Breaking News

ဖလော်ဒါဟန် - ငလျင်နဲ့ အင်းဝ

ဖလော်ဒါဟန် - ငလျင်နဲ့ အင်းဝ

မိုးမခ၊ ဧပြီ ၁၂ ၊ ၂၀၂၅

ကျွန်မ ဒီကနေ့ အမျိုးသမီးတယောက် တင်ထားတဲ့ ပို့စ်လေး ဖတ်လိုက်ရတယ်။

နန်းမတော်မယ်နုလည်း ဝဋ်ကြွေးကြေပြီပေါ့ တဲ့ စိတ်ထဲမှာ အတော်ကို စိတ်မကောင်းဖြစ်ရတယ်။ဆေးဝါတွေနဲ့ မွမ်းမံချိန်နဲ့ ငလျင်က သိပ်မကြာတဲ့ အဖြစ်အပျက် တစ်ခုပါ။

ကျွန်မက အင်းဝမြို့ဟောင်းလေးကို ချစ်တယ်၊ ဒေသခံတွေရဲ့ ချစ်စရာဓလေ့ အကူအညီပေးတတ်ပုံလေးတွေကိုလည်း လေးစားတယ်။

ရွာရိုးမှာရှိတဲ့ နုနုရည်(အင်းဝ) နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးလည်း ငလျင်ဒဏ်ကိုထမ်းနိုင်တဲ့ဝန်ရှိပါ့မလားလို့ ကျွန်မ အခုစာလေး ရေးနေချိန်မှာ‌ အ‌တွေးဝင်လာမိတယ်။

အင်းဝဆိုတာ ကျွန်မအတွက် ဝန်ထမ်းဘဝမှာ မှတ်တမ်းတင်စရာတွေအပြည့်နဲ့‌ တာဝန်ယူခဲ့ရတဲ့‌ဒေသလေးပါ။

အခုတော့ ရင်နင့်ဖွယ် သဘာဝဘေးဒဏ်ကြီးက ကျွန်မစိတ်ကို ကိုင်လှုပ်နေတယ်။

မန္တလေးဘက်ကအလာ ဇက်ဆိပ်ကနေ မော်တော်ပေါ် ဆိုင်ကယ်တင်ပြီး အင်းဝမြို့ဟောင်းနဲ့ ရွာလေးဆီကို ကူးခဲ့ရတာ ကျွန်မအတွက် မမေ့နိုင်တဲ့ နေ့ရက်တွေပါ။

ဝါဆို၊ ဝါခေါင် ရေကြီးချိန်ဆို အင်းဝနယ်လေးက ရေဝင်မြေဆိုတော့ မနက် ရုံးသွားချိန် ရေလွတ်ပေမဲ့ ညနေ ရုံးပြန်ချိန်ဆို‌ ရေထဲ ဆင်းပြန်ခဲ့ရတာလည်း ဘဝအတွေ့အကြုံ၊ လုပ်ငန်းအတွေ့အကြုံတွေပါပဲ။

မိုးရာသီဆို လမ်းတွေမကောင်းတော့ မြင်းချေးတောထဲ ဆိုင်ကယ်လ်စလစ်ဖြစ်လို့ တကိုယ်လုံးပေကျံခဲ့ရတဲ့ ယူနီဖောင်းလေးလည်း မရှိတော့ပေ။

အမှတ်ရစရာ အများကြီးနဲ့ အင်းဝဒေသခံတွေနဲ့ တိတ်ဆိတ်နေတဲ့ လုပ်ငန်းခွင် နေ့ရက်တွေကို ရွာခံ ဈေးရောင်းသူတွေနဲ့ ဖြတ်ကျော်ခဲ့ရတယ်။

အခက်အခဲမျိုးစုံကြားမှာ ကျွန်မကျင်လည်ခဲ့ရတဲ့ ဝန်ထမ်းဘဝက အခုတော့ ဆုံးရှုံးမှု များစွာကစိန်ခေါ်နေပါပြီ။

မယ်နုအုတ်ကျောင်း

ထီးလှိုင်ရှင် ဗားကရာကျောင်းကြီး

အင်းဝစည်းခုံ

နန်းမြင့်မျှော်စင်

လောကသရဖူ

၉ လုံးတန်း ဂူဘုရား

ဝင်ကမ္ဘာ

ဆင်ကျုံး

လေးထပ်‌ကျောင်း‌ဆောင်

မောင်အိုတံတား

အချို့သော ဘုရားပုထိုးစေတီတွေ ကျွန်မ မေ့နေတာတွေလည်း ရှိပါတယ်။

အခုတော့ အားလုံးသော စေတီပုထိုး‌တွေ ပြိုကျပျက်စီးသွားကြပါပြီ။

မယ်နုက ဝဋ်ကြွေးကင်းသွားပေမဲ့ ပြည်သူတွေ ဝဋ်ကြွေးမကင်းနိုင်သေးတော့ မအလရဲ့ အကြွေးကို ပြည်သူ‌တွေ ဘယ်အချိန်ထိ ပေးနေရမလဲ ဆိုတာ ဝဋ်ရှိရင်ပြည်သူတွေ ကျေကြပါစေ။

လမ်းရှိရင် ပြည်သူတွေ ဖောက်နိုင်ကြပါစေ။

ပန်းတိုင်ရှိရင် ပြည်သူတွေ အခက်အခဲတွေကိုဖြတ်ကျော်နိုင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းရင်း။ 

ဖလော်ဒါဟန်

၇.၄.၂၀၂၅

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar