Breaking News

ဖလော်ဒါဟန် - မြန်မာအကျဉ်းထောင်များမှ စနစ်ဆိုးနဲ့ လူမှုနယ်ပယ်

 မြန်မာအကျဉ်းထောင်များမှ စနစ်ဆိုးနဲ့ လူမှုနယ်ပယ်

ဖလော်ဒါဟန် 

မိုးမခ ၊ ဇူလိုင် ၁၂ ၊ ၂၀၂၅

မမြင်ကွယ်ရာမှာ နေထိုင်ရတဲ့ လူနေမှုဘဝစနစ်တခုကို ဘယ်လိုနည်းနဲ့ နှိပ်စက်‌နေကြ‌ပါသလဲ။

ပဒေသရာဇ်စနစ် သီပေါနဲ့ စုဖုရားခေတ်စနစ်မှာ တော့ ခေါင်းဖြတ် သတ်ခဲ့တဲ့ မင်သားတွေအကြောင်းစာအုပ်ထုတ်သည်အထိ ရှိခဲ့ဖူးပါတယ်။

မင်းသားတယောက်ကများဆို ခေါင်းမပါ ခန္ဓာကိုယ်ကြီး ခုန်နေသတဲ့။ ဒါကို မမြင်ကွယ်ကနေချောင်းကြည့်နေတဲ့ တိုင်းတပါး အစေခံတယောက်က မြင်ခဲ့တာမျိုးကို စာအုပ်ထဲမှာ ဖတ်ခဲ့ဖူးပါတယ်။

သီပေါနဲ့ စုဖုရားကတော့ ပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေသလို ဆိုင်းသံ ဗုံသံများမှာ တကယ်ပဲနစ်‌မျောနေသလား။

လူသတ်ပွဲကို ကားလိပ်နောက်ကွယ်ကနေ စီမံနေသလား ဆိုတာတွေကစလို့ တွေးစရာပါ။

အခုလည်း မြန်မာနိုင်ငံရဲ့ လူသတ်မှုစနစ်မျိုးစုံ ရက်စက်မှုများမှ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားအတော်များများ အသက်တွေ ပေးသွားကြရပြီ။

တကယ်လက်တွေ့ ကျွန်မရဲ့ အတွေ့အကြုံအရ ပြောရရင် သိခဲ့ဖူးသူ NLD အမတ်လောင်းတယောက်လည်း ထောင်နဲ့အိမ် အထုပ်မဖြည်ဘဲ နေခဲ့ရတာ နောက်ဆုံး ကျောက်ကပ်ရောဂါနဲ့သက်တမ်းစေ့ မနေရတဲ့ဘဝပါ။

အာဏာရှင်က ဘယ်လောက်တောင် စစ်တန်းလျားနဲ့ နိုင်ငံရေးကို လင်မယား လုပ်ချင်နေသလည်းဆိုရင် ဘယ်သောအခါမျှ ပြည်သူကို နေရာမပေး လူသတ်သည့် စနစ်ကြီးကိုပါ တိတိပပ ကျူးလွန်ရင်း သက်ဆိုးရှည် နိုင်ငံဖျက်ဆီးသူများ ဖြစ်လာကြတာပါပဲ။

နိုင်ငံရေးသမားတယောက်ရဲ့ ဘဝကတော့ မိမိကိုယ်ကိုယ် အသက်ပေးနိုင်ဖို့လည်း ရင်ဆိုင်ကြရသလို အချို့သော မိသားစုအတော်များများလည်း ဘဝပျက်ကြရပါတယ်။

ထောင်တွင်း နိုင်ငံရေးသမားများ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာများ၊ လူဒဏ်ရာများကို ပြန်လည်သုံးသပ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ယုတ်မာတဲ့ စနစ်ဆိုးကြီးက ပေါ်လွင်လွန်းလှပါတယ်။

လူတယောက်ကို အကြောင်းမဲ့ ရိုက်နှိက်ခြင်းသည် လူဆိုး သူခိုးတောင် ရိုက်နှိက်ခွင့်မရှိပါဘူး။

အခုတော့ ထောင်တွင်းမှာဆို နိုင်ငံရေးသမားရဲ့ အပြစ်က ပြစ်ဒဏ် ထောင်ဒဏ်နဲ့အတူ ရိုက်နှိက်၊တိုက်ပိတ်ဒဏ်များကိုလည်း ဆင့်ကဲတိုးပြီး လုပ်လာကြပါတယ်။

ဒီထက်ဆိုတာက ကျန်းမာရေးမကောင်းသူများကို ဆေးကုသခွင့်မပေးသလို အကျဉ်းကျသူများရဲ့လွတ်လပ်ခွင့်ကိုပါ ပိတ်ပင်ခဲ့ကြပါတယ်။

ထိုမှတဆင့် ထောင်ဝန်ထမ်းများသည် အထက်ကပေးတဲ့ အမိန့်အတိုင်းထက် မိမိတို့ရဲ့ ပါဝါအာာဏာကိုပါ ပူးတွဲဆောင်ရွက်ကျရင်း လူ့သတ်မှုကို မိမိတို့ကိုယ်တိုင် ကျူးလွန်လာကြတာပါပဲ။

အမှုကိစ္စတိုင်းက ပျောက်ကွယ်သွားမှာ မဟုတ်သလို တနေ့နေ့ တချိန်ချိန် အခုလို အရေးအခင်းများစွာကို ကိုင်တွယ်ခဲ့တဲ့ ထောင်မှူးများ၊ ထောင်ဝန်ထမ်းများနဲ့ ဆင့်ကဲ အမိန့်ပေးသူများကို ဥပဒေနဲ့အညီ ပြန်လည်သုတ်သင်ဖို့ လိုပါလိမ့်မယ်။

ယနေ့အချိန်မှာ ထောင်များရဲ့ ယိုယွင်းပျက်စီးနေတဲ့ သောက်သုံးရေနဲ့ အစားအစာစကစလို့ မ‌ကောင်းသည့် စနစ်ဆိုး‌အောက်မှာ အကျဥ်းသားများရဲ့ အခွင့်အရေးဆိုတာ တဖြည်းဖြည်းနဲ့‌ ပျောက်ကွယ်‌နေပါပြီ။

ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံးနဲ့ အစုတ်ပဲ့ဆုံးစနစ်ကို ဦးတည်နေသည်မှာ မြန်မာနိုင်ငံရဲ့အကျဉ်းထောင်များပါပဲ။

ဒါကို ယနေ့အချိန် အဖြစ်အပျက်များက ယုံမှားသံသယဖြစ်ဖွယ် မရှိပါ။

ကျွန်မတို့ ပြည်သူတွေအတွက် ယနေ့အချိန်မှာ ဘယ်နေရာမှာပဲ ကြည့်ကြည့် လွတ်လပ်ခြင်းနဲ့တရားမျှတခြင်းဆိုတာ မရှိပါဘူး။

အာဏာရှင်ကို ဆန့်ကျင်ခဲ့သူ၊ စိန်ခေါ်ခဲ့သူ အယောက်တိုင်းသည် ၎င်းတို့ရဲ့ ပစ်မှတ်စက်ကွင်းပါပဲ။

ဒီပစ်မှတ်စက်ကွင်းကနေ လွတ်မြောက်ဖို့ဆို ကျွန်မတို့ပြည်သူတွေ ဝမ်းနည်းနေရုံ၊ စိတ်မကောင်းဖြစ်ရုံ ဖေ့ဘုတ်ပေါ်မှာပဲ  တော်လှန်နေလို့ မပြီးပါဘူး။

လက်တွေ့မှာ မိမိတို့ကိုယ်တိုင် ပြဿနာအခြေအမြစ်တိုင်းကို နက်နက်နဲနဲ သုံးသပ်ဝေဖန်ကြပြီး တလရ စိတ်နဲ့ ထပ်တူရှိနေမှသာ အငိုလည်းတိတ် မြင်‌ကွင်း‌တွေလည်း လှနိုင်မယ်ဆိုတာ ထောက်ပြရင်း....။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar