Breaking News

မိုးသိကြား - သူသာ ပထမ

မိုးသိကြား - သူသာ ပထမ

မိုးမခ၊ မတ် ၃ ၊ ၂၀၂၅

ရယ်စရာ ပြက်လုံးလေး မနေ့က ကြားရပါတယ်။

အဲဒါလေး မျှဝေချင်လို့ပါ။

မနေ့က သမ္မတထရန့်ကို အားတက်သရော မဲထည့်ခဲ့တဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတစ်ဦးကို မိတ်ဆွေချင်း ရင်းနှီးနေတာမို့ ကျနော် မေးခွန်းလေး ထုတ်ဖြစ်တာက စတာပါ။

"ဘယ်နှယ့်လဲဗျ၊ ယူကရိန်း မိုင်းတွင်းတွေကို အပိုင်ရမယ်လို့ တွက်ထားတာကြီး ဘယ်လိုဖြစ်ကုန်ပြီလဲ၊ အမေရိကန် ပထမ ဆိုတာ ဟန်ပါ့မလားဗျ"

"ဟန်ပါတယ်ဗျ၊ ယူကရိန်းနဲ့ သေချာပေါက် စာချုပ်ချုပ်ဖြစ်မှာပါ၊ နေပါဦးဗျ၊ အမေရိကန်ပထမဆိုတာ ခင်ဗျား မနေ့က မမြင်လိုက်ဘူးလား"

"ဆိုပါဦးဗျ"

"သမ္မတကြီးက လက်တွေ့ပြတယ်လေဗျာ၊ အမေရိကန်ပထမ ဆိုတာ သူ့လက်သုံးစကား မဟုတ်လား၊ အခုလောလောဆယ်မှာတော့ သူသာ ပထမ ဆိုတာ ပြလိုက်တာလေ၊ ကျုပ်တို့ကတော့တဖြည်းဖြည်း သူ့နောက်က ပါလာမှာပေါ့ဗျာ"

"ဘာလဲဗျ၊ ခင်ဗျားတို့ အနှပ်ခံရတာကို ဖြေသိမ့်နေတာလား"

"ဒီနိုင်ငံမှာတော့ ဒီလိုပဲ၊ ဘယ်သမ္မတ တက်တက် ပြောတဲ့အတိုင်း ဖြစ်တာ ရှားသားလားဗျ၊ နေသားကျနေပြီပေါ့ဗျာ"

"စကားမစပ်၊ ယူကရိန်း မိုင်းတွင်းတွေ သေချာပေါက် စာချုပ်ချုပ်ဖြစ်မယ်လို့ ခင်ဗျား ပြောလိုက်သလားလို့၊ လုပ်စမ်းပါဦးဗျ"

"ကျနော် ရှင်းပြပါ့မယ်၊ သမ္မတကြီးက စီးပွားရေးသမားဘဝက လာတာလေ၊ ဇာလျန်စကီးနဲ့ နပန်းထလုံးခဲ့စေဦး၊ မိုင်းတွင်းတွေရဖို့ကို သူ လက်လွှတ်မှာမဟုတ်ဘူးဗျ၊ ဥရောပနိုင်ငံတွေ လက်ထဲပါသွားရင် သူ ပိုအရှက်ကွဲမယ်လေ၊ တစ်ဖက်မှာ ရုရှားပူတင်နဲ့ အပေးအယူစကားတွေ လုပ်ထားပြီးပြီ၊ အဲဒါကြောင့် မိုင်းတွင်းတွေရဖို့ သူ မဖြစ်မနေ လုပ်မှာပါဗျ"

"နေပါဦးဗျ၊ ခင်ဗျားတောင် သိနေရင် ဇာလျန်စကီးက မသိဘဲနေမလားဗျာ"

"သိသပေါ့ဗျာ၊ သူ့မလည်း ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး တွေ့ရမှတော့ ဘယ်ငုံ့ခံနိုင်ပါ့မလဲ၊ သူ့နိုင်ငံ ကျူးကျော်ခံရတာလေ၊ သမ္မတကြီးနဲ့ ဒုသမ္မတတို့ သူ့ကို ဆွေးနွေးတဲ့ပုံစံမျိုး ပူတင်ကို ဆွေးနွေးရဲလား မေးလိုက်မှာကိုသာ ကျနော် စိုးရိမ်တာဗျ၊ ဘယ်မီဒီယာမှ ထမမေးတာ တော်တော်ကံကောင်းသွားတယ်"

အေးဗျာ၊ ဒီအတိုင်းဆို အမေရိကန်ပထမ မူဝါဒကနေ ငါ ပထမ ဆိုတဲ့ မူဝါဒ ရှင်းရှင်းကြီး ပေါ်လာတော့ ရေရှည်မှာ ဘယ်လို ဖြစ်လာမလဲဗျ"

"အေး၊ ဒါ အမေရိကားလေဗျာ၊ ရှေ့မှာလည်း ငါသာ ပထမမူဝါဒ ထူထောင်သူတွေ အများကြီး ကြုံခဲ့တာမို့ အဖြေပေါ်လာမှာပါ၊ ဒီမိုကရက်တစ်တွေ ပိုပြီးအားပြန်ကောင်းလာမှာတော့ သေချာပေါက်ပဲဗျို့၊ ကျန်တာတော့ ခင်ဗျား လက်တွေ့မြင်လာရမှာပါဗျာ၊ ဒါ အမေရိကားလေ"

"အင်း၊ ခင်ဗျားလည်း အမေရိကန်ပထမမူကို မလျော့သေးပဲကိုး၊ ကြည့်ရသေးတာပေါ့ဗျာ"

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar