မရိုးသားတော့တဲ့ ကမ္ဘာကြီး နဲ့ မြန်မာလူထုရဲ့ဒုက္ခ
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၇ မြင်ကွင်း
မိုးမခ၊ ဇန်နဝါရီ ၁၈၊ ၂၀၂၅
မရိုးသားတော့တဲ့ ကမ္ဘာကြီး နဲ့ မြန်မာလူထုရဲ့ဒုက္ခ
မြန်မာနိုင်ငံထဲက ကျေးရွာတွေ မြို့ငယ်တွေ နယ်မြို့တွေမှာ အမျိုးမျိုးသော လက်နက်ကိုင် တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ကျည်ကျတဲ့ အန္တရာယ်တွေကနေ အသက်ဘေးလွတ်ဖို့ ၂၄ နာရီ သတိကြီးစွာထားပြီး နေထိုင်နေကြရချိန်၊ စစ်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ ထိခိုက် သေဆုံးတာ၊ ဒဏ်ရာရတာ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးပြီး ဒုက္ခိတ ဖြစ်ရတာတွေ၊ စားရေး နေရေး၊ အသက်ရှင်ရေး ကို အသဲအသန်ကြိုးစားနေကြရတာတွေ၊ စစ်မီးမရောက်သေးတဲ့ မြို့ကြီးတွေမှာလည်း လူငယ်တွေအဖို့ စစ်ထဲဆွဲသွင်းခံရမယ့် ဘေးကနေ လွတ်အောင် ရှောင်တိမ်းနေကြရတဲ့ အဖြစ်တွေနဲ့ ကြုံနေကြရချိန်မှာ ကမ္ဘာကြီးမှာလည်း ဇတ်ရှုပ်တွေနဲ့ အမှုပွေနေဆဲ ဖြစ်ပြီး မြန်မာ့အရေးကို တနှစ်မှာ တကြိမ် နှစ်ကြိမ်လောက် ရည်ညွှန်းပြောဆိုနိုင်ကြရုံသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထက် ပိုပြီး ပြင်းထန် ရက်စက်တဲ့ စစ်ပွဲတွေ ဆင်နွှဲနေခဲ့ကြတာ ဖြစ်ပါတယ်။ ၂ နှစ်ကျော် အတွင်း ၂ ဖက်သေဆုံးသူ လူသိန်းနဲ့ချီသေဆုံးတဲ့ ယူကရိန်း-ရုရှား စစ်ပွဲနဲ့ ကမ္ဘာကြီးက ဇာတ်ရှုပ်တွေထဲ ပါဝင်ပတ်သက်နေကြသလို၊ အရှေ့အလယ်ပိုင်း ပါလစ္စတိုင်း ဒေသမှာ အစ္စရေးလ်ရဲ့ လေကြောင်း နဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် တနှစ်ခွဲဝန်းကျင် ကာလအတွင်း ပါလစ္စတိုင်း ၄သောင်းခွဲကျော် သေဆုံးခဲ့ရတဲ့ ဂါဇာကမ်းမြောင်ဒေသက စစ်ပွဲတွေနဲ့ ကမ္ဘာ့နိုင်ငံတွေ ဇတ်ရှုပ်တွေထဲ ပါဝင်ရစ်ထွေးနေကြတာ ဖြစ်ပါတယ်။
ပါလစ္စတိုင်း ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်တောင်ပိုင်းတို့ကို တိုက်ခိုက်ပြီး ဟားမားစ် ချေမှုန်းရေး၊ ဟစ်ဇဘိုလာ ချေမှုန်းရေး ဆိုတဲ့ ရည်ရွယ်ချက် အောင်မြင်သည်အထိ ဘယ်လောက်သေသေ ဘယ်သူ တားတား လက်မခံ၊ နောက်မဆုတ်ဘူးဆိုတဲ့ အစ္စရေးလ်ဝန်ကြီးချုပ်က ၄င်းကို လက်နက်ပေးပြီး ထောက်ခံခဲ့တဲ့ ဘိုင်ဒင်အစိုးရရဲ့ သက်တမ်း နောက်ဆုံးရက်တွေကျမှ အပစ်ရပ်သဘောတူညီချက်ကို သဘောတူ အတည်ပြုလိုက်ပါပြီလို့ ဆိုပါတယ်။ အစ္စရေးလ် ဝန်ကြီးချုပ် နေတန်ရာဟူအနေနဲ့ ၄င်းကို တလျှောက်လုံး လက်နက်နဲ့ ငွေကြေးပံ့ပိုးခဲ့တဲ့ သမ္မတဘိုင်ဒင် နာမည်ကောင်းရစေချင်လို့ သဘောတူတာလား သို့မဟုတ် နောက်လာမယ့် သမ္မတထရန့် က စစ်ရပ်ရင်ရပ် နို့မဟုတ်ရင် လက်နက် ငွေကြေး မထောက်ပံ့တော့ဘူးဆိုတာကို သိလို့ လုပ်တာလားလို့ မှန်းဆကြည့်စရာ ရှိပါတယ်။
သေချာတာကတော့ ရှေ့ကြုံရမယ့် အနေအထားက ပြီးခဲ့တဲ့ ၁၅ လ အနေအထားမျိုးမဟုတ်တော့ဘူးဆိုတဲ့ အချက်ဖြစ်ပါလိမ့်မယ်။ လစ်ဘရယ် ဒီမိုကရေစီတန်ဖိုးကို ကာကွယ်ရမယ်၊ နိုင်ငံတွေရဲ့ အချုပ်အချာ အာဏာကို လေးစားရမယ့် အချုပ်အချာ နယ်မြေပိုင်နက်တွေကို လေးစားရမယ် ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ ပြောဆိုမှုတွေကို သမ္မတ တာဝန်မယူရသေးတဲ့ ဒေါ်နယ်ထရန့်က မကြာသေးတဲ့ သီတင်းပတ်တွေတုန်းက လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။ မဟာမိတ်တွေလို့ ယူဆထားကြတဲ့ အိမ်နီးချင်း ၂ နိုင်ငံရဲ့ နယ်နိမိတ်တွေ အကြောင်း၊ ပထဝီအမည်ပေးထားတာတွေကို ပြောင်းသင့်ကြောင်းနဲ့ မဟာဗျူဟာ အရေးပါတဲ့ ဂရင်းလန်းကျွန်းကို ရောင်းမလား သို့မဟုတ် ရအောင်ယူဖို့ ကြိုးစားမလားဆိုတဲ့ သဘောမျိုး ပြောဆိုမှုတွေက ဖုံးကွယ်ထားတဲ့ အကျိုးစီးပွားနဲ့ နယ်ချဲ့လိုစိတ်တွေကို လှစ်ဟပြလိုက်သလိုဖြစ်စေပြီး မဟာမိတ်နိုင်ငံတွေအကြား သံသယတွေ ဝင်လာစေခဲ့တာ ဖြစ်ပါတယ်။ ဒါဖြစ်ရပ်တွေကို ကြည့်ရင် ကမ္ဘာကြီးပေါ်မှာ ရိုးသားသော၊ တော်ဖြောင့်မှန်ကန်တဲ့ မူဝါဒ စံနှုန်းတွေကို ကာကွယ်တဲ့ နိုင်ငံ၊ လိုက်နာတဲ့နိုင်ငံ မရှိတော့ဘူးလို့ ကောက်ချက်ချရမှာပါ။ နိုင်ငံရေးအရ စည်းရုံးပြောဆိုမှုတွေရဲ့ နောက်ကွယ်က အကျိုးစီးပွားတွေ၊ နိုင့်ထက်စီးနင်းလုပ်လိုတဲ့ စရိုက်တွေကိုလည်း ဖေါ်ပြနေတာဖြစ်ပါတယ်။
အခုလို ကမ္ဘာကြီးမှာ လက်နက်အင်အား၊ ငွေအင်အား အားကိုးပြီး နိုင်ငံအချင်းချင်း လေးစားမှု၊ ကောင်းမွန်တဲ့မူဝါဒ၊ မှန်ကန်တဲ့စံနှုန်းနဲ့ လူသားတန်ဖိုး အသက်တွေကို တန်ဖိုးထားလေးစားမှု ပျောက်ဆုံးလာတဲ့ အနေအထားကို ခုနှစ်ပိုင်းတွေမှာ ဖြစ်ပွားတဲ့ ဖြစ်ရပ်တွေက သက်သေခံနေသလို ဖြစ်ပါတယ်။ ဒီလို အခြေအနေနောက်ခံမှာ မြန်မာနိုင်ငံက ပြည်သူလူထုလည်း စစ်ပွဲ၊ စီးပွားရေး ချွတ်ချုံကျမှု၊ ရာဇဝတ်မှုမြင့်တက်ခြင်းဆိုတဲ့ အရာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းက လူထုတွေအဖို့ စစ်ပွဲတွေကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်ဒေသကို ကူးစက်ရောက်ရှိလာလို့ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခက အကြီးမားဆုံး ဒုက္ခလို့ဆိုရင် စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခံရတာကလည်း ပထမဒုက္ခလိုပဲ မသေးတဲ့ဒုက္ခဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့် လူငယ်အရွယ်နဲ့ အကျုံးဝင်နေသူတွေ မြို့တွေရော တောနယ်တွေမှာပါ ဘက်အသီးသီးသော လက်နက်ကိုင် အဖွဲ့တွေက အဓမ္မစုဆောင်းနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီက မြို့ကြီးတွေ၊ ၄င်းတို့ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေက မြို့နဲ့ ကျေးရွာတွေကိုပါ မဲဖောက်တာ အချိုးကျ အရေအတွက် နဲ့ စုဆောင်းလာတာ တနှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။ အဲလိုစုဆောင်းမှုကို အကြောင်းပြပြီး ငွေညှစ်တာ၊ အလွဲသုံးစားလုပ်တာတွေလည်း ရပ်ကွက် ကျေးရွာအဆင့်ထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာလည်း တွေ့နေရပါတယ်။ အရင့်အရင် စစ်အစိုးရတွေ လက်ထက်ကလို ပေါ်တာဆွဲပြီး ငွေနဲ့ ပြန်ရွေးရတဲ့ အဖြစ်တွေလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာ ကြားသိနေကြရတာပါ။ ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်လို့ ဖြစ်စေ၊ နေထိုင်ခွင့် ကုန်ဆုံးပြီး ဆက်လက်နေထိုင်နေလို့ဖြစ်စေ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ အချုပ်ကျ အကျဥ်းကျပြီးပြန်လွှတ်ပေးကာ မြန်မာနိုင်ငံဘက် ပြန်လွှဲအပ်သူတွေကိုပင်လျင် စစ်သားစုဆောင်းဖို့ အခွင့်အလမ်းအဖြစ် အသုံးချနေတာ၊ သိန်း ဆယ်ဂဏန်းနဲ့ချီတဲ့ ငွေတောင်းခံတာ ငွေပေးသူတွေ ပြန်လွှတ်ပေးပြီး မပေးနိုင်သူတွေက စစ်သားစုဆောင်းခံရတဲ့ အဖြစ်တွေလည်း ဖြစ်ပွားနေတာပါ။ ရန်ကုန်လိုမြို့ကြီးတွေမှာတောင် ညမမှောင်သေးချိန် လူငယ်စုစုတွေ့တာနဲ့ ဖမ်းပြီး စစ်သားစုဆောင်းတဲ့ အဖြစ်တွေ ကြားသိနေကြရပါပြီ။
စစ်တပ်နဲ့ ပျူစောထီးလို့ လူအများက အမည်ပေးထားတဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းပြီး ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ၊ ညနက်တဲ့အခါ မြို့တွင်းတွေမှာပင်လျင် လူငယ်တွေကို ဆွဲခေါ်ပြီး စစ်မှုထမ်းသွတ်သွင်းတာ သို့မဟုတ် အနိမ့်ဆုံး ငွေကြေးနဲ့ ရွေးယူရတာမျိုး ဖြစ်ပွားနေတာပါ။ ရန်ကုန်မြို့လို စီးပွားရေးမြို့တော်လည်းဖြစ် နိုင်ငံခြာ သံရုံးတွေလည်း အခြေစိုက်တဲ့ မြို့မှာတောင် အခုလို အခြေအနေကြုံတွေ့ နေကြရပြီဆိုရင် နယ်မြို့တွေမှာ ဘယ်လောက်ထိ ဆိုးရွားနိုင်လဲဆိုတာ မှန်းဆကြည့်လို့ရပါတယ်။
တဖက်မှာ ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေကြားမှာ အသက်ရှင်နိုင်ဖို့ အလုပ်မလုပ်ရင် မဖြစ်တဲ့ အခြေအနေနဲ့ တခြားတဖက်မှာ အဓမ္မစစ်သားစုဆောင်းခံရမယ့် အရေး ၂ ခုကြား ပြည်တွင်းက လူငယ်တွေ အဖို့ အကြပ်အတည်းကြားထဲ ရောက်နေကြတာပါ။ စစ်ကောင်စီ အဖို့ စစ်ပွဲဆင်နွှဲဖို့ လူသစ်ထပ်စုဆောင်းဖို့ အရေးတကြီးလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ရာအတွက် ဘယ်နည်းနဲ့ဖြစ်ဖြစ် လုပ်မယ်လို့ မှတ်ယူထားတဲ့ သဘောလို့ မှန်းဆရပြီး စစ်ကောင်စီရဲ့ အောက်ခြေအုပ်ချုပ်ရေး နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက အထက်က ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ရင်း ခြစား ကိုယ်ကျိုးရှာတဲ့ အဖြစ်တွေက တပြိုင်နက်ထဲ ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။
ကမ္ဘာတခွင် စစ်ပွဲတွေ ဒုက္ခသည်တွေ လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုတွေနဲ့ လုံးပန်းနေကြချိန်မှာ မြန်မာ့ လူထု ဒုက္ခတွေက အာရုံစိုက်ခံရဖို့ အခွင့်အလမ်းနည်းပါးနေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar