Breaking News

လေခဏီ - ငရဲတွင်း

လေခဏီ - ငရဲတွင်း

မိုးမခ ၊ ဧပြီ ၁ ၊ ၂၀၂၅


ပေါက်ကရ အကြောင်းပြချက်တွေနဲ့ တပြည်လုံးရဲ့ ဆန္ဒတွေကို မုဒိမ်းကျင့်ပြီး အာဏာသိမ်းလိုက်တော့ ကျန်းမာရေးဝန်ထမ်းတွေဟာ CDM လုပ်လိုက်ကြတယ်။ အဲဒါကို အငြိုးအတေးထားပြီး ဆရာဝန်တွေ၊ သူနာပြုတွေကို ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ် ထောင်ချတယ်။ နောက် အဲဒီလောက်နဲ့ မကျေနပ်နိုင်သေးဘဲ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေကို ပြဿနာရှာပြီး ပိတ်ပစ်တယ်။ အဲသလိုနဲ့ ကျန်းမာရေးစနစ်ကြီးတခုလုံး ပျက်စီးသွားချိန်မှာ ဧရာမငလျင်ကြီး ဖြစ်ပေါ်လာတယ်။ 

လူတွေက အဆောက်အဦ‌ အပြိုအပျက်တွေအောက် တမုဟုတ်ချင်း ရောက်သွားတယ်။ ချက်ချင်းကယ်တင်နိုင်တဲ့ အရင်းအမြစ် ဘာမှမရှိဘူး။ စိတ်စေတနာလည်း မရှိဘူး။ ကိုဗစ်တုန်းက အောက်စီဂျင်ပိုက်တွေ ဆွဲဖြုတ်တဲ့ကောင်တွေအောက်မှာ ဘာကိုမှ မျှော်လင့်လို့မရဘူး ဆိုတာ သိနေတော့ လူတွေဟာ စိတ်ချောက်ချားမှုရော စိတ်ဓာတ်ကျမှုရော တပြိုင်နက် ခံစားကြရတယ်။ အပျက်ပုံအောက်က အသံတွေ ကြားနေရတယ်။ ကယ်မယ့်သူ မရှိ။ ပရဟိတသမား အများစုကလည်း တော်လှန်ရေးထဲ ရောက်သွားသလို ပရဟိတအဖွဲ့တွေကိုလဲ အာဏာသိမ်းပြီးနောက် နှိပ်ကွပ်ဖျက်ဆီးထားတယ်။ လူငယ် လူရွယ် မှန်သမျှ တော်လှန်ရေးတာဝန် ထမ်းနေရ၊ နိုင်ငံခြားထွက်ကုန်ကြ၊ စစ်မှုထမ်းဥပဒေနဲ့ စစ်တပ်ထဲ ရောက်နေကြလို့ ကယ်ဆယ်မယ့်သူ ရှားနေရတယ်။ ကယ်မယ့်သူ ရှိပြန်တော့လဲ ကယ်စရာပစ္စည်း မရှိ။ ယန္တရားမရှိ။ ကယ်ချိန်ရပေမယ့် ကိုယ့်မိသားစုဝင်တွေ ဆွေမျိုးမိတ်ဆွေတွေ သေမှာကို ဒီအတိုင်း ရပ်ကြည့် ထိုင်ကြည့်နေကြရ။ ထိခိုက်ဒဏ်ရာရသူတွေကများ ဆရာဝန်အားက နည်းတော့ ဆေးရုံမှာ ဘယ်သူမှ ဘာမှမလုပ်ပေးနိုင်ဘဲ တယောက် ငရဲ တယောက် ကြည့်နေရ။ ကိုယ့်အသုဘနဲ့ကိုယ် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေကြ။ အာဏာစသိမ်းကထဲက စစ်ရေးအမြင် တခုတည်းနဲ့ကြည့်ပြီး ဖြိုဖျက်ပစ်လိုက်တဲ့ တိုက်အိမ်ပေါင်း ဆိုတာလဲ သောင်းချီနေပြီလေ။ ဗုံးကြဲ လက်နက်ကြီးနဲ့ပစ်ဖြို မီးတိုက်ထားတဲ့ အိမ်ပေါင်းကလဲ သိန်းချီနေတဲ့ကြား ခု ငလျင်ဒဏ်နဲ့ တိုက်အိမ်ပေါင်း မြောက်မြားစွာ ထပ်ပျက်စီး။ ဒီထဲမှာ တန်ဖိုးမဖြတ်နိုင်တဲ့ယဉ်ကျေးမှုပစ္စည်းတွေရော ပါကုန်တယ်။ ရှေးဟောင်း ကျောင်းကန် ဘုရားတွေ ဘုရားကျောင်းတွေ ဗလီတွေ ပြိုပျက်ကုန်တာဟာလဲ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှုအပေါ်  ယဉ်ကျေးမှုဆင်းရဲပါထပ်ဆင့်လာတယ်။ အများစုက ဆင်းရဲကျပ်တည်းလှပြီ။ သူတပါး အကူအညီမလိုအောင် ရပ်နိုင်ဖို့ ခက်သထက်ခက်လာပြီး အလုပ်အကိုင်တွေပါ တစတစပျက်သုဉ်းလာတဲ့အခြေအနေမှာ မီးမလာလို့ သုံးရေ သောက်ရေ ခက်ခဲမှုတွေကလဲ ဆင်းရဲမှုကို ထပ်ထပ်ဆင့်လာတယ်။ တဖက်ကလဲ မတရားစစ်မှုထမ်းဥပဒေက လူတွေကို စိုးရိမ်ပူပန်မှုတွေနဲ့ အချိန်ပြည့် ဖိအားပေးနှိပ်စက်လာတယ်။ ခုက ရေသောက်ရဖို့တောင် ခက်လာတဲ့ အနေအထား။ မင်းအောင်လှိုင်က ကယ်ဆယ်ဖို့မလုပ်ဘဲ အဲဒီအနိဋ္ဌာရုံနဲ့ ပြည်သူ့ဒုက္ခကို ထိုးပြပြီး နိုင်ငံတကာက အကူအညီတွေရယူဖို့ ကြိုးစားနေတယ်။ ပြီးရင် စစ်အုပ်စု လုပ်နေကျအတိုင်း အဲဒီအကူအညီတွေကို ပြည်သူကို စစ်မက်ပြုရာမှာ အသုံးချမယ်။ တပါတည်း နိုင်ငံတကာနဲ့ ဆက်ဆံရေး တည်ဆောက်မယ်။ 

မင်းအောင်လှိုင်နဲ့ စစ်အုပ်စုရဲ့ စိတ်ကူးကြည့်ဖို့တောင် ခက်ခဲတဲ့ ယုတ်ကန်းမှု၊ ကြမ်းတမ်းမှု၊ ညှဉ်းပန်းမှု၊ နှိပ်စက်မှု၊ ကလေးသူငယ်နဲ့ အဘိုး အဖွားတွေကိုပါ သတ်ဖြတ်မှု၊ အနိုင်ကျင့်မှု၊ ခိုးဝှက်လုယက်မှု၊ အနုကြမ်းစီးမှု၊ ခြိမ်းခြောက်ငွေညှစ်မှု၊ ဓားပြမှု၊ ဖျက်ဆီးမှု၊ မီးတိုက်မှု၊ ဗုံးကြဲမှု၊ လက်နက်ကြီးနဲ့ ထုဖျက်မှု၊ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုမျိုးစုံ ဗြောင်လိမ်ဗြောင်ညစ် သူခိုးက လူဟစ် သူတော်ကောင်းယောင်ဟန်ဆောင် မဟုတ်မတရားပြော အပင်းထည့် ‌စိတ်ကြွဆေးတွေ ထုတ်လုပ် ဖြန့်ချိ တိုက်ကျွေး ခွေးစိတ်ဖန်တီး သူတော်စင်တွေ ပစ်မှား ကျေးဇူးကန်း အားလုံးကို နည်းမျိုးစုံနဲ့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲအောင် မပြတ်အားထုတ် တပြည်လုံး သွေးစိမ်းလွှမ်းအောင်လုပ်မှုတွေက မြေထု ရေထုကပါ တောင့်မခံနိုင်လောက်အောင် လေးလံလွန်းလာလို့ ဒီငလျင်က ဖြစ်ပေါ်လာတာ။ 

ဒါတောင် သတိသံဝေဂမရနိုင်ဘဲ ငလျင်ဒဏ်ခံနေရတဲ့ကြားထဲ ဗုံးကြဲကလဲ မပြတ် လေသူရဲတွေဟာ ဘယ်စိတ်ဓာတ်နဲ့ ဒါကို လုပ်နိုင်နေကြပါလိမ့်။ တတပ်လုံး အဲဒီစိတ်မျိုးဖြစ်အောင် အပင်းထည့်လုပ်ကြံထားတဲ့ တပ်စိတ်ပုံစံကြီးက ကနေ့ ဒီတိုင်းပြည်ကြီးကို ပြာပုံ ဖော်ပြနေကြတာလေ။ သွေးရောင်ခြယ်နေကြတာလေ။ ရယ်မောသံ ရွှင်ပျသံ ကလေးငယ်တွေရဲ့ မြူးကြွသံ‌တွေ ပျောက်ပြီး ငိုကြွေးသံ တောက်ခေါက်သံ အံကြိတ်သံ ကြုံးဝါးသံတွေပဲ အဆက်မပြတ် ဖြစ်ပေါ်နေတော့တာလေ။ 


Join Us @ MoeMaKa Telegram

t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar