Breaking News

လျှပ်စစ်ဓာတ်အား မလုံလောက်မှု အဆိုးရွားဆုံးအခြေအနေ ရောက်လာတဲ့ မြန်မာနိုင်ငံ

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၆ မြင်ကွင်း

မိုးမခ၊ ဇန်နဝါရီ ၇၊ ၂၀၂၅


လျှပ်စစ်ဓာတ်အား မလုံလောက်မှု အဆိုးရွားဆုံးအခြေအနေ ရောက်လာတဲ့ မြန်မာနိုင်ငံ

မြန်မာနိုင်ငံက လူဦးရေအများဆုံးနေထိုင်ကြတဲ့မြို့၊ စီးပွားရေးအရ အချက်အချာအကျဆုံးမြို့ ဖြစ်တဲ့ ရန်ကုန်မြို့ မှာ လျှပ်စစ်မီး ပေးဝေနိုင်တဲ့အခြေအနေက ဆယ်စုနှစ် ၁ ခုကျော်ကာလအတွင်း အဆိုးဆုံးအနေအထား ရောက်နေပြီး စက်မှုလုပ်ငန်းတွေ ဖြစ်တဲ့ အထည်ချုပ်စက်ရုံ နဲ့ လုပ်ခစားလက်ခစား စက်ရုံတွေလို လုပ်ငန်းကြီးကြီးမားမားတွေသာမကပဲ အိမ်တွင်း စက်မှုလုပ်ငန်းလို့ ခေါ်ဆိုတဲ့ လျှပ်စစ်ဓါတ်အားအသုံးပြုပြီး လည်ပတ်နေတဲ့ အသေးစား ပုံနှိပ်စက်၊ မိတ္တူကူးလုပ်ငန်း၊ ဝပ်ရှော့လို လုပ်ငန်းလေးတွေလည်း လည်ပတ်ဖို့ခက်ခဲလာနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒိထက်ဆိုးရွားတဲ့အနေအထားက သုံးရေတင်ဖို့၊ ထမင်းချက်ဖို့၊ ဆက်သွယ်ရေး ပစ္စည်းတွေ အားသွင်းဖို့ လုံလောက်တဲ့ လျှပ်စစ်ဓါတ်အားမရတော့တဲ့ လူနေအိမ်တွေဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်အား သိသိသာသာ လျော့ကျလာနေပြီး အခုကာလက ကုန်လွန်ခဲ့တဲ့ ၄ နှစ်တာအတွင်း အဆိုးဆုံးအနေအထားကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးခါစ ကာလကတည်းက သဘာဝဓာတ်ငွေ့ကနေ ထုတ်လုပ်နိုင်အားလျော့ကျလာသလို ပုဂ္ဂလိကလျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့ စက်ရုံတွေကနေ ဓာတ်အားဝယ်ယူတာလည်း ရပ်ဆိုင်းခဲ့ပြီး၊ သဘာဝဓါတ်ငွေ့က လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်စွမ်းလည်း ကျဆင်းလာကာ၊ လက်နက်ကိုင်တိုက်ခိုက်မှုတွေအကြား လျှပ်စစ်ဓာတ်အားပို့လွှတ်တဲ့ တာဝါတိုင်တွေ မိုင်းခွဲခံရတာ၊ လက်နက်ကြီး ထိမှန်ပျက်စီးတာတွေက လျှပ်စစ်ဓာတ်အားပေးဝေနိုင်အားကို သိသာတဲ့ ထိခိုက်မှုတွေ ဖြစ်စေခဲ့တာလို့ ယေဘုယျအားဖြင့် သိရှိထားကြတာ ဖြစ်ပါတယ်။ ယခုနှစ် မိုးရာသီကုန်ဆုံးပြီးနောက် ရေအားလျှပ်စစ်ဓာတ်ထုတ်နိုင်စွမ်းအား လျော့ကျလာချိန် နှစ်ဆန်းမှာတော့ ပိုမိုဆိုးရွားတဲ့ အနေအထားရောက်လာခဲ့တာ တွေ့ရပါတယ်။ 

နိုင်ငံရဲ့ နေရာဒေသအနှံ့အပြားမှာ စစ်ပွဲတွေ ဖြစ်ပွားနေပြီး မြို့တွေရွာတွေ ပျက်စီး၊  နေအိမ်တွေ မီးလောင်တာ သို့မဟုတ် ဖောက်ထွင်း ယူဆောင်ခံရတဲ့ အခြေအနေမျိုး၊ မိသားစုဝင်တွေ အသက်ဆုံးရှုံးကြရတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဥ်ကြည့်ရင် လျှပ်စစ်မီးမရတဲ့ အဖြစ်က စာမဖွဲ့လောက်ဘူးလို့ ဆိုကောင်းလည်း ဆိုနိုင်ပါတယ်။ အမှန်တကယ်လည်း အချို့ တိုင်းရင်းသားနယ်မြေဒေသတွေမှာ ပြည်နယ်တခုလုံးနီးနီး လျှပ်စစ်မီး မရတဲ့ အခြေအနေရောက်ရှိနေပြီး မိမိတို့နေအိမ်ကနေ နှစ်နဲ့ချီ စွန့်ခွာပြီး ဒုက္ခသည် စခန်းတွေ၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းတွေလို နေရာတွေမှာ နေထိုင်နေကြရသူတွေရဲ့ အဖြစ်နဲ့ နှိုင်းကြည့်ရင် ရန်ကုန်၊ မန္တလေး တို့လိုမြို့တွေမှာ လျှပ်စစ်မီးမရတဲ့ ကိစ္စက သေးငယ်တဲ့ ကိစ္စသဖွယ်ဖြစ်သွားမှာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်ကြာပြီးနောက် လျှပ်စစ်ဓာတ်အားပေးဝေနိုင်အား သိသိသာသာ လျော့ကျလာခဲ့ရာမှာ ပထမအချက်က စစ်အသုံးစရိတ်ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျှော့ချခဲ့တာ လို့ ယူဆရပါတယ်။ တနင်္သာရီ ကမ်းရိုးတန်းတလျှောက် ကမ်းလွန် သဘာဝဓာတ်ငွေ့ တွေရဲ့ ထွက်ရှိမှု လျော့ကျလာသလို တဖက်မှာလည်း စစ်ပွဲတွေမှာ အသုံးပြုရတဲ့ လက်နက်ခဲယမ်းဝယ်ယူဖို့ နိုင်ငံခြားငွေပိုမို လိုအပ်လာတာကလည်း သဘာဝဓာတ်ငွေ့ ပိုမိုရောင်းချဖို့ စေ့ဆော်မှုတခု ဖြစ်စေပြီး၊ စစ်အာဏာသိမ်းမှု မတိုင်မီ ပုဂ္ဂလိက ကုမ္ပဏီတွေက လျှပ်စစ်ဓါတ်အားထုတ်လုပ်ပြီး နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားပေးဝေမှုစနစ် grid ထဲ ပေါင်းထည့်ကာ ပေးဝေတဲ့ ဝယ်ယူမှုတွေ ရပ်ဆိုင်းခဲ့တယ်လို့ အချို့သော သတင်းအချက်အလက်တွေအရ သိရပါတယ်။ နောက်တချက်ကတော့ အချို့ ရေအားလျှပ်စစ်ထုတ်လုပ်မှုကနေ ဖြန့်ဝေပေးတဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေ လက်နက်ကိုင် တိုက်ပွဲတွေအကြား ပျက်စီးခဲ့ပြီး အဆိုပါနယ်မြေဒေသတွေမှာ စစ်ကောင်စီတပ်တွေလည်း မထိန်းချုပ်နိုင်တော့သလို ဆက်သွယ်ရေးတာဝါတိုင် ပြင်ဆင်ဖို့ကိစ္စကလည်း အခုလို စစ်မက်ဖြစ်ပွားနေတဲ့ကာလမှာ ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စတရပ် မဟုတ်တော့တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

နိုင်ငံရဲ့ ဒေသအများအပြား မြို့ရွာတွေ ပျက်စီးမှု၊ လျှပ်စစ်ဓါတ်အား ပေးဝေရေး ကွန်ရက်ဆက်သွယ်ရေး စနစ်တွေ ပျက်စီးလာခဲ့တဲ့နောက် အခုအခါမှာ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်လို မြို့ကြီးမှာပင်လျင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုက အဆိုးဆုံးအခြေအနေ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားတဲ့ အခြေအနေမှာ လျှပ်စစ်ဓါတ်အားမရတဲ့ အခြေအနေမျိုး ဆီးရီးယားနိုင်ငံလိုမျိုးမှာလည်း ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေ သတင်းဖေါ်ပြမှုတွေ မှတ်တမ်းတွေက တဆင့် တွေ့မြင်ကြားသိခဲ့ရပါတယ်။ ဆယ်စုနှစ်တစုကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့တဲ့ ဆီးရီးယားမြို့တော် ဒမတ်စကပ်မှာလည်း လူနေအိမ်တွေ အနေနဲ့ လျှပ်စစ်မီး လုံးဝမရတဲ့ အခြေအနေမျိုးမှာ နှစ်နဲ့ချီနေထိုင်ခဲ့ကြရတဲ့ အနေအထားလို့ အဆိုပါ သတင်းမှတ်တမ်းတွေမှာ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ ပြိုကျတော့မယ့် အာဏာရှင်အစိုးရ အနေနဲ့ စစ်မက်ဖြစ်ပွားမှုကို အကြောင်းပြပြီး မြို့နေလူထုရဲ့  ရှင်သန်နေထိုင်ရေးတွေကို အရေးမထားတော့ပဲ အာဏာ မဆုံးရှုံးဖို့ထက် ဘယ်အရာကမှ အရေးမကြီးဘူးလို့ ခံယူပြီး နောက်ဆုံးအချိန်ထိ ဖိနှိပ်အုပ်ချုပ်သွားခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာလည်း အာဏာရှင်ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့အတွက်သာ ဦးစားပေးပြီး လူထုအနေနဲ့ မိမိတို့အသက်ရှင်သန်ရေးအတွက် မိမိတို့ဘာသာ နည်းလမ်းရှာဖွေပြီး ရှင်သန်အောင် ကြိုးစားကြရပါတယ်။ 

မြန်မာနိုင်ငံက မြို့ကြီးတွေမှာ နေထိုင်ကြတဲ့ သူတွေအနေနဲ့ တိုက်ပွဲက မြို့ကြီးတွေအထိ ရောက်မလာခင် အနေအထားအထိ မြို့တွေမှာပဲ ဆက်လက်ပြီး ရှင်သန်နေထိုင်ဖို့ ရုန်းကန်ကြိုးစားနေကြရတာ တွေ့ရပါတယ်။ လျှပ်စစ်မီး ရချိန်နည်းပါးလာတဲ့ အခြေအနေအောက်မှာ အရင်တုန်းကတည်းက သုံးနေခဲ့ကြတဲ့ ဘက်ထရီနဲ့ အင်ဗာတာတို့လည်း ကောင်းစွာ အလုပ်မလုပ်နိုင်တဲ့ အနေအထားမျိုးဖြစ်ပြီး သာမန်မိသားစုတွေအဖို့ မီးစက်သုံးစွဲဖို့လည်း မတတ်နိုင်သလို အရင်းအနှီးကြီးတဲ့ ဆိုလာလျှပ်စစ်စနစ်လည်း သုံးစွဲဖို့ မိသားစုအများစုက မတတ်နိုင်ကြတဲ့ အနေအထားဖြစ်ပါတယ်။ 

ဆိုးရွားတဲ့ လျှပ်စစ်မီးပြတ်တောက်မှုက ကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းတွေကို သိသာစွာ မြင့်တက်စေဦးမှာ ဖြစ်ပြီး တဖက်မှာ ငွေကြေးဖောင်းပွမှု၊ ဝင်ငွေကျဆင်းမှုနဲ့ အတူ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေ စျေးတက်တဲ့ ဒဏ်ကို လူအများက ထပ်ပြီး ခံစားကြရဦးမယ့် အနေအထားလည်း ဖြစ်နေပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar