ထိုင်းနိုင်ငံရေး ပညာရှင်တဦးရဲ့ မြန်မာ့တော်လှန်ရေးအပေါ် အကဲဖြတ်ချက်
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၆ မြင်ကွင်း
(မိုးမခ) ၊ အောက်တိုဘာ ၁၇ ၊ ၂၀၂၆
ထိုင်းနိုင်ငံရေး ပညာရှင်တဦးရဲ့ မြန်မာ့တော်လှန်ရေးအပေါ် အကဲဖြတ်ချက်
ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနက နိုင်ငံတကာဆက်ဆံရေးဘာသာရပ် ပါမောက္ခ သစ်တီနန်ဖုန်ဆူဒီရပ် က မြန်မာ့တော်လှန်ရေးဟာ စစ်ရေးမှာ မရှုံးနိမ့်သေးပေမဲ့လို့ နိုင်ငံရေးနဲ့ သံတမန်ရေးမှာတော့ ရှုံးနိမ့်နေတယ်ဆိုတဲ့ အာဘော်အမြင်ဆောင်းပါးတပုဒ်ကို ဘန်ကောက်ပို့စ်နဲ့ ဧရာဝတီသတင်းဌာနတို့မှာ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံက စစ်တပ်ကို ခုခံတွန်းလှန်နေတဲ့ မဟာမိတ်အင်အားစုတွေ အနေနဲ့ စစ်ရေးအပိုင်းမှာ အရေးမနိမ့်သေးသော်လည်း နိုင်ငံရေးနဲ့ သံတမန်ရေးမှာ ရှုံးနိမ့်နေတယ်လို့ သူ့ရဲ့ ဆောင်းပါး ခေါင်းစဥ်ကိုလည်း အဲဒီအဓိပ္ပာယ်သက်ရောက်တဲ့ “Myanmar Resistence Loses Ground” လို့ ပေးထားတာ တွေ့ရပါတယ်။ ရှုံးနိမ့်ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ သူ့ရဲ့ အနှစ်ချုပ် ကောက်ချက်က စစ်အစိုးရက အားကောင်းလို့ဆိုတာထက် စစ်အစိုးရကို ခုခံတိုက်ခိုက်နေတဲ့ အင်အားစုတွေမှာ “insurgency-industrial complex” လို့ အင်္ဂလိပ်ဘာသာနဲ့ အမည်ခေါ်ဆိုတဲ့ “ပုန်ကန်မှုအပေါ် အခြေပြုသည့်စီးပွားရေးလုပ်ငန်းများ” ကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲဒီလို လုပ်ငန်းတွေဟာ အတိုက်အခံအင်အားစုတွေ အကြားမှာ ကျယ်ပြန့်စွာပေါ်ထွက်လာနေတာကြောင့်လို့ ပါမောက္ခ သစ်တီနန်က ကောက်ချက်ချတာပါ။
အမေရိကန်ပြည်ထောင်စုနဲ့ အချို့သော အရင်းရှင်စီးပွားရေးစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ စစ်လက်နက် ထုတ်လုပ်တဲ့ လုပ်ငန်း၊ လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ စစ်ပွဲတွေအတွက် အထောက်အပံ့ပေးပြီး စီးပွားဖြစ်၊ အကျိုးကျေးဇူး ခံစားနေကြတဲ့ လုပ်ငန်းတွေကို Military Industrial Complex လို့ ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။
အဆိုပါ Military Industrial Complex လုပ်ငန်းတွေဟာ စစ်ပွဲတွေ ဖြစ်ပွားနေမှ ဒါမှမဟုတ် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ပြီး စစ်လက်နက် ဝယ်ယူစုဆောင်း ဖြည့်တင်းတာမျိုး အခြေအနေမျိုးမှာ ၄င်းတို့ရဲ့လုပ်ငန်းတွေ ဝင်ငွေကောင်းမွန်ကြ၊ ကြီးပွားကြတဲ့ အဓိပ္ပာယ်နဲ့ ခေါ်ဝေါ်သုံးနှုန်းကြတာ ဖြစ်ပါတယ်။
ပါမောက္ခ သစ်တီနန်က စစ်အစိုးရနဲ့ နိုင်ငံရေးသဘောထား ကွဲလွဲသူ၊ စစ်ဘေးရှောင်တွေ၊ နိုင်ငံရေးသမားတွေ ပါဝင်တဲ့၊ ပြည်ပရောက် မြန်မာ့အတိုက်အခံအသိုင်းအဝိုင်းတွေနဲ့ မြန်မာ့ခုခံတော်လှန်မှုကို ငွေကြေးထောက်ပံ့နေတဲ့ အလှူရှင်အဖွဲ့အစည်း၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ အနောက်နိုင်ငံအစိုးရတွေကို Insurgency-industrial Complex လို့ သူက ရှင်းလင်းပြောဆိုပါတယ်။ ဒီ ပုန်ကန်မှုအခြေပြုတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဗဟိုပြုထားတယ်လို့ ဆိုပါတယ်။ ဒီ အစုအဖွဲ့ကြီးဟာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်အနိုင်ယူပြီး အစားထိုးအုပ်ချုပ်ဖို့ထက် စစ်အာဏာရှင်ကို ဆက်လက်တိုက်ခိုက်နေရုံသက်သက်အတွက် ရှေးရှုဖွဲ့စည်းထားသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ အာဘော်အမြင် ဆောင်းပါးကို ဖတ်ကြည့်ရင် စစ်ရေးပိုင်းမှာ မရှုံးနိမ့်သေးပေမဲ့ နိုင်ငံရေး သံတမန်ရေးမှာ အနည်းနဲ့အများ ရှုံးသွားခဲ့ပြီလို့ ကောက်ချက်ချထားပါတယ်။ ၂၀၂၄ ခုနှစ်မှာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ စစ်ရေးအရ အောင်မြင်မှုအမြင့်ဆုံးအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ PDF နဲ့ NUG တပ်တွေ အနေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို အလဲထိုးကာ အာဏာရယူနိုင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ကောက်ချက်ချထားပါတယ်။
အဲဒီလိုအရေးကြီးတဲ့အချိန်မှာ တော်လှန်ရေး ဘာကြောင့် အားလျော့သွားတာလဲ ဆိုတာနဲ့ ပတ်သက်လို့ ပါမောက္ခ သစ်တီနန်ရဲ့ ကောက်ချက်က NUG ရဲ့ အားနည်းချက် အပြင် ပိုမိုနက်ရှိုင်းတဲ့ အကြောင်းအချက်က Insurgency-industrial Complex ရဲ့ အကွဲအပြဲတွေကြောင့်လို့ ဆိုပါတယ်။ လှူဒါန်းငွေတွေ အကူအညီတွေဟာ ဒီလုပ်ငန်းအစုအဖွဲ့ကြီးထဲကိုပဲ စီးဝင်သွားကြတယ်လို့ သူက ဆိုပါတယ်။ ဒီရန်ပုံငွေတွေဟာ ပြည်ပရုံးခန်းခတွေ၊ လစာ၊ အလုပ်အကိုင်နဲ့ ပညာသင်ဆုနဲ့ လူနေမှုဘဝတွေ အတွက် အသုံးပြုနေကြပြီး သူတို့အနေနဲ့ တော်လှန်ရေး အောင်မြင်သွားရင် အခုလို စီးပွားရေးတွေ ပြီးဆုံးသွားမှာ စိုးရိမ်တာကြောင့် တော်လှန်ရေး ရှိနေမှ ဖြစ်မဲ့သဘောလို့ ပြင်းထန်တဲ့ ကောက်ချက်ချထားတာ တွေ့ရပါတယ်။ မြန်မာ အသိုင်းအဝိုင်းမှာ နောက်ပြောင် အရွဲ့တိုက်တဲ့သဘော ပြောဆိုကြတဲ့ “တော်လှန်ရေးအဓွန့်ရှည်ပါစေ” ဆိုတဲ့ သဘောမျိုးကို ဆောင်းပါးရှင်က ၄င်းတို့အတွက် တော်လှန်ရေးရှိနေမှ ဖြစ်မယ်ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့တော်လှန်ရေး တနည်း နွေဦးတော်လှန်ရေးဟာ စစ်ရေးနဲ့ နိုင်ငံရေး ကဏ္ဍနှစ်ခုရှိရာမှာ နိုင်ငံရေးအရ ဦးဆောင်မှုပေးကြသူတွေ အနေနဲ့ အရင်းရှင်စနစ်ရဲ့ အငွေ့အသက်၊ အတွေးအခေါ်တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ကြတဲ့ သဘော၊ အရင်းရှင်စနစ် အယူအဆ လွှမ်းမိုးပြီး ယုံကြည်မှုနဲ့ ဒုက္ခခံကာ စည်းရုံးရေးအားကောင်းတဲ့ တော်လှန်ရေးမျိုး မဟုတ်တာကို နွေဦးတော်လှန်ရေး အစပိုင်းမှာကတည်းက သတိပြုမိနိုင်ပါတယ်။
တော်လှန်ရေးကို ဦးဆောင်သူတွေ အနေနဲ့ ပြည်တွင်းဒေသအသီသီးမှာ လက်နက်ကိုင်တပ်တွေထဲ ပါဝင်နေသူတွေ၊ မိမိတို့ နေထိုင်ရာ ကျေးရွာ မြို့တွေကို စစ်မြေပြင်ဖြစ်သွားသည့်တိုင် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်မယ်ဆိုခဲ့ရင် အပြစ်မတင်ဘဲ စွန့်လွှတ်မယ့် ပြည်သူလူထုတွေနဲ့ အတူမရှိကြဘဲ တခြားနိုင်ငံတွေကနေ အစည်းအဝေးလုပ် အွန်လိုင်းကနေ ညွှန်ကြားနေခဲ့ကြတာဟာ နွေဦးတော်လှန်ရေး အားနည်းလာတာရဲ့ အဓိက အကြောင်းတချက် ဖြစ်ပါတယ်။
အလားတူ နွေဦးတော်လှန်ရေး ဆိုတာထက် အစိုးရအဖွဲ့ တဖွဲ့နဲ့ အသွင်သဏ္ဌာန် တူညီအောင် ဝန်ကြီးဌာနပေါင်းများစွာ ဖွဲ့စည်းပြီး အတွင်းဝန်၊ ညွှန်ချုပ်၊ ဒုညွှန်ချုပ် စသဖြင့် အစိုးရအဖွဲ့တဖွဲ့ရဲ့ ဖွဲ့စည်းပုံတွေလို ဖွဲ့စည်းကာ လုပ်ပိုင်ခွင့် အကျိုးခံစားခွင့်တွေ သတ်မှတ်ပြီး လည်ပတ်ကြရာက အထောက်အကူပြုအဖွဲ့တွေနဲ့ အတူ အစိုးရအဖွဲ့ရဲ့ အရွယ်အစားက မလိုအပ်ဘဲ ကြီးမားလာခဲ့ကြတာ ဖြစ်ပါတယ်။
တနည်းအားဖြင့် ပြောရရင် အမည်အားဖြင့်သာ နွေဦးတော်လှန်ရေးဆိုပေမဲ့ NUG အစိုးရကို တော်လှန်ရေးကာလ အစိုးရဆိုတာထက် ပုံမှန်အစိုးရအဖွဲ့ တဖွဲ့လိုမျိုး မတူ တူအောင် ဖွဲ့စည်းလည်ပတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
NUG အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ အသံတွေ ဆူလာချိန်မှာ ဝန်ကြီးဌာနအချို့ကို ပေါင်းတာ၊ ဖျက်သိမ်းတာတွေ လုပ်ခဲ့တဲ့တိုင် NUG ဟာ တော်လှန်ရေး အစိုးရ အသွင်သဏ္ဌာန်ထက် ပြည်ပရောက် အစိုးရအသွင်သာ ပေါ်ထွက်နေတာလည်း ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အနေနဲ့က NUG နဲ့ မတူညီတဲ့ သဘာဝ ဖြစ်တဲ့ အမျိုးသားရေးဝါဒ Nationalism ဆိုတဲ့ စုစည်းမှုအင်အား တခုရှိနေတာဖြစ်သလို နေပြည်တော် တနည်းအားဖြင့် ဗဟိုအာဏာကို ရည်မှန်းချက်ထားပြီး လက်နက်ကိုင် တိုက်ခိုက်တာ မဟုတ်တာကြောင့် ဖြစ်နိုင်ခြေရှိတဲ့ ရည်မှန်းချက်၊ လက်တွေ့ကျတဲ့ ရည်မှန်းချက် ပန်းတိုင်နဲ့ သွားကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ၄င်းတို့ လူမျိုးတွေ အများစုနေထိုင်ကြတဲ့ ဒေသတွေကို ထိန်းချုပ်နိုင်ခဲ့ရင် ၄င်းတို့ရည်မှန်းချက် အောင်မြင်တဲ့ သဘောဖြစ်ပြီး ဒီမိုကရေစီအရေးက အဲဒီနောက်မှာမှ ဆုံးဖြတ်ရမယ့် ကိစ္စတရပ်သဖွယ်လည်း ဖြစ်နေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။
ပါမောက္ခ သစ်တီနန်ရဲ့ ဆောင်းပါးဆီ ပြန်ကြည့်ကြရင် သူက ပြည်တွင်းက တော်လှန်ရေးကို ဘဝနဲ့ ရင်းပြီးလုပ်ဆောင်နေကြတဲ့ ပြည်တွင်းတော်လှန်ရေး တပ်မှူးတွေ၊ တိုက်ပွဲဝင်ရဲဘော်တွေ အနေနဲ့ ပြည်ပက နိုင်ငံရေးခေါင်းဆောင်တွေကို ဦးဆောင်ကြမှသာ မြန်မာ့တော်လှန်ရေး အောင်မြင်လိမ့်မယ်လို့ ဆိုပါတယ်။
ပြည်တွင်းခေါင်းဆောင်မှုမှာ AA လို လက်နက်ကိုင်အဖွဲ့ကို သူက ခေါင်းဆောင်မှု စွမ်းရည်ရှိသူလို့ မြင်ပြီး တော်လှန်ရေးဟာ NUG ကနေ ခွဲထွက်ပြီး စစ်အာဏာရှင်ကို တကယ်တိုက်နေသူတွေနဲ့ ပြန်စုစည်းဖို့ တိုက်တွန်းထားတာလည်း တွေ့ရပါတယ်။
နိုင်ငံရေး သိပ္ပံပါမောက္ခ သစ်တီနန် ပြောသလို အခြေအနေ ဖြစ်လာနိုင်ခြေရှိရဲ့လား၊ Insurgency-industrial Complex ကို အဆုံးသတ်ပြီး လက်တွေ့ကျတဲ့ တော်လှန်ရေး ခေါင်းဆောင်မှု၊ တော်လှန်ရေးအစိုးရ အသွင်နဲ့ နွေဦးတော်လှန်ရေးကို ဦးမော့လာအောင် ပြန်လုပ်နိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar