Breaking News

မြန်မာကျပ်ငွေ တန်ဖိုးကျပြီး မတည်မငြိမ်ဖြစ်၊ ကုန်ဈေးနှုန်းတွေအပေါ် သက်ရောက်မှာ စိုးရိမ်

 

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၅ မြင်ကွင်း

(မိုးမခ) ၊ အောက်တိုဘာ ၁၆ ၊ ၂၀၂၆  

 

မြန်မာကျပ်ငွေ တန်ဖိုးကျပြီး မတည်မငြိမ်ဖြစ်၊ ကုန်ဈေးနှုန်းတွေအပေါ် သက်ရောက်မှာ စိုးရိမ်

ခုရက်ပိုင်းအတွင်း မြန်မာကျပ်ငွေဟာ အမေရိကန် ဒေါ်လာ၊ ထိုင်း ဘတ်၊ တရုတ် ယွမ် အစရှိတဲ့ နိုင်ငံခြားငွေကြေးတွေနဲ့ လဲလှယ်နှုန်းမှာ တန်ဖိုးသိသာစွာ ကျဆင်းလာနေတာကို သတင်းတွေမှာ တွေ့မြင်နေကြရပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်၊ ၃ နှစ်နီးပါးကာလအတွင်း အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၄၃၀၀ ကနေ ၄၄၀၀ ဝန်းကျင်အတွင်း ရှိနေခဲ့ရာက အခုရက်ပိုင်း သတင်းဖော်ပြချက်တွေအရ ပြင်ပငွေလဲဈေးကွက်မှာ ၄၆၀၀ ကနေ ၄၇၀၀ ဝန်းကျင်အထိ တန်ဖိုးကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ ဘယ်လာရုစ်နိုင်ငံက ပို့ကုန်ချေးငွေလို့ ခေါ်ဆိုတဲ့ ပစ္စည်းအနေနဲ့ တင်သွင်းပြီး ချေးငွေရယူဖို့ကိစ္စကို လွှတ်တော်က အတည်ပြုပေးလိုက်တဲ့သတင်း၊ စစ်အစိုးရက ဗဟိုဘဏ်ဆီက ကျပ် ဘီလီယံ ၂ ထောင်ကျော် ချေးယူမဲ့ကိစ္စ အတည်ပြုတဲ့သတင်းတွေ ထွက်ပေါ်ပြီးနောက်မှာ မြန်မာကျပ်ငွေ တန်ဖိုးကျလာတာ ဖြစ်ပါတယ်။

မြန်မာကျပ်ငွေ တန်ဖိုးကျတဲ့အကြောင်းရင်းက ဗဟိုဘဏ်ထံမှ အစိုးရငွေချေးမယ့်အချက်ကြောင့်လား၊ ဘယ်လာရုစ်နိုင်ငံက ချေးယူမဲ့ချေးငွေကိစ္စတွေပါ ပေါင်းစပ်ပါဝင်သလားဆိုတာ တိတိပပ ကောက်ချက်မချနိုင်သေးပါဘူး။ ဒါပေမဲ့ အာဏာသိမ်း မင်းအောင်လှိုင်အစိုးရအနေနဲ့ စစ်စရိတ်တွေ အလွန်အကျွံသုံးစွဲနေတာ၊ ကုန်ထုတ်လုပ်မှု ကျဆင်းနေတာနဲ့ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ကောင်းမွန်စွာ မလည်ပတ်နိုင်တဲ့ နိုင်ငံ့စီးပွားရေးကို ဗဟိုဘဏ်ချေးငွေ၊ အတိုးနှုန်းမြင့်တဲ့ နှစ်တိုပြည်ပချေးငွေတွေနဲ့ ကျားကန်ဖို့ ကြိုးစားမှုတခုအဖြစ် ရှုမြင်နေကြတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခါစကာလမှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁၄၀၀ ဝန်းကျင်သာ ရှိခဲ့ရာက လပိုင်းအကြာမှာ ကျပ် ၂၀၀၀ နီးပါးအထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းခါစကာလမှာပဲ စစ်အစိုးရအနေနဲ့ ဘဏ်တွေကတဆင့် လွှဲလာတဲ့ ပြည်ပနိုင်ငံခြားငွေအဝင်တွေကို ကုန်သည်တွေရဲ့ ပြည်ပပို့ကုန်တင်ပို့မှု အထောက်အထားတွေနဲ့ တိုက်ဆိုင်စစ်ဆေးတာ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အန်ဂျီအိုတွေကို အစိုးရဝန်ကြီးဌာနနဲ့ နားလည်မှုစာချွန်လွှာ ရှိ၊ မရှိ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုကန့်သတ်စစ်ဆေးမှုတွေကြောင့် ဘဏ်တွေကနေ တရားဝင်နိုင်ငံခြားငွေ ဝင်ရောက်တဲ့ပမာဏ သိသာစွာ လျော့နည်းလာခဲ့ပြီး အဆိုပါနှစ်တွေမှာတင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့တာ တွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီး နောက်တနှစ်အကြာ ၂၀၂၂ ခုနှစ်မှာ ကျပ်ငွေ ထပ်မံတန်ဖိုးကျဆင်းပြီး အမေရိကန် ၁ ဒေါ်လာကို ကျပ် ၃၀၀၀ ဝန်းကျင်အထိ ပထမဆုံး ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွေမှာလည်း ကျပ်ငွေတန်ဖိုး တဖြည်းဖြည်း ကျဆင်းလာရာက အမေရိကန် ၁ ဒေါ်လာကို ကျပ် ၄၀၀၀ ကျော်မှာ တနှစ်ကျော်၊ နှစ်နှစ်နီးပါး တန်းနေခဲ့ပြီး အခု ၂၀၂၆ ခုနှစ် နှစ်ကုန်ခါနီးမှာ ထပ်မံတန်ဖိုးကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

ခုနှစ်ပိုင်းတွေမှာ ပြည်တွင်းစစ်ပွဲရဲ့ ပုံသဏ္ဌာန် ပြောင်းလဲလာခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကို အစောပိုင်းနှစ်တွေနဲ့ နှိုင်းယှဉ်ရင် အဆနဲ့ချီ တိုးမြှင့်လုပ်ဆောင်လာတာ၊ ဒရုန်းတွေကို ပိုမိုအသုံးပြုလာတာ စတဲ့ စစ်ရေးနည်းဗျူဟာနဲ့ စစ်ပစ္စည်းအသုံးပြုမှု အပြောင်းအလဲတွေကြောင့် စစ်ပွဲအသုံးစရိတ်အတွက် နိုင်ငံခြားငွေလိုအပ်ချက် ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။

တဖက်မှာလည်း သဘာဝဓာတ်ငွေ့ တင်ပို့နိုင်စွမ်း လျော့ကျလာတာ၊ စစ်ပွဲတွေကြောင့် စိုက်ပျိုးရေးထုတ်ကုန်တွေ ကျဆင်းလာတာ၊ အထည်ချုပ်လုပ်ငန်းလို လုပ်ခစား၊ လက်ခစားလုပ်ငန်းတွေ ရပ်နားလာရတာတွေကြောင့် နိုင်ငံခြားငွေဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေ ကျဉ်းမြောင်းလာပါတယ်။

ဒီလိုအခြေအနေမှာ အာဏာသိမ်းစစ်တပ်ဟာ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဆီက ပြန်ပို့ငွေနဲ့ ဝင်ငွေခွန် ပိုမိုရရှိဖို့ စည်းမျဉ်းစည်းကမ်းတွေ အမျိုးမျိုးထုတ်ပြန်ပြီး ဖိအားပေးလာတာ ဖြစ်ပါတယ်။

ဝင်ငွေခွန်သာမက မိသားစုထံ ငွေလွှဲပို့ထားကြောင်း အထောက်အထားပြနိုင်မှ ပတ်စ်ပို့၊ စီအိုင် (CI) ထုတ်ပေးခြင်းနဲ့ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ပေးမယ့် စည်းကမ်းတွေ ချမှတ်လာသလို မြန်မာနိုင်ငံကို ခွင့်နဲ့ပြန်တဲ့အခါမှာလည်း ဝင်ငွေခွန်နဲ့ မိသားစုလွှဲငွေ အထောက်အထားတွေ ပြနိုင်မှ ပြန်လည်ထွက်ခွာခွင့်ပေးတဲ့ အခြေအနေတွေ ရှိလာပါတယ်။

ဒီအခြေအနေတွေဟာ မင်းအောင်လှိုင် စစ်အစိုးရအနေနဲ့ နိုင်ငံခြားငွေရရှိရေးကို ဘယ်လောက်အထိ အရေးတကြီး လိုအပ်နေသလဲဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။

စစ်ပွဲအသုံးစရိတ်တွေ မြင့်တက်နေချိန်မှာ ကုန်ထုတ်လုပ်နိုင်စွမ်းက လျော့ကျနေတဲ့ နှစ်ဘက်သွား စီးပွားရေးအကျပ်အတည်းအောက်မှာ ကျပ်ငွေတန်ဖိုးကျဆင်းလာတာ မထူးဆန်းဘူးလို့ ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ဝန်းကျင်အတွင်း စစ်အစိုးရဟာ ပြည်ပက ကုန်ပစ္စည်းတင်သွင်းမှုကို တရစ်ချင်း တင်းကျပ်လာခဲ့ပြီး နိုင်ငံခြားငွေဝယ်လိုအားကို လျှော့ချကာ ကျပ်ငွေတန်ဖိုး ထပ်မကျအောင် ကြိုးစားခဲ့တာ တွေ့ရပါတယ်။

အဲဒီကာလတွေမှာ ကျပ်ငွေတန်ဖိုး ကြီးကြီးမားမား ထပ်မကျဆင်းခဲ့ပေမဲ့ ပြည်တွင်းမှာတော့ ထိုင်း၊ တရုတ်နယ်စပ်က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ တစတစ ဈေးမြင့်တက်လာခဲ့ပြီး အခုလက်ရှိအချိန်မှာ မယုံနိုင်စရာ ဈေးနှုန်းတွေအထိ ဖြစ်လာနေတာပါ။

နဂိုကတည်းက ပြည်ပက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ မတန်မရာဈေးနှုန်းတွေ ဖြစ်နေချိန်မှာ မြန်မာကျပ်ငွေတန်ဖိုးကျတဲ့ ဂယက် ထပ်မံရိုက်ခတ်လာတဲ့အခါ စားသုံးဆီ၊ လောင်စာဆီ၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေဟာ နဂိုတက်ပြီးသားဈေးထက် ထပ်မံမြင့်တက်လာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

ပြည်သူလူထုတွေအနေနဲ့ စစ်ပွဲတွေ၊ စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် ဝင်ငွေကျပ်တည်းနေကြချိန်မှာ အခုလို မြန်မာကျပ်ငွေ တန်ဖိုးကျတဲ့ အနေအထားက လူထုအဖို့ မြွေပူရာကင်းမှောင့် ဖြစ်စေမှာပါ။

ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်တို့လို မြို့ကြီးတွေထက် ကုန်သွယ်မှုလမ်းခရီးခက်ခဲတဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းထဲက အချို့သောဒေသတွေနဲ့ ပိတ်ဆို့ခံထားရတဲ့ ရခိုင်ပြည်နယ်တို့မှာ ကုန်ပစ္စည်းတွေကို ပိုမိုမြင့်မားတဲ့ ဈေးနှုန်းတွေနဲ့ ဝယ်ယူနေကြရတာမို့ အခုထက်ပိုပြီး ကြပ်တည်းကြရမဲ့ အနေအထား ဖြစ်ပါတယ်။

ခြုံပြီးဆိုရရင် ပြည်တွင်းစစ်နဲ့ ဒွန်တွဲနေတဲ့ စစ်ပွဲစီးပွားရေးကာလ၊ ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာ မူဝါဒအလွဲတွေ၊ စစ်ရေးအသုံးစရိတ်အတွက် ကျန်တဲ့ စီးပွားရေးအသုံးစရိတ်တွေကို ဖြတ်တောက်နေရတဲ့ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ခံစားကြရမှာ ဖြစ်ပါတယ်။

ကုန်ပစ္စည်းတင်သွင်းရာမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ကို အားထားခြင်းမပြုဘဲ ငွေကြေးစနစ်အားဖြင့်လည်း သီးခြားရပ်တည်နေကြတဲ့ ဝပြည်နဲ့ ကိုးကန့်ဒေသတို့လို နေရာတွေကလွဲရင် ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုရဲ့ ဒဏ်ကို ဒေသအသီးသီးက ပြည်သူတွေ အနည်းနဲ့အများ ခံစားကြရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် စစ်ဘေးရှောင်နေရသူတွေ၊ နေ့စားလုပ်သားတွေ၊ ပုံမှန်ဝင်ငွေမရှိသူတွေနဲ့ လစာဝင်ငွေတခုတည်းကို အားထားနေရတဲ့ မိသားစုတွေအတွက် ကုန်ဈေးနှုန်းမြင့်တက်မှုဟာ စားသောက်ရေးကို လျှော့ချရတာ၊ ဆေးကုသမှုကို ရွှေ့ဆိုင်းရတာ၊ ကလေးတွေရဲ့ ပညာရေးအသုံးစရိတ်ကို ဖြတ်တောက်ရတာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ငွေကြေးတန်ဖိုးကျဆင်းမှုရဲ့ အကျိုးဆက်ကို လူတိုင်း တန်းတူခံစားရတာ မဟုတ်ဘဲ ဝင်ငွေနည်းပါးသူတွေနဲ့ စစ်ပွဲဒဏ်ခံနေရသူတွေက ပိုမိုပြင်းထန်စွာ ခံစားကြရမှာ ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ငွေကြေးတန်ဖိုးဟာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ လဲလှယ်နှုန်းတခုတည်းနဲ့ ဆုံးဖြတ်နိုင်တာ မဟုတ်ပါဘူး။ ကုန်ထုတ်လုပ်နိုင်စွမ်း၊ ကုန်သွယ်ရေး၊ နိုင်ငံခြားငွေဝင်ရောက်မှုနဲ့ စီးပွားရေးအပေါ် ယုံကြည်မှုတို့အပေါ် အခြေခံနေတာ ဖြစ်ပါတယ်။ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံရဲ့ အရင်းအမြစ်တွေကို စစ်ရေးအသုံးစရိတ်အတွက် အဓိကသုံးစွဲနေရတဲ့ အခြေအနေမှာ ငွေကြေးနဲ့ စီးပွားရေးတည်ငြိမ်မှု ပြန်လည်ရရှိဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံးမှာ မေးခွန်းထုတ်စရာက အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ဘယ်လောက်အထိ ရောက်သွားမလဲ ဆိုတာထက် မြန်မာပြည်သူတဦးရဲ့ တနေ့တာလုပ်အားခနဲ့ မိသားစုတစုရဲ့ အခြေခံစားဝတ်နေရေးကို ဘယ်လောက်အထိ ဖြည့်ဆည်းနိုင်တော့မလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေကြေးအကျပ်အတည်းဟာ စီးပွားရေးပြဿနာသက်သက် မဟုတ်တော့ဘဲ ပြည်တွင်းစစ်နဲ့ နိုင်ငံရေးအကျပ်အတည်းတို့ရဲ့ အကျိုးဆက်တွေကို ပြည်သူလူထုက နေ့စဉ်ဘဝမှာ ဘယ်လောက်အထိ ခံစားနေကြရသလဲဆိုတာ ထင်ဟပ်ပြသနေတဲ့ အခြေအနေတခုလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar