Breaking News

ငဇ - လက်ပြတ်

Art by Than Htay Maung

လက်ပြတ်
ငဇ
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၂၅

အင်္ကျီလက်ရှည်ဝတ်ရင်
ပြတ်နေတဲ့လက်ကို ပုဆိုးထဲထည့်စည်းရတယ်
လက်မပါတဲ့လက် တရမ်းရမ်းနဲ့ဆို
ကြည့်မကောင်းဘူး

လမ်းလျှောက်ရင် လက်လွှဲတာ သဘာဝပဲ
ဟိုစဉ်တုန်းကပေါ့

တစ်ဖက်တည်းလွှဲရတော့ တစ်ဖက်သက်သာတယ်
နှစ်ဖက်မရှိရင်လည်း အသက်ရှိသေးတယ်
လေးဖက်မရှိတော့ရင်လည်း အသက်ရှိသေးတယ်
သိပ်မာတာပဲ

လူဟာ လိမ့်ပိုက်တချောင်းလို လိမ့်ရလည်း
ထမ်းထားတဲ့အမှန်တရားမှာ ပြုံးနေရင်လှတယ်

ချိန်ကိုက်ဗုံးတလုံးကို
ပါးစပ်နဲ့ ကိုက်ယူမလာဘူး လို့
ဘယ်ဘုရားကိုမှ သစ္စာမဆိုထားဘူး။

၂၀၂၅ ဇန်နဝါရီ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar