Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ငဖျင်ရယ် ငလျင်ရယ် ငလှိုင်ရယ်

ငဖျင်ရယ် ငလျင်ရယ် ငလှိုင်ရယ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း 

မိုးမခ ၊ မေ ၁ ၊ ၂၀၂၅

ငဖျင် အကူအညီနဲ့ လားရှိုးပြန်ရလို့ အားနည်းနည်းတက်နေတုန်း ငလျင်အကူအညီနဲ့ လေယဉ်ဆီဖိုးပါ ခိုင်သွားတော့ ငလှိုင်နဲ့ စစ်အုပ်စုဟာ သက်ထီးချနိုင်လာတယ်။ သက်မ ချဖို့တော့ ဒီတသက်မစဉ်းစားနဲ့ဘဲ။ သက်မ မချနိုင်ဆို လားရှိုးရပုံက ဝစ်သောက် စစ်စောက်ရှက်လေ၊ ငလျင်ချပုံကလည်း ပလ္လင်ပါအက် ဖင်ပါ ခွက်သွားတာကိုး။ အချုပ်အခြာ ဆိုတာ တရုတ်ဟာလို့တောင် နေပူတော် သူ့အုပ်စုက တုတ်နေကြတော့ ခုဆို သွားရာအရပ် မာရဝိဇယဘုရားကြီးရဲ့အရင် တရုတ်ကိုဦးတော်တင်၊ အဲလေ သံတော်ဦးတင်တင်နေရ၊ တပ်တွင်းလဲ မျိုးချစ် စိတ်အကြောင်း မဟရဲတဲ့အပြင် တရုတ် မဆဲဖို့ပါ ဖျင်လေးဖြဲဖြဲပေးဂိန်ရတဲ့ ခွေးပိန်မဘဝပါရှင့် အခြေအနေ။

မြေပြင်‌ကလည်း လေမထွားနိုင်အောင် ကျိုးသွားကျေသွားပြီမို့ နေပြည်တော်ကိုပြန်တည်မယ်ဆိုပြီး ခါချဉ် ကောင် မာန်ကြီးပြပေမယ့် နေရဲသူကလဲ မရှိ၊ ပိုက်ပိုက်မရနိုင်မှန်းသိလို့ တည်ရဲတဲ့ကောင်တွေလည်း မရှိတော့။ အမြတ်များများ အလကားနီးနီးရနိုင်တာမှန်သမျှ သူ့သားချည်းချထားပေးပြီးသား မဟုတ်လား။ ရန်ကုန် ပြေးရအောင်ကလဲ ဝန်ကြီးဌာနပိုင် နေရာတွေမှန်သမျှ သန်းရွှေ‌အုပ်စုက အကုန်ဖြောင်ထားပြီးပြီဆိုတော့ အရင်နေပြိုတော် ဆောက်ခဲ့တဲ့ကုမ္ပနီတွေကို အကုန်ပြန်လာဆယ်သွယ်၊ ပြန်ဆောက်ပေးရမယ်ဆိုပြီး ရွှေကြီးအုပ်စုတခုလုံးကို ခေါ်ကြပ်ပြီ။ ဖရီးပြန်ဆောက်ပေးရမယ်ဆိုပြီး ဟောက်ပြီ။ နိုင်ငံတကာကို ခွက်ခေါက်ထားတဲ့ ပိုက်ပိုက်တွေကိုတော့ သူ့အိတ်ထဲပဲ ထည့်မယ်လေ။ မအလ ဟာ မသာအိမ်တက် ဖဲလိမ်ရိုက်ရုံမက ဓားပြပြီး အကောက်ပါသိမ်းမယ့်အချိုး။ ဝန်ကြီးဌာနတွေကို နေပြည်တော် ရွှေ့လိုက်တော့ ဝန်ကြီးဌာနပိုင်မြေတွေ ဖြောင်လိုက်တာ ရန်ကုန်မှာ ကျန်တာဆိုလို့ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေတွေပဲ ရှိတော့တာလေ။ အဲဒါတွေကိုလဲ သူ ကာချုပ်ဖြစ်တော့ အုပ်ထားပြီးသား။ ရန်ကုန်မှာ ရုံးထောင်ဖို့ထား ဗုံးရှောင်ဖို့တောင် မကျန်တော့တဲ့ အခြေအနေမှာ ရွှေကြီးအုပ်စုတွေကို ခေါ်သမတော့တာ။ ဗျင်းချင်နေတာလည်း ကြာပြီလေ။ သန်းရွှေအုပ်စု ပြုသမျှ နုခဲ့ရတဲ့ နေဝင်းအုပ်စုတွေကလည်း စောင့်နေတဲ့ ခွင်ထဲ ဝင်လာတဲ့ မအလကို အရူးဘုံမြှောက်လိုက်တော့ သန်းရွှေအဖို့ ကော့နေအောင်ခံပေရော့။ နေဝင်းကို သူ လုပ်ခဲ့တဲ့အတိုင်း သူ့တပည့် မအလက သူ့ကို လက်စွမ်းပြပြီလေ။ တကယ်က မြို့ပြတိုက်ပွဲတွေကလည်း တံစက်မြိတ်အောက် ရောက်တော့မှာဆိုတော့ ရန်မကုန်ဘဲ ကံကုန်မှာကြောက်နေရပြီဆိုတော့ နေပြည်တော်အနီးတဝိုက်မှာပဲ ဖရီးဝိုက်ပြီး ကုတ်ကပ်နေဖို့ ကြံတော့တာ။

ခုဆို မြောက်ပိုင်းတိုင်းလည်း ဗန်းမော်ကျရင် မြစ်ကြီးပါနားရမယ့်အခြေဆိုတော့ ရှမ်းမြောက်ရောက်ကောင်တွေလည်း အချိန်မရွေး ရှမ်းမြောက်ရောက် အမှတ်တရ ဖြစ်သွားနိုင်လို့ တောင်ပေါ်မှာ မောင်မပျော်ဖြစ်။ မန်းပတ်ချာလည်လည်း ကျုံးရေးပတ်လည်ဝိုင်းထားသလို ဝိုင်းထားခံရ၊ ၃၃ တပ်မလဲ ဖြတ်ချခံထားရ‌။ ပါရာမော် တာလဲ လာပါဆော်မှာချည်း။ AA နဲ့ ပီဒက်တွေကလဲ အပီနှက်ချက်က ဟင်္သာတနား ရောက်နေသလို တဖက်ကလဲ ပြည်ရွှေဆံတော်တောင် လာဖူးလုလု။ ပဲခူးရိုးမမှာလဲ အမျိုးမျိုးနွှာ။ ပဲခူးတိုင်းပတ်လည်ကို အပြတ်တွယ်နေသလို ကပစတွေနားလည်း ရစ်သီရစ်သီ။ ကရင်နဲ့ ကရင်နီကလဲ တက်ညီလက်ညီ ဆက်ချီ နှက်ပြီ။ ချင်းတွေကလည်း ကျန်တဲ့မြို့သိမ်းပိုက်ဖို့ ယိမ်းတိုက်။ ခုတော့ အရူးမီးဝိုင်းဆိုသလိုကို သူတို့ရှို့ခဲ့သမျှမီးတွေ ဝိုင်းပြီလေ။ ဘယ်ပြေးလို့ ဘယ်ပုန်း ဘယ်မှာ ဘယ်လို စမုံတုံးမလဲမသိ သေခြင်း၏ရနံ့များက အိပ်ခန်းထဲအထိမင်းမူ နှာဝကလူကလူ လုပ်နေပြီကော။

စာသင်ကျောင်းတွေဗုံးကြဲ ကလေးသူငယ်တွေ စက်သေနတ်နဲ့ လိုက်ဆွဲနေတဲ့ကောင်တွေက ငလျင်ဒဏ် တရက်တမျိုး ဆတိုးခံနေရတဲ့ကြား ပညာရေးလိုလားသယောင် အဖြေလွှာတွေမီးလောင်သွားတာကို စာမေးပွဲပြန်ဖြေရမတဲ့။ တကယ့်အခြေအနေက ကျောင်းမရှိတော့၊ အိမ်မရှိတော့ မြေမျိုသွားပြီ။ မိသားစု မရှိတော့၊ ဆွေမျိုးမရှိတော့ မြေမျိုသွားပြီ။ ဆရာ  မရှိတော့၊ ကျောင်းသား မရှိတော့ မြေမျိုသွားပြီ။ ခြေလက်အင်္ဂါ မစုံတော့၊ စိတ်အင်္ဂါမစုံတော့၊ မြေမျိုသွားပြီ။ စစ်မှုထမ်း ခေါ်ချင်လို့ ကျားချောင်း ချောင်းနေတဲ့ ရန်သာရှိ။ ခိုးဆိုးလုရိုက်ရန်သာရှိ၊ လစ်လစ် မလစ်လစ် ဝင်ဆွဲမယ့်သူတွေသာရှိ။ ဖြတ်စားမယ့် အုပ်ကြီးတွေသာရှိ။ 

စာမေးပွဲ ပြန်ဖြေဖို့ အွန်လိုင်းကနေ သင်ပေးမတဲ့၊ ကမ့်သွင်းမတဲ့။ တကယ်လုပ်နေတာက စာသင်ကျောင်းလေးတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးလိုက်ကြဲ။ ကလေးလေးတွေကို စက်သေနတ်နဲ့လိုက်ပစ်။ ကလေးရော မိဘရော ဂျက်ဖိုက်တာသံ ကြားရင်ကို ဆောက်တည်ရာမရဖြစ်။ စစ်အုပ်စုဟာ ပြည်သူကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြိမ်းခြောက်အုပ်စိုးလာတာ နှစ် ၆၀ ကျော်လာပြီ။ စစ်မင်းဆက် တဆက်ထက်တဆက် လက်ဇောင်းထက် သတ်ဖြတ်ညှဉ်းဆဲလာကြတာမှာ မင်းအောင်လှိုင်နဲ့ သူ့စစ်အုပ်စုဟာ ပြည်သူကို တနိုင်ငံလုံးအတိုင်းအတာနဲ့ကို နေ့စဉ်ရက်ဆက် လေးနှစ်ဆက်တိုက် သတ်ဖြတ်တယ်။ အစက ကြည့်တပ်၊ ဒီနောက်ပိုင်းမှာတော့ လေတပ်ဟာ အဆုံး ဆုံးပါပဲ။ မြေပြင်မှာနေကြတဲ့ သူတို့မိသားစုတွေဆီကို တန်ပြန်သက်ရောက်မှုတွေ မကြာခင်ဖြစ်လာမယ် ဆိုတာကို မစဉ်းစားကြဘဲ အဆုံးစွန် မိုက်မဲယုတ်ကန်းနေကြတယ်။ မင်းအောင်လှိုင်က သူတို့ကိုယ်တိုင်နဲ့ သူတို့မိသားစုတွေကို  ကောင်းကင်မှာ ဘုံတဘုံတည်ပြီး ပေးထားမယ်လို့များ ထင်နေကြပုံရတယ်။

သရေကြိုးကတော့ ကပစတွေကို အကောင်းဆုံးထုတ်ကြဖို့ သွားဖားတယ်။ တကယ်တော့ မင်းတို့မထုတ်ရင် ငါပြုတ်ပြီ၊ ငါ့မိသားစုပြုတ်ပြီ၊ ဗုံးကြဲခံရတဲ့ကလေးလေးတွေ နေရာမှာ ငါ့မြေးတွေပါပြီ၊ တပ်က နောက်ဆုံး မုဒိမ်းကျင့်သူဟာ ငါ့သမီးဖြစ်ပြီ။ ငါ့သားလဲ စစ်သင်တန်းကျောင်းမှာ အမောင်းခံရပြီလို့ သွားပြောတာပါပဲ။ ကပစကောင်တွေကလည်း သိပါတယ်။ သူတို့ ထုတ်သမျှက ကိုယ့်ဆွေကိုယ့်မျိုးပါ သတ်ဖို့ပဲဆိုတာ သိပါတယ်။ နောက်ဆုံး သူတို့ကိုပါ သတ်ဖို့ဆိုတာ သိကြပါတယ်။ စစ်သားတိုင်းက အချင်းချင်း ပြန်သတ်ခိုင်းနေတာ သိပါတယ်။ လေတပ်ဟာ ပြည်သူကိုသတ်နေတဲ့ တပြိုင်နက်တည်းမှာပဲ သူ့စစ်သားတွေကိုပါ ပြန်ဗုံးကြဲသတ်ဖြတ်နေတာ အများကြီး။ ရှေ့တန်းမှာ အချင်းချင်း ရှင်းပစ်ခဲ့တာလဲ မနည်းတော့။ စစ်ဗိုလ်တွေက၊ တပ်ရင်းမှူးတွေက၊ ဗျူဟာမှူးတွေက၊ တပ်မမှူးတွေက ကိုယ်လွတ်ရုန်းပြေးတာလည်း ဒုနဲ့ဒေး။ မဝေးတော့တဲ့ တနေ့....။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar