဗမာလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေရဲ့ ရည်ရွယ်ချက် နဲ့ ပန်းတိုင်က ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်ပြီး စစ်ကောင်စီကလည်း အလားတူရည်မှန်းချက်ပင် ဖြစ်တာကြောင့် ၄င်းတို့ အသုံးအနှုန်းအရ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြပြီး ပြည်ထောင်စု တည်ဆောက်ရေး မှာပါဝင်လာကြဖို့ ဖိတ်ခေါ်တဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ နိုင်ငံရေးပြဿနာဆွေးနွေးတဲ့ ဖိတ်ခေါ်ချက်မျိုး လုံးဝမဟုတ်သလို၊ ဖိတ်ခေါ်တဲ့ PDF လက်နက်ကိုင် အဖွဲ့တွေကိုလည်း အဖွဲ့အစည်းအနေနဲ့ ဖိတ်ခေါ်တာမျိုးလား တဦးချင်း လက်နက်ကိုင် လမ်းစဥ်စွန့်လွှတ်ပြီး စစ်ကောင်စီအုပ်ချုပ်မှုအောက် ပြန်လည်ဝင်ရောက်လာတာမျိုးလား ဆိုတာ ရှင်းရှင်းလင်းလင်း ဖေါ်ပြထားတာ မတွေ့ရပါဘူး။ ကမ်းလှမ်းချက်ရဲ့ အကျုံးဝင်တဲ့ အချိန်ကာလ သတ်မှတ်ချက်မျိုးမပါရှိပါဘူး။ CRPH နဲ့ NUG တို့ကို ရည်ညွှန်းသုံးနှုန်းထားတဲ့ စာသားတချို့ပါဝင်ပြီး PDF အဖွဲ့တွေ အနေနဲ့ ၄င်းအဖွဲ့ ၂ ဖွဲ့ရဲ့ စည်းရုံးသွေးဆောင်မှုနောက်ကို လိုက်မိတဲ့ သဘောမျိုး ရေးသားထားတာ တွေ့ရမှာဖြစ်ပါတယ်။
အခုထုတ်ပြန်ချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရည်ညွှန်းထားတဲ့ အသုံးအနှုန်းတခုမျှ မပါရှိတာလည်း သတိထားမိပါတယ်။ စစ်ကောင်စီ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို PDF တပ်ဖွဲ့တွေနဲ့ သီးခြားစီ ခွဲခြားပြီး စဥ်းစားပြောဆိုတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လတ်တလောထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံ အလယ်ပိုင်း၊ အညာဒေသနဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်း၊ တနင်္သာရီ စတဲ့ ဒေသတွေမှာ လှုပ်ရှားနေတဲ့ PDF လက်နက်ကိုင်တွေကို သီးခြားရည်ညွှန်းတဲ့ သဘောလို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ PDF လက်နက်ကိုင်အဖွဲ့တွေကို ရည်ရွယ်ထုတ်ပြန်တာဆိုခဲ့ရင်တောင် နှစ်ကုန်မှာကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဖြစ်စဥ်ကို အမွှမ်းတင်ဝါဒဖြန့်ထားတဲ့ ထုတ်ပြန်ချက်တခုအဖြစ်သာ ယူဆရပါတယ်။ ဒီကမ်းလှမ်းချက်က PDF လက်နက်ကိုင်အဖွဲ့တွေ လက်နက်ကိုင်ရတဲ့ အကြောင်းရင်းဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုပဲ အာဏာသိမ်းခဲ့ခြင်း အပေါ် ဆက်လက်ကာကွယ်ရပ်တည်တဲ့ စစ်တပ်ရဲ့ရပ်တည်ချက်ကြောင့် အကျိုးရလဒ် တစုံတရာ ပေါ်ထွက်ဖို့မမြင်ပါဘူး။ တဦးချင်း လက်နက်ချလိုတဲ့သူအချို့ ဒီထုတ်ပြန်ချက်အပေါ် အခွင့်အလမ်းတခုအဖြစ်အသုံးပြုပြီး ပြန်ဝင်ကောင်းပြန်ဝင်သွားနိုင်ပေမယ့် သိသာထင်ရှားတဲ့သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။
ထုတ်ပြန်ချက်ပါအသုံးအနှုန်း ဖော်ပြထားတဲ့အကြောင်းအကျိုးဆက်နွယ်မှုတွေက ပုတ်ခတ်ပြော ဆိုတဲ့ဝါဒဖြန့်ချက်တခုအနေအထားမျိုးထက်မပိုတဲ့ ထုတ်ပြန်ချက်တခုသာဖြစ်ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းချက်တခုအဖြစ် မသတ်မှတ်နိုင်တဲ့ထုတ်ပြန်ချက်တခုလို့သာ ဆိုရမှာဖြစ်ပါတယ်။
အထက်ကလို စစ်ကောင်စီက PDF လက်နက်ကိုင်တွေကိုရည်ရွယ်တဲ့ထုတ်ပြန်ချက် ထုတ်ပြန်ချိန်မှာ ရှမ်းမြောက်ဒေသက အရေးပါတဲ့ မြို့တမြို့ဖြစ်တဲ့ နောင်ချိုမြို့ကို သိမ်းယူဖို့ စစ်ကောင်စီက အပြင်းအထန် တိုက်ခိုက်နေတာပါ။ TNLA လက်နက်ကိုင်အဖွဲ့က လွန်ခဲ့တဲ့တနှစ်နီးပါး ဇူလိုင်လ ၃၁ ရက်မှာ နောင်ချိုမြို့ကိုသိမ်းယူနိုင်ခဲ့ပြီးနောက် နောင်ချိုမြို့တောင်ဘက် မန္တလေးတိုင်း၊ ကျောက်ဆည် လွင်ပြင်ဘက်အထိဆက်စပ်နေတဲ့ တောင်းခမ်းက စစ်ကောင်စီရဲ့ စစ်စခန်း၊ တပ်ရင်းတွေကို ဆက်လက်တိုက်ခိုက်ခဲ့တာ ကုန်လွန်ခဲ့တဲ့ ၁ နှစ်နီးနီးဖြစ်ပါတယ်။ ၂၀၂၄ နှစ်ကုန်ကာလတွေအထိ TNLA အနေနဲ့ ထိုးစစ်အနေအထားနဲ့ တောင်ခမ်းဒေသမှာတိုက်ခိုက်နေခဲ့ရာက ၂၀၂၅ ခုနှစ်ဆန်း စစ်ကောင်စီနဲ့ MNDAA တို့အပစ်ရပ်ပြီးနောက်မှာ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီအနေနဲ့ စစ် မျက်နှာပြန်ကျဥ်းလာပြီး TNLA ကို ခံစစ်ကနေ ထိုးစစ်အဖြစ် ပြောင်းလဲလာခဲ့တာတွေ့ရပါတယ်။
TNLA အနေနဲ့ ရှမ်းမြောက်မှာ သိမ်းယူထားတဲ့မြို့တွေအထဲက တရုတ်-မြန်မာကုန်သွယ်ရေး လမ်းမကြီးပေါ်က ဆိုရင် နောင်ချို၊ ကျောက်မဲ၊ ကွတ်ခိုင် နဲ့ သီပေါမြို့တို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ဒီ ပြည်ထောင်စုလမ်းမပေါ်က နေပြန်ဆုတ်စေချင်တဲ့ ဆန္ဒရှိပြီး အာဏာသိမ်းစစ်ကောင်စီကိုပြန်လည်ထိန်းချုပ်စေလိုတဲ့သဘောထားကို မြောက်ပိုင်း လက် နက်ကိုင် ၃ ဖွဲ့ နဲ့ KIA တို့ကို အသိပေးထားပြီး ဖြစ်ပါလိမ့်မယ်။
သို့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လူ၊ လက်နက်၊ ငွေကြေး အကုန်အကျများစွာနဲ့ ရခဲတဲ့အခွင့်အလမ်းအချိန်အခါကို ရယူရင်းနှီးပြီး တိုက်ခိုက်အောင်မြင်ထားတဲ့ မြို့တွေကို အလွယ်တကူတော့ ပြန်လည် လွှဲပြောင်းမပေးချင်ကြတာ အမှန်ပဲဖြစ်ပါတယ်။ ကိုးကန့်လက်နက် ကိုင်အဖွဲ့ MNDAA အနေနဲ့ လားရှိုးကို ပြန်လည်လွှဲပြောင်းပေးလိုက်ခြင်းက နိုင်ငံရေးသိက္ခာနဲ့ လူ ထုရဲ့ ယုံကြည်မှုထိခိုက်စေခဲ့တာဖြစ်ပါတယ်။ တဖက်မှာတော့ ပြန်လည် သိမ်းယူရရှိခဲ့တဲ့ ကိုးကန့်ဒေသက နယ်မြေတွေမြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ မခံရတော့တဲ့ ရလဒ်၊ တရုတ်နိုင်ငံရဲ့ ပိတ်ဆို့မှုကို ရပ်ဆိုင်းပေးတဲ့ ရလဒ်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။
အခု နောင်ချိုဒေသမှာ စစ်ကောင်စီနဲ့ရင်ဆိုင်တိုက်ခိုက်နေတဲ့ TNLA အနေနဲ့ MNDAA လောက် တရုတ်နိုင်ငံရဲ့ဖိအားကို ခံရနိုင်ခြေမရှိပေမယ့် လုံးဝအရေးထားစရာမလိုတဲ့ အခြေအနေတော့မဟုတ်ပါဘူး။ လက်နက် ခဲယမ်းလိုမျိုး၊ လောင်စာ၊ ရိက္ခာ၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းတွေ ဝယ်ယူရရှိနိုင်ဖို့ တရုတ်နိုင်ငံကို လုံးဝလျစ်လျူရှုလို့မဖြစ်တာ အသေအချာဖြစ်ပါတယ်။ ကုန်းတွင်းပိတ်ဒေသတွေဖြစ်ခြင်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်နေပြီး တရုတ်နိုင်ငံဘက်က ရောင်းဝယ် ဆက်ဆံနိုင်တဲ့ထွက်ပေါက်မရှိဘဲနဲ့ ရေရှည်မှာ ရပ်တည်ဖို့ခက်ခဲလိမ့်မှာ ဖြစ်ပါတယ်။
အဖြေက တရုတ်နိုင်ငံကို ဘယ်လောက်ထိပြောဆိုညှိနှိုင်းနိုင်မလဲ၊ တဖက်မှာ လူထုနဲ့ အခြားသော မိတ်ဖက်လက်နက်ကိုင်အဖွဲ့တွေအကြား ယုံကြည်မှုမဆုံးရှုံးအောင် ဘယ်လောက်ထိလိုက်လျောညှိနှိုင်းနိုင်မလဲဆိုတဲ့မေးခွန်းတွေက TNLA အနေနဲ့ လတ်တလောရင်ဆိုင်နေရတဲ့ အနေအထားဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar