အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၀ )
မဟာပထဝီမြေကြီးပေါ်မှာ ရပ်တည်ရှင်သန်နေရတဲ့ ကျနော်တို့ဟာ မဟာပထဝီမြေကြီးကိုယ်တိုင် ဆောက်တည်ရာမဲ့ လှုပ်ခတ်နေမှတော့ ကျနော်တို့ ဘာလုပ်ရပါတော့မည်နည်း။
ဒီမနက် မိုးအုံ့နေတယ်။
ဆေးရုံကဆင်းတာ ၁၀ ရက်ရှိပြီ။ ခြစ်ထားတဲ့ ဆီးကျိတ်က နာနေသေးတယ်။ ဆီးသွားတဲ့အခါ သွေးပါနေတုန်းပဲ။ ဆရာဝန် ပေးတဲ့ Lycomin ဆေးသောက်တယ်။ တလ သောက်ရမယ်လို့ ညွှန်ထားပါတယ်။ Lycomin ဆေးအကြောင်းကို ကို google serch မှာ ရှာကြည့်တယ်။ ထမင်းစားပြီးရေအေးနဲ့ တနေ့ တစ်လုံး သောက်ရမယ် ဗီတာမင် အားဆေးလို့ သိရတယ်။ B1,B2,B12 များပါဝင်တယ်လို့ သိရတယ်။
ပါချုပ်ဆရာတော်ရဲ့ ၁၃၈၇ နှစ်ဦးကာလ တရားကို နာဖြစ်တယ်။ သင့်တင့် ကောင်းမြတ် လျောက်ပတ်တဲ့အရပ်မှာနေခြင်း၊ ယုံကြည်မှုသဒ္ဓါ ရှိခြင်း၊ ကောင်းသော ကိုယ်ကျင့်သီလ ရှိခြင်း၊ ုပညာရှိခြင်းတို့ဟာ အရေးကြီးတယ်၊ နှစ်သစ်မှာ အကောင်းတွေကိုသာ မျှော်လင့်မထားသင့်ကြောင်း ကျွန်တော် မှတ်သားမိတယ်။
မြန်မာ့နိုင်ငံရေးသတင်းတွေကတော့ နည်းနည်းထူးပါတယ်။ အာစီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က မင်းအောင်လှိုင်နဲ့ တွေ့တယ်။ NUG ထိပ်ပိုင်းအဖွဲ့တွေနဲ့လည်း ဗီဒီယိုကောလ်နဲ့ တွေ့တယ်။ မတ်လ ၂၈ ရက်နေ့က လှုပ်သွားတဲ့ မန္တလေးငလျင်ဒုက္ခသည်တွေကိုကူညီရေး အဓိကထားဆွေးနွေးတယ်လို့ သိရတယ်။ ဒေါ်ဇင်မာအောင်ကတော့ ပြည်သူတွေကို အလွန်အကျွံ အကောင်းမျှော်လင့်မထားဖို့ ပြောပါတယ်။
ပျဉ်းမနားသူငယ်ချင်းတစ်ယောက်စောစောစီးစီးရောက်လာတယ်။ သူ့ရဲ့တယ်လီဖုန်းပြင်ဆိုင်ကလေး ငလျင်ဒဏ်ကြောင့် ပြိုသွားတာကြောင့် ဆိုင်ပိတ်လိုက်ရကြောင်း၊ အခု ရန်ကုန်မှာ ဆိုလာတွေ လိုက်လံတပ်ဆင်ပေးတဲ့ အလုပ်ကို လုပ်နေရကြောင်း အလုပ်သမား ရှားပါးလို့ အခက်တွေ့နေရကြောင်းတွေ ပြောပါတယ်။ မင်းဆိုးမင်းညစ်ကြောင့် တိုင်းပြည်ပျက်ချိန်မှာ ငလျင်ကြီးကလည်း လှုပ်လိုက်သေး။ နူရာဝဲဆွဲ လဲရာ သူခိုးထောင်း ဆိုတာ ဒါမျိုးပါပဲ။
မြန်မာပြည်သူတွေဟာ စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောပေါ်မှာ ကျရောက်နေရုံသာမက နိုင်ငံရေးအရ တရုတ်-အမေရိကန် လောဘစစ်ငလျင်ကြောပေါ်မှာပါ ကျရောက်နေရသူတွေပါ။
မဟာပထဝီမြေကြီးပေါ်မှာ ရပ်တည် ရှင်သန်နေရတဲ့ ကျနော်တို့ဟာ မဟာပထဝီမြေကြီးကိုယ်တိုင် ဆောက်တည်ရာမဲ့ လှုပ်ခတ်နေမှတော့ ကျနော်တို့ ဘာလုပ်ရပါတော့မည်နည်း။
အန်ကယ် တူမီး
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar