Breaking News

မောင်စွမ်းရည် - ပြောမှား ရေးမှား မြန်မာစကား



မောင်စွမ်းရည် - ပြောမှား ရေးမှား မြန်မာစကား

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၀

ကျွန်တော်တို့ နေ့စဉ် ရေးကြ ပြောကြတဲ့ မြန်မာစကားတွေမှာ ရေးမှား၊ ပြောမှား ဖြစ်နေကြတာလေးတွေကို နေ့စဉ် တွေ့နေရပါတယ်။

အင်္ဂလိပ်စကား (အရှင်သခင်ဟောင်းရဲ့ စကား)ကိုတော့ တလေးတစား မမှားအောင် ရေးဖို့၊ ပြောဖို့၊ ကြိုးစားကြပေမယ့် မြန်မာစကား ပြောမှား၊ ရေးမှား ဖြစ်ကြရင်တော့ “ကျုပ်တို့က ဘုန်းကြီးကျောင်းလည်း မနေခဲ့ရဖူးတော့…” ဆိုပြီး ဘုန်းကြီးကျောင်းထွက် မဟုတ်ခဲ့ရတာကိုပဲ ဂုဏ်ယူသလိုလို ပြောဆိုတတ်ကြပါ သေးတယ်။

မှားပြီး ပြောမိ၊ ဆိုမိကြတာကလည်း တချို့ကတော့ အင်္ဂလိပ်စာလေး မတောက်တခေါက် သင်ခဲ့မိလို့ အင်္ဂလိပ် သဒ္ဒါကို အတုယူပြီး မှားမိကြဟန် ရှိပါတယ်။ မြန်မာသဒ္ဒါမှာ အင်္ဂလိပ်သဒ္ဒါလို Tense (ကာလ) သဒ္ဒါ မရှိပါဘူး။ မြန်မာကြိယာတွေမှာ ‘ကာလ’ မရှိပါဘူး။ Go, Went, Gone လို မူလကြိယာ ပြောင်းလဲမသွားပါဘူး။ မနေ့က သွားတယ်။ ဒီနေ့ သွားတယ်။ မနက်ဖြန် သွားမယ်။ အနာဂတ်ကာလအတွက် ‘မယ်’ ဆိုတဲ့ နောက်ဆက်ကလေး ထည့်ပေးပါတယ်။ တချို့က ‘ခဲ့’ကို အတိတ်ကာလကြိယာ နောက်ဆက် အဖြစ် ထည့်သွင်း အသုံးပြုကြပါတယ်။ (မယ် - ဆိုတာက ‘မည်’က ပြောင်းလဲလာတာပါ။)

၁။ မင်း ဘယ်တုန်းက လာသလဲ။

၂။ ငါ မနေ့က လာတယ်။ – ဒါပဲ၊ ပြီးပြီ။ အဲဒါကို။

၁။ မင်း မနေ့တုန်းက လာ(ခဲ့)သလဲ။

၂။ ငါ မနေ့က လာ(ခဲ့)တယ်… လို့ ‘ခဲ့’ ပါနေစရာ မလိုဘူး။ (ခဲ့) ပါတော့လည်း ဘာမှ မထူး။ မပါလည်း ဘာမှ မထူးဘူး။

‘ခဲ့’ကို အတိတ်ကာလ ကြိယာနောက်ဆက်လို့ ထင်ရင် ‘မင်း မနက်ဖြန် ငါ့ဆီ လာ(ခဲ့)ပါ’ လို့ ပြောကြည့်ပါ။ အဲဒါမကသေးဘူး။ မနက်ဖြန် ဆိုတော့ အနာဂတ်ပေါ့။ ဘာသာပြန်အစွဲနဲ့ ‘ခဲ့’ကို အတိတ်ကာလ နောက်ဆက်လို့ အစွဲမထားပါလေနဲ့။

နောက်တစ်ခုကတော့ ‘ပါ’ ကို အယဉ်အကြော့သုံး ကြိယာနောက်ဆက်လို့ အစွဲထားနေကြဟန်ရှိတဲ့ ကိစ္စပါပဲ။ နမူနာ ပြောပြမယ်။

၁။ မင်းကို ငါက ဆဲပါတယ်။

၂။ မင်းနှမကို ငါ့ပေးပါလို့ ငါ တောင်းပါတယ်။

ကဲ… ဘယ်လိုလဲ။

အသုံးမှားနေတာလေးတွေ ထပ်ပြီး ပြောချင်သေးတယ်။ အထက်မှာ ပြောပြလိုက်တဲ့ ဥပမာမှာ ‘နှမ’ ဆိုတဲ့ စကားလုံး ပါသွားတယ်။ အဲဒါလည်း မှန်အောင်သုံးတတ်ဖို့ လိုတယ်။

၁။ မင်းနဲ့ ဒီကလေးမနဲ့ ဘယ်လို တော်စပ်သလဲ။ (ဘာတော်သလဲ)

မင်းနဲ့ ဒီကလေးမတို့ဟာ အမေ၊ အဖေ (မိဘ)တဦး၊ ‘မောင်နှမ’ တော်တယ်လို့ ပြောရတယ်။

“သူက ကျွန်တော့်နှမပါ”လို့ ပြောရတယ်။ အဲဒါကို သူက ကျွန်တော့် ‘ညီမ’ပါလို့ မပြောရဘူး။ ‘ညီမ’ ဆိုတာက မိန်းမချင်းကိုမှ ပြောရတယ်။ တမိတည်းက ဖွားတဲ့ မိန်းကလေးနှစ်ဦးကို ‘ညီအစ်မ’ တော်တယ်လို့ ခေါ်ရတယ်။ ယောက်ျားလေးတယောက်က တမိတည်းဖွား မိန်းကလေးကို ‘ညီမလေး’ မခေါ်ရဘူး။ ခေါ်ရင် မှားတယ်။ ‘နှမလေး’လို့ ခေါ်ရတယ်။

ပွဲထဲ၊ ဇာတ်ထဲမှာ နှစ်ပါးသွားအက ထွက်လာရင် သတိထားကြည့်။ ‘နှမငဲ့’၊ ‘နှမတော်လေးငဲ့’ စသဖြင့် ခေါ်တယ်။

“မောင်တော်၊ နှမတော်၊ စက်တော်ခေါ်၊ ဘုန်းတော်နေသို့၊ တောက်စေသော်ဝ်’လို့ ဇာတ်ပွဲထဲမှာ ဆုတောင်းမေတ္တာပို့ကြတာ ငယ်စဉ်က မှတ်သားစွဲလမ်းခဲ့ဖူးပါတယ်။ ‘မောင်တော်၊ ညီမတော်’လို့ မခေါ်ပါဘူး။

‘ညီမ’ ဆိုတာ တမိတည်းဖွား မိန်းကလေးနှစ်ဦးအတွက် အကြီးက အငယ်ကို ခေါ်တဲ့စကား ဖြစ်ပါတယ်။ ‘ဘာတော်ကြသလဲ’ မေးရင် ‘ညီအစ်မ’ တော်စပ်တယ်လို့ ဖြေရပါတယ်။ စာနဲ့ရေးရင် ‘အစ်မ’လို့ ရေးရပါတယ်။ ဒီခေတ်မှာတော့ ‘ညီအစ်ကို၊ အစ်မ’တွေ မရေးတော့တာ သတိပြုမိပါတယ်။ အဘိဓာန်မှာ ဘယ်လို ရေးရေး ‘အများညီ ဤကို ကျွဲဖတ်’ ဆိုတဲ့ မြန်မာဆိုရိုးစကားကိုပဲ လိုက်နာ ကျင့်သုံးနေကြလေရဲ့။

ဘယ်လိုပဲ ရှေးက ဆိုရိုးရှိရှိ၊ အမှားကြာ အမှန်မဖြစ်အောင်လို့ သိသူ၊ သတိထားမိသူတွေက ‘အမှား’ကို ထောက်ပြကြဖို့တော့ လိုပါမယ်။ ‘ဆိုရေးရှိက၊ ဆိုအပ်လှ’တဲ့။ နောက်တမျိုး ထပ်ပြီး ဆိုပါရစေဦး။

ယောက္ခမ တဲ့၊ ယောက္ခထီး တဲ့။ အလွယ်ပြောကြတာပေါ့။ ယောက္ခမ ဆိုတာ အထီးရော၊ အမရော သုံးလို့ရပါတယ်။ ယောက္ခထီးလို့ သုံးတာတော့ အမှန်မဟုတ်ဘူး။ အမှန်က ယောက္ခမ အမကို ‘ယောက္ခမမိန်းမသူ’၊ ယောက္ခမအထီးကို ‘ယောက္ခမယောကျ်ားသူ’လို့ ခွဲပြီး ခေါ်ရပါတယ်။ မန္တလေးမြို့မှာ (ခုခေတ် မဟုတ်) ကျွန်တော်တို့ငယ်ငယ်တုန်းက ‘ယောက္ခမယောက်ျားသူ၊ ယောက္ခမမိန်းမသူ’လို့ ခွဲသုံးတာ ရှိသေးတယ်။ ရန်ကုန်မှာ အဲသလို ခွဲမသုံးဘူး။ ရန်ကုန်မှာ ‘ညီမ’ နဲ့ ‘နှမ’ လည်း ခွဲမသုံးကြဘူး။

‘ညီမလေးရယ် စိုးရိမ်မိတယ်’ အောက်သားစာရေးဆရာ သုံးစွဲခဲ့တဲ့ စကားပါ။ အညာသားတွေကတော့ ဆဲတာတောင်မှ ‘နှမပေးယောက်ဖ စာကလေးပေါက်စ’ လို့ ဆဲတာပါ။ ‘ညီမလေး’ ယောက်ျားတွေက လုံးဝ မပြောခဲ့ပါ။

မိန်းမတွေက ယောက်ျားဘက်က အစ်မကို ဖြစ်စေ၊ နှမကို ဖြစ်စေ ‘ယောက်မ’လို့ ခေါ်ပါတယ်။ ‘ယောက်မ’ကို တချို့က အလွယ်လိုက်ပြီးတော့ ‘ယောင်းမ’လို့ ရေးကြ၊ ပြောကြတာကို တွင်တွင်ကျယ်ကျယ် လုပ်လာကြတာဟာ မှားပါတယ်။ ထမင်းအိုးကို မွှေတဲ့ သစ်သားဇွန်းကြီးကို ‘ယောက်မ’လို့ပဲ ခေါ်ရပါတယ်။ ‘ယောင်းမ’လို့ မခေါ်ရပါ။ အပြောမှားတော့ အရေးမှားကြတာပါပဲ။

တချို့က ထူးထူးဆန်းဆန်း မှားလာတာ တွေ့နေရပါတယ်။ တချို့ အပြောမှားနေတာ မသိသာပေမယ့် အရေးမှားလာတာကျတော့ သိသာထင်ရှားပါတယ်။ ပညာတတ်ကို ပညာတက်တဲ့။ ‘တဝမ်းပူ’ တသတ်(တ်) ရေးရမှာကို တဝမ်းပူ ကကြီးသတ်(က်)နဲ့ ရေးနေကြပါတယ်။ ‘ပြောတတ် ဆိုတတ်’ကိုလည်း ‘ပြောတက် ဆိုတက်’လို့ ကကြီးသတ် ရေးနေကြတာ တွေ့ရပါတယ်။ ပုံနှိပ်စက်မှာလည်း အယ်ဒီတာ စာတည်း တွေက မပြင်ကြပါဘူး။ စာပြင်ဆရာ(ပရုဖ်ဖတ်သူ)တွေကလည်း မပြင်ကြပါဘူး။ ဒီအမှားကလည်း တွင်ကျယ်လာနေလို့ သတိပြုပြီး မှန်အောင် ရေးကြ၊ ပြောကြပါလို့ သတိပေးပါရစေ။

အံ့ဩစရာတခုကတော့ မြန်မာစာပါမောက္ခတဦးက “ဘာဖြစ်သလဲ” ဆိုတာကို “ဘာဖြစ်သလည်း” လို့ ရေးလိုက်တာ တွေ့ရခြင်းပါပဲ။ ‘သို့သော်လဲ’ရဲ့ မူရင်းစာအရေးအသားဟာ ‘သို့သော်လည်း’ဖြစ်ပေမယ့် ‘ဘာဖြစ် တာလဲ’ ဆိုတဲ့ စကားရဲ့ မူရင်းအရေးအသားက ‘ဘာဖြစ်သနည်း’က လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ‘ဘာဖြစ်သလည်း’ လို့ ရေးရင် မှားပါတယ်။

ဘယ်လူမျိုးမဆို ကိုယ့်စာ၊ ကိုယ့်စကားကို အလေးထားရပါတယ်။ စကားပြောရင်လည်း ပီပီသသ မှန်မှန်ကန်ကန် ပြောကြရပါမယ်။ စာရေးကြရင်လည်း ပီပီသသ မှန်မှန်ကန်ကန် ရေးကြရပါမယ်။ စကားသံများဟာ ပြောင်းလဲရိုးရှိလို့ စာရေးရင် စကားသံကိုလိုက်ပြီး ရေးလေ့ရှိပါတယ်။ ရေးတဲ့အခါမှာ စနစ်တကျ မှန်မှန်ကန်ကန် ရေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

မြန်မာနိုင်ငံ ဗြိတိသျှလက်အောက် ကျွန်သပေါက်ဘဝတုန်းက အမျိုးသားရေး ကြွေးကြော်သံတခုလို ဖြစ်သွားခဲ့ပါတယ်။ သမိုင်းဝင်စကား၊ သမိုင်းဝင် ကြွေးကြော်သံဖြစ်လို့ တို့ဗမာတွေအားလုံး မှတ်မိသိရှိနေကြ မှာပါ။

‘သခင်မျိုးဟေ့ တို့ဗမာ’၊ ‘တို့စာကို ချစ်ပါ’၊ ‘တို့စာကို ချစ်ပါ’၊ ‘တို့စကားကို လေးစားပါ’တဲ့။

ဆရာကြီးသခင်ဗသောင်းက စတင်တီထွင် ကြွေးကြော်ခဲ့တာပါ။ ဒီကြွေးကြော်သံနဲ့ပဲ ‘တို့ဗမာအစည်း အရုံး’ကို တည်ထောင်ပြီး လွတ်လပ်ရေးကို တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒီအဖွဲ့အစည်း၊ ဒီပါတီကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ သခင်လှဖေ(ဗိုလ်လကျ်ာ)၊ သခင်နု၊ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း စတဲ့ နိုင်ငံရေးသမားတွေ ပါဝင်ဦးဆောင် ရုန်းကန်ခဲ့ကြလို့ ဗမာ့လွတ်လပ်ရေးကြီး ရရှိခဲ့ကြတာ မဟုတ်လား။ တို့စာ၊ တို့စကားကို မလေးစားကြတာဟာ ကျွန်စိတ်ပါ။ ကျွန်စိတ်ဝင်ရင် ကျွန်ဘဝကို ပြန်ရောက်တတ်ပါတယ်။ သတိထားကြပါ။ အထူးသတိပြုကြပါ။

သခင်မျိုးဟေ့ တို့ဗမာ။

ကိုယ့်စာ ကိုယ်ချစ်ပါ၊ ကိုယ့်စာ ကိုယ်လေးစားပါ။

ဆက်ပြီးရေးပါဦးမယ်။

ကျွန်တော် မောင်စွမ်းရည်ပါ။

မောင်စွမ်းရည်
၂၀၁၉ ဒီဇင်ဘာ ၂၅