လေးစမ်းဝင်း - နာလန်ထူဖို့မလွယ်တဲ့ ပြည်သူတွေ ဒုက္ခမသေးလှ
လေးစမ်းဝင်း - နာလန်ထူဖို့မလွယ်တဲ့ ပြည်သူတွေ ဒုက္ခမသေးလှ
မိုးမခ ၊ ဧပြီ ၂၀ ၊ ၂၀၂၅
“ပြည်သူက ပြည်သူကို ကူ”
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်အပြီး နှစ်ပတ်ကျော်ကြာတော့ အပျက်အစီးပုံတွေအကြား လူတွေရှာဖွေကယ်တင်ရေး လုပ်ငန်းများ ရပ်နားလိုက်ပြီဖြစ်တယ်။
“အခုအဆင့်ဟာ ရှာဖွေ ကယ်ဆယ်တဲ့ “life saving” ဆိုတဲ့ အဆင့်ကနေ ရှင်နေတဲ့ အသက်တွေကို မဆုံးရှုံးရလေအောင် ကာကွယ်စောင့်ရှောက် မွေးမြူကြရမယ့် “life preserving” အဆင့်ကို ကူးပြောင်းရောက်ရှိသွားပြီ” လို့ ကုလလက်အောက်ခံအဖွဲ့အစည်းတခုက မီဒီယာကို ပြောတယ်။
ငလျင်လှုပ်ပြီးကတည်းက ငလျင်မြေပြင်ဆီ အရောက်သွားပြီး ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဥ် UNDP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် တီတွန် မီထြာ က ဘီဘီစီမြန်မာပိုင်းကို ပြောခဲ့တာပါ။ သူ ပြောပြခဲ့တဲ့ အတွေ့အကြုံနဲ့ အချက်အလက်တချို့ဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပထမဆုံး သူ ထောက်ပြခဲ့တဲ့ ငလျင်ဘေးကို အမြန်ဆန်ဆုံး တုံ့ပြန်ကယ်တင်ခဲ့သူတွေဟာ မြန်မာပြည်သူတွေ ကိုယ်တိုင်ပဲ ဆိုတဲ့စကား။
အမှန်ဆုံးပါပဲ။ အခုအချိန်အထိ အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ ငလျင်ဘေးကို ပြောပလောက်စရာ ထောက်ကူ ကယ်တင်ရေးလုပ်တာ တခုမှ မမြင်ရသေးပါဘူး။ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ လုပ်ဆောင်ချက်တွေ ကောင်းလွန်းလို့ ရှေ့တန်းရောက်ခဲ့တဲ့ လူကယ်ပြန်ဝန်ကြီးဌာန၊ အခု ငလျင်ဘေးမှာ တစွန်းတစတောင် မတွေ့ မမြင်ရဘူး။ ဖေ့စ်ဘွတ်ပေ့ချ်ထောင်ပြီး ရှေ့ထွက်လာတဲ့ စစ်တပ် လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ပိုဆိုးတယ်။ ရုရှားဆေးအဖွဲ့တို့၊ အိန္ဒိယဆေးအဖွဲ့တို့က ရွေ့လျားဆေးရုံတွေ ဖွင့်ပြီး ဆေးကုသနေတာကို ကျန်းမာရေးဝန်ကြီးဌာနက လုပ်နေသယောင်ယောင် ဝါဒဖြန့်တယ်။ တော်တော်မျက်နှာပြောင်တဲ့ ကျန်းမာရေးဌာနပါ။
“ကူးစက်ရောဂါတွေ ခေါင်းထောင် မလာစေဖို့”
UNDPကိုယ်စားလှယ်ရဲ့ ပြောစကားအရတော့ သူတို့လို ကုလလက်အောက်ခံအဖွဲ့အစည်းတွေနဲ့ NGO တို့ရဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို ငလျင်ဘေးဒဏ်ခံ ပြည်သူတွေလက်ထဲ အရောက်ထည့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တားတာ ဆီးတာလည်း မကြုံခဲ့ရပါဘူးတဲ့။ တခုပဲရှိတာက ကုလလက်အောက်ခံအဖွဲ့အစည်းတွေမှာ လူအင်အားရှိပေမယ့် ငွေအင်အားကတော့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိပြီး၊ ရှိတာနဲ့ ကူညီပေးနေရပါသတဲ့။ အခု စိုးရိမ်စရာတခု ရှိနေတာကတော့ ရေကနေတဆင့် ကူးစက်တဲ့ ရောဂါမျိုးတွေ တွေ့လာရတယ် ဆိုတာမျိုး ကြားနေရပြီ။
ငလျင်ဘေးနောက်ဆက်တွဲ ကူးစက်ရောဂါတွေ ခေါင်းထောင်ထလာမယ့် ပြဿနာပါ။ “အခုဆိုရင် အဖွဲ့အစည်း တော်တော်များများက မြစ်ထဲကရေကို စုပ်တင်ပြီး သန့်ရှင်းအောင် လုပ်ပေးတဲ့ စက်တွေ ထားရှိပေးနိုင်ဖို့ လုပ်ဆောင်လာကြတယ်” လို့ ကုလကိုယ်စားလှယ်က ပြောပါတယ်။ ဒီလိုလုပ်ပေးနေတာကို စစ်ကိုင်းက မြစ် ဘေးတနေရာမှာ ဓာတ်ပုံနဲ့တကွ တွေ့မြင်လိုက်ရတယ်။ ကြက်ခြေနီတဖွဲ့က လုပ်ဆောင်ပေးနေတာဖြစ်ပြီး၊ အဲဒီသန့်စင်ပြီး ရေတွေကို ရေကားတွေနဲတင်၊ စစ်ကိုင်းမြို့ထဲ လှည့်ပြီး ဝေပေးနေတာလည်း တွေ့လိုက်ရတယ်။ ဒါကြောင့်ပဲ ထင်တယ်။ ငလျင်ဒဏ်သင့်ဒေသတွေမှာ ကူးစက်ရောဂါတွေ ဆိုးဆိုးဝါးဝါး ခေါင်းထောင်ထလာတယ်ဆိုတဲ့ သတင်းမျိုး ဒီနေ့အထိ မကြားရသေးတာ အဆိုးထဲက အကောင်းပါပဲ။
“စစ်တပ်ထိန်းချုပ် ၇၀ ရာခိုင်နှုန်း”
ငလျင်ဘေး ကူညီကယ်တင်ရေးလုပ်ငန်းကို ဘာတခုမှ ထိထိရောက်ရောက်လုပ်တာ မတွေ့ရသေးတဲ့ အာဏာသိမ်းစစ်တပ် ထိန်းချုပ်နယ်မြေ ၇၀ ရာခိုင်နှုန်းဟာ ငလျင်ဘေးသင့်ဒေသတွေ ဖြစ်နေ ဆိုတဲ့ အချက်ဟာ စိုးရိမ်စရာအကောင်းဆုံးအချက်ပါပဲ။ စိန်ခေါ်ချက် အတော်ပြင်းတယ်။ ငလျင်ဘေးသင့် လူဦးရေ ၁၇ သန်းအနက် လူဦးရေ ၆ သောင်းဟာ အခုအချိန်အထိ ဟင်လင်းပြင်တွေမှာ နေထိုင် စားသောက်နေကြရတုန်း ဆိုတဲ့အချက်ကလည်း စိတ်မကောင်းစရာပါ။ ဒီအချက်တွေနဲ့ စောစောကပြောတဲ့ ကုလအဖွဲ့အစည်းတွေရဲ့ ရန်ပုံငွေ ၃၀ရာခိုင်နှုန်းနဲ့ ရှိတာ ကူညီပေးနေ ဆိုတဲ့အချက် ပေါင်းစပ်ကြည့်လိုက်ရင် ငလျင်အရေး ရင်လေးဖွယ်ရာပါ။
ကုလအဖွဲ့အစည်းတွေကတော့ ငလျင်ဒဏ်သင့်ဒေသတွေမှာ အိုးအိမ်အသစ်တွေ ပြန်လည်ထူထောင်ပေးဖို့ အာရုံစိုက် လုပ်ဆောင်ပေးမယ်၊ အခု ဟင်းလင်းပြင်မှာ နေနေကြရတဲ့ လူ ၆ သောင်းလောက်အတွက် အိုးအိမ် အသစ် ၁ သောင်းလောက် လိုမယ်လို့ ကုလက တွက်ချက်ထားတယ်။ ဒီအိုးအိမ်အသစ် တည်ဆောက်ရေး စီမံကိန်းဟာ မြန်မာ့သမိုင်းမှာ အကြီးမားဆုံးစီမံကိန်းကြီး ဖြစ်လာပါလိမ့်မယ်။ ယာယီနေဖို့မဟုတ်ဘဲ အမြဲတမ်း နေထိုင်နိုင်ပြီး နောင်လာမယ့် သဘာဝဘေးတွေကို ကြံ့ကြံ့ခံနိုင်မယ့် အိုးအိမ်အသစ်တွေ တည်ထောင်ပေးမှာ ဖြစ်တယ်လို့လည်း သတင်းကောင်းအဖြစ် ကြားရတယ်။
“၃၀ ရာခိုင်နှုန်းအတွက် ကျပ်သိန်းပေါင်း ၂၀၀၀ ကျော်”
ကုလကိုယ်စားလှယ်ရဲ့ အဆိုအရဆို ငလျင်ဘေးဒဏ်သင့်ဒေသ ၇၀ ရာခိုင်နှုန်းဟာ စစ်တပ်ထိန်းချုပ်မှု အောက်မှာ ရှိနေပြီး ကျန် ၃၀ ရာခိုင်နှုန်းဟာ NUG နဲ့ တိုင်းရင်းသားတပ်ဖွဲ့တချို့တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေတယ်။ ဒီဒေသတွေမှာ ငလျင်ဘေးသင့် လူဦးရေ ဘယ်လောက်ရှိပြီး၊ ဘယ်ရွေ့ဘယ်မျှ ကူညီ ကယ်တင်ထား ဆိုတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လူထုကို ချပြဖို့လိုမယ်။ ဧပြီ ၁၄ ရက်၊ NUG အောက်က လူသားစာနာဝန်ကြီးဌာန ထုတ်ပြန်ချက်အရတော့ ငလျင်ဘေးသင့် လူထု ၇,၃၀၀ ကျော်အတွက် ကျပ်သိန်းပေါင်း ၂,၂၀၀ ကျော် ထောက်ပံ့ကူညီထားတယ်လို့ သိရတယ်။
ချုပ်ရရင်တော့ အချိန်က မနားတမ်းသွားနေသလို ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေကလည်း သူ့အစီအစဉ်နဲ့ သူ မနားတမ်း သွားနေမှ ဘေးဒဏ်သင့် ပြည်သူတွေ ခံစားကြရတဲ့ ဒဏ်ရာသက်သာမယ်။ နို့မို့ မလွယ်ရေးချ မလွယ်။ မြန်မာပြည်သူတွေဟာ ၂၀၁၉ ကတည်းက ကိုဗစ်ဒုက္ခ၊ အဲဒီနောက် စစ်အာဏာသိမ်းဒုက္ခ၊ ရေဘေးနဲ့ အခု ကြီးမားတဲ့ ငလျင်ဘေးတွေကို တခုပြီးတခု ဆက်တိုက်ခံစားခဲ့ကြရတယ်။ ကုလအရာရှိတွေ သတိပေးနေသလို ပြည်သူတွေဟာ အလားတူဘေးဒုက္ခတွေကို ဆက်လက်ခံစားနိုင်စွမ်း မရှိကြတော့သလို အောက်ကခံထားတဲ့ အသက်ကယ်ပိုက်ကွန်လည်း မရှိတော့တဲ့ အခြေအနေပါ။ နာလန်ထူဖို့မလွယ်တဲ့ ပြည်သူတွေ ဒုက္ခ မသေးလှ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar