မောင်သာမည - သောကခေတ်တွင် ရှင်သန်ခြင်း၊ အပိုင်း ( ၄ )
သောကခေတ်တွင် ရှင်သန်ခြင်း ( အပိုင်း ၄ )
မူရင်း - စဗက်လာနာ
မြန်မာပြန်- မောင်သာမည
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၁
ဒါပေမဲ့ လေးရက်မြောက်နေ့မှာတော့ ဆေးရုံ ဝန်ထမ်းတွေ အတွက်ထားတဲ့ တည်းခိုဆောင်မှာ လာနေလို့ရ တယ်လို့ ပြောပါတယ်။ ဒါက ဆေးရုံမြေ ညီထပ်မှာ ရှိတာပါ။ ကံကောင်းလိုက်တာ၊ ဘုရား မ တာပဲ။
" ဒါပေမဲ့ အဲဒီမှာ မီးဖိုခန်းမှ မရှိတာ။ ဘယ်လိုလုပ်ပြီး ကျွန်မတို့လူတွေအတွက် ချက်လို့ပြုတ်လို့ ရမလဲ”
" ချက်ပြုတ်ဖို့ မလိုတော့ပါဘူး။ သူတို့အစာအိမ်တွေက အစာလက်မခံတော့ဘူး” တဲ့။
သူက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပါတယ်။ နေ့တိုင်း လူအသစ်တစ်ယောက်ကို တွေ့နေရသလိုပဲ။ ရောင်ခြည် သင့်တဲ့ဒဏ်တွေက ခန္ဓာကိုယ် အပေါ်ယံကို တက်လာနေပြီ။ ပထမတော့ အနာသေးသေး လေးတွေ စပြီးပေါ် လာတယ်။ ပါးစပ်အတွင်းပိုင်းမှာ။ လျှာပေါ်မှာ။ ပါးပြင်ပေါ်မှာ။
နောက်တော့ အဲဒီအနာလေးတွေက ကြီး လာ တယ်။ သူ့နှုတ်ခမ်းအနားသပ်တွေကနေ အဖြူရောင်အသားဖပ် ကလေးတွေ ကွာကျလာနေတယ်။ သူ့မျက်နှာ နဲ့ သူ့ခန္ဓာကိုယ်ရဲ့ အရောင်ကလည်း ပြာနှမ်းနှမ်းဖြစ်လာတယ်။ ပြီးတော့ နီရဲလာတယ်။ နောက်တော့ ညိုညစ်ညစ် အရောင်ပြောင်းသွားတယ်။
ဘာပဲဖြစ်ဖြစ် ဒီခန္ဓာကိုယ်ဆိုတာက သူ့အတွက် အဖိုးဖြတ်လို့မရတဲ့အရာပဲလေ။ ဒီခန္ဓာကိုယ် မှာ ဘယ်လို ဖြစ်နေသလဲ ဆိုတာကို ဖော်ပြလို့မရနိုင်ဘူး။ အဲဒါတွေအတွက် ပြောစရာစကားလုံး မရှိဘူး။ အဖြစ်အပျက်တွေက သိပ်မြန်တယ်။ မြန်လွန်းတော့လည်း တွေးနေဖို့အချိန်မရှိဘူး။ ငိုနေဖို့ အချိန်မရဘူး။ ဒါကြောင့် ကျွန်မက သိပ်မခံစားခဲ့ရဘူး။
သူ့ကို ကျွန်မသိပ်ချစ်တယ်။ ဘယ်လောက်တောင် နှစ်နှစ်ကာကာ ချစ်ခဲ့မိမှန်း မသိဘူး။ ကျွန်မတို့က လက်ထပ်ပြီးကာစ လင်မယားလေ။ တယောက်ကို တယောက် ချစ်လို့ မဝသေးဘူး။
လမ်းပေါ်မှာ အတူလျှောက် သွားရင် သူက ကျွန်မကို သူ့လက်မောင်းတွေနဲ့ သိမ်းယူပွေ့ပြီး ချာလည်လှည့်လိုက်တတ်တယ်။ ပြီးရင် ကျွန်မ တကိုယ်လုံးကို နမ်းတော့တာပဲ။ ဖြတ်သွားတဲ့လူတွေက ပြုံးကြတာပေါ့။
ဓာတ်ရောင်ခြည်အပြင်းအထန်ထိခိုက်ခံရသူတွေကို ကုသပေးတဲ့ဌာနမှာ သူဟာ ဆယ့်လေးရက်ကြာ ကုသခံရတယ်။ သေတဲ့အထိ ဆယ့်လေးရက်ကြာခဲ့တာပေါ့။
ဧည့်သည်ဆောင်ကို ရောက်တဲ့နေ့မှာပဲ ကျွန်မကို ဓာတ်ရောင်ခြည်သင့်မှုနဲ့ဆိုင်တဲ့ စစ်ဆေးတိုင်းတာမှုတွေ လုပ်ပါတယ။ကျွန်မရဲ့ အဝတ်အစား၊ ကျွန်မရဲ့အိတ်၊ ပိုက်ဆံအိတ်၊ ရှူးဖိနပ်။ ဒါတွေအကုန်လုံးကတော့ ဓာတ်ရောင်ခြည်သင့်နေပြီ။ ချက်ချင်းပဲ အဲဒါတွေအကုန်လုံးကို ကျွန်မဆီကယူသွားတယ်။ ကျွန်မရဲ့ အတွင်း ခံဘောင်းဘီတွေတောင် မချန်ခဲ့ဘူး။ ပိုက်ဆံပဲချန်ထားခဲ့တယ်။ လောလောဆယ်ဝတ်ဖို့အတွက် ဆေးရုံမှာ ဝတ်တဲ့ ဂါဝန်ကို ပေးတယ်။ ဒါပေမဲ့ အရွယ်အစားက နံပါတ် ၅၆ ဖြစ်နေတယ်။ ကျွန်မဝတ်နေကျက နံပါတ် ၄၃။ ဖိနပ်ကလည်း နံပါတ် ၄၃ ဖြစ်နေတယ်။ ကျွန်မစီးနေကျက ၃၇။
ကျွန်မ အဝတ်အစားတွေ ပြန်ရချင်လည်း ရမယ်၊ ရချင်မှလည်း ရမယ် လို့ပြောပါတယ်။ ဒါတွေကို သန့်စင်လို့ ရကောင်းမှ ရလိမ့်မယ်လို့ ထင်နေတယ်။ ဒါကြောင့် ဆေးရုံဝတ်ဂါဝန်ကြီး တဖားဖားနဲ့ပဲ နေခဲ့ရတယ်။ ဒီလိုပုံဆိုးပန်းဆိုးနဲ့ကျွန်မကိုမြင်တော့ သူ တော်တော် လန့်သွားတယ်။ ဘယ်လိုဖြစ်တာလဲ တဲ့။
စွပ်ပြုတ်ချက်တဲ့နည်းလမ်းတစ်ခုကိုတော့ စဉ်းစားလို့ရသွားတယ်။ ဖန်ဗူးကြီးထဲကိုရေထည့်။ ရေနွေးကြိုတဲ့ လျှပ်စစ် ကိရိယာကို ထည့်။ နောက်ပြီးရင် ကြက် သားတုံးသေးသေးလေးတွေ ပစ်ထည့်။ တကယ့်သေးသေးလေး တွေ လှီးထားတာ။ နောက်တော့ တယောက်က ကျွန်မကို အိုးတလုံးလာပေးပါတယ်။ သန့်ရှင်းရေးအမျိုးသမီးက ပေးတာ လို့ ထင်တယ်။ ဒါမှမဟုတ်ရင် တည်းခိုဆောင် အကူက ပေးတာ ဖြစ်မယ်။ နောက်တယောက်က စဉ့်တီတုံးတတုံး ပေးတယ်။ တရုတ်နံနံရွက်တွေကို အဲဒီစဉ့်တီတုံးပေါ်မှာ လှီးဖြတ်ရတယ်။ ဆေးရုံဝတ်ဂါဝန်ကြီး နဲ့တော့ ဈေးသွားလို့ မဖြစ်ဘူး။ ဒါကြောင့် တယောက်က တရုတ်နံနံကို ဈေးကဝယ်ပေးတယ်။ ဒါပေမဲ့ ချက်ပြုတ်တဲ့ အလုပ်က အချိန်ဖြုန်းတာ သက်သက်ဖြစ်နေတယ်။ သူက ကြက်ဥအစိမ်းတောင် မျိုမချနိုင်တော့ဘူးလေ။ ဒါနဲ့တောင် ကျွန်မဟာ သူ့အတွက် အရသာရှိတဲ့ အစား အစာတစ်ခုခု ချက်ပြုတ်ပေးချင်နေတယ်။ သူ့ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်နိုင်ကောင်းရဲ့ လို့ ထင်နေခဲ့တာကိုး။
စာတိုက်ကိုလည်း ကျွန်မ အပြေးအလွှား သွားလိုက်တယ်။
" အမကြီးတို့ရေ၊ အိုင်ဗင်နို ဖရန်းကော့မြို့က ကျွန်မမိဖတွေကို အရေးပေါ် ဖုန်းဆက်ချင်လို့ပါရှင် ၊ ကျွန်မယောက်ျားက သေတော့မလို ဖြစ်နေပါပြီ" လို့ ပြောလိုက်တယ်။
ကျွန်မ ဘယ်ကလာသလဲဆိုတာ သူတို့က ချက်ချင်း ရိပ်မိသွားတယ်၊ ကျွန်မယောက်ျားက ဘယ်သူ ဖြစ်မယ်ဆိုတာလည်း သိသွားတယ်။ ဒါကြောင့် ချက်ချင်းပဲ ဖုန်းချိတ်ပေးတယ်။ အဲဒီနေ့မှာပဲ ကျွန်မ အဖေရယ်၊ ကျွန်မညီမရယ်၊ အကိုရယ် မော်စကိုကို လေယာဉ်နဲ့ လာကြတယ်။ ကျွန်မရဲ့ အသုံးအဆောင် တွေကိုလည်း ယူလာတယ်။ ပိုက်ဆံကိုလည်း ယူလာတယ်။အဲဒီနေ့က မေလ ၉ ရက်နေ့။ အမျိုးသားအောင်ပွဲနေ့။
သူက ကျွန်မကို အမြဲပြောခဲ့ဖူးတဲ့စကားရှိတယ်။
“ မော်စကိုမြို့ကြီး ဘယ်လောက်လှသလဲဆိုတာ မင်းသိမှာ မဟုတ်ဘူး။ အထူးသဖြင့် အမျိုးသား အောင်ပွဲ နေ့မှာ၊ မီးရှူးမီးပန်းတွေ လွှတ်တဲ့အခါ သိပ်လှတယ်ကွ။ မင်းကို ပြချင်တယ်" တဲ့။
ကျွန်မက သူ့အခန်းထဲမှာပဲ ရှိနေပါတယ်။ သူ့နားမှာ ထိုင်နေပါတယ်။ သူက မျက်လုံးတွေကို ဖွင့်ပြီး နေ့လား ညလား လို့ မေးတယ်။
"ည ကိုးနာရီ"
" ပြတင်းပေါက်ကို ဖွင့်လိုက်စမ်းပါ - မီးပန်းတွေကို စလွှတ်နေလောက်ပြီ"
ကျွန်မတို့က ရှစ်ထပ်မှာ ဆိုတော့ မြို့တော်ကြီးတခုလုံးဟာ ကျွန်မတို့ ရှေ့မှောက်မှာ တနံတလျားကြီးပဲ။
ကောင်းကင်ထဲကို မီးပန်းတသုတ် ပစ်လွှတ်လိုက်တယ်။
" အို လှလိုက်တာရှင်"
" မော်စကိုမြို့ကြီးကို ပြမယ်လို့ မင်းကို ကိုယ်ကတိပေးခဲ့တယ်။ နောက်ပြီး အားလပ်ရက်ရှည်တိုင်းမှာ ပန်းတွေ ပေးမယ်လို့လည်း ကတိပေးခဲ့တယ်နော်"
ကျွန်မက သူ့ဘက်ကို လှည့်လိုက်တယ်။ သူက သူ့ခေါင်းအုံးနောက်ကနေ ဇော်မွှားပန်းသုံးပွင့်ကို ဆွဲယူလိုက်တယ်။ သူနာပြုဆရာမတယောက်ကို ပိုက်ဆံပေးပြီး ဝယ်ခိုင်းခဲ့တာပဲ။
ကျွန်မက သူ့ဆီကို ကပ်ပြီး နမ်းလိုက်တယ်။
“ အချစ်ရယ် ၊ ကျွန်မရဲ့အချစ်ရယ်"
သူကတော့ ညည်းညူတဲ့အသံနဲ့ ပြန်ပြောတယ်။
" ဆရာဝန်က ဘာပြောထားသလဲ၊ မဖက်ရဘူး- မနမ်းရဘူးလေ"တဲ့။
သူ့ကို သွားမဖက်ဖို့၊ ပွတ်သီးပွတ်သပ်သွားမလုပ်ဖို့တားမြစ်ထားပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ သူ့ကို ဆွဲထူမ လိုက်ပြီး အိပ်ရာပေါ်မှာ နေရာတကျ ထိုင်ထားပေးလိုက်တယ်။ ပြီးတော့မှ အိပ်ရာခင်းတွေကို ပြန့်သွားအောင် လုပ်ပေးတယ်။
သူ့ကိုယ်ပူချိန်ကိုလည်း တိုင်းလိုက်တယ်။ မိလ္လာအိုးကို သွားသွန်လိုက်ပြီး သူ့ကိုသန့်ရှင်းပေးတယ်။ တညလုံးပဲ သူ့အနားမှာ နေခဲ့တယ်။ သူ့လှုပ်ရှားမှု တိုင်းကို စောင့်ကြည့်နေခဲ့တယ်။ သူ သက်ပြင်းချတာ ၊ သူ ပင့်သက်ရှူတာ အစစကို သတိထားပြီး ကြည့်နေခဲ့တယ်။
အဲဒီညက ကျွန်မ ချာချာလည်အောင် မူးမိုက်သွားပါတယ်။ သူ့အခန်းထဲမှာ မဟုတ်ဘဲ ကော်ရစ်ဒါမှာ ဖြစ် လိုက်တာဆိုတော့ တော်သေးတာပေါ့။ ပြတင်းပေါက်ဘောင်ကို လက်နဲ့ အတင်းဆုပ်ကိုင် ထားရတယ်။ ဖြတ်သွားတဲ့ ဆရာဝန်တယောက်က ကျွန်မလက်မောင်းကို ကိုင်ပေးထားတယ်။
ရုတ်တရက် သူက မေးတယ်။ မင်းမှာ ကိုယ်ဝန်ရှိနေသလား တဲ့။
" မရှိပါဘူး - မရှိပါဘူး" လို့ ပြောလိုက်တယ်။
တယောက်ယောက် ကြားသွားမှာကိုလည်း ကျွန်မ ထိတ်လန့်စိုးရိမ်နေမိတယ်။
ဖုံးကွယ်မနေပါနဲ့လို့ သူက သက်ပြင်းချပြီး ပြောတယ်။
ဘာမှ မပြောပါနဲ့ တိတ်တိတ်နေပါလို့ သူ့ကို မပြောနိုင်လောက်အောင် ကျွန်မတုံလှုပ်နေမိတယ်။
နောက်နေ့ရောက်တော့ ဌာနမှူးက ကျွန်မကို ခေါ်တွေ့ပါလေရော။
"ငါတို့ကို ဘာကြောင့် လှည့်စားရတာလဲ"
ဌာနမှူးဖြစ်တဲ့ ဆရာဝန်မကြီးက လေသံမာမာနဲ့ မေးပါတယ်။
"ကျွန်မမှာ တခြားနည်းလမ်း မရှိလို့ပါရှင်။ အမှန်အတိုင်းပြောလိုက်မယ်ဆိုရင် ကျွန်မကို အိမ်ပြန်လွှတ်မှာ မဟုတ်လား။ ၊ ဒါက ဘယ်သူ့ကိုမှ မထိခိုက်တဲ့ လိမ်လည်မှုမျိုးပါရှင်"
"မင်းလုပ်ခဲ့တာ သိပ်ဆိုးလွန်းတယ်"
" ကျွန်မက ကျွန်မယောက်ျားဘေးမှာ နေခဲ့တာလောက်ပါ”
" သနားစရာကောင်းလိုက်တာကွယ်" တဲ့။
( ဆက်ရန် )
{၂၀၁၅ ခုနှစ်၏ စာပေဆိုင်ရာနိုဘယ်ဆုရ ဘဲလာရုစ်လူမျိုး စာရေးဆရာမကြီး စဗက်လာနာ ( Svetlana Alexandrovna Alexievich)ရေးသားသည့် " Chenobyl Prayer " စာအုပ်၏ အခန်းတစ်ခန်း “ A Lone Human Voice" ကို ပြန်ဆိုထားခြင်းဖြစ်ပါသည်။ ရုရှားဘာသာဖြင့် ရေးထားသော မူရင်းစာအုပ်ကို ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန် ပထမမူ (Voices from Chernobyl ) ကို ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန် ဒုတိယမူ (Chernobyl Prayer) ကို ၂၀၁၇ တွင် ထုတ်ဝေသည် }
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar