မောင်လူမွှေး - စစ်ရှောင်စခန်းက ကြယ်ကလေးတွေ
စစ်ရှောင်စခန်းက ကြယ်ကလေးတွေ
မောင်လူမွှေး
မိုးမခ ၊ မေ ၁ ၊ ၂၀၂၅
၂၀၂၅ ခုနှစ် ၊ ဧပြီ လကုန်ခါနီး ရက်မှာတော့ မောင်လူမွှေး နှစ်ထပ်ကွမ်း စစ်ရှောင်စခန်းလေး တစ်ခုကို ရောက်ဖြစ်ပါတယ်။ ဒီစစ်ရှောင်စခန်းလေးက လူတွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်က ရွာတွေနဲ့ အတော်အလှမ်းဝေးတဲ့ တောထဲမှာ စစ်ရှောင်စခန်းတစ်ခု ဆောက်ပြီး နေခဲ့ကြပါတယ်။ နေရတဲ့ နေရာက တောထဲမို့ အငှားအရမ်းလိုက်ဖို့ ခက်တာ၊ နွားကုန်သည်တွေရဲ့ နွားတွေကို ချင်းတောင်ပေါ်ကိုမောင်းပို့ရတဲ့ အလုပ်ကလည်း ချင်းပြည်နယ် တိုက်ပွဲတွေကြောင့် ရပ်တန့်ကုန်တာတွေကြောင့် စားဝတ်နေရေး ဘယ်လိုမှ အဆင်မပြေတော့လို့ အရင်စခန်းထက် ရွာနဲ့ပိုနီးတဲ့ တောထဲကို ပြန်ပြောင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ထပ်ကွမ်း စစ်ရှောင်စခန်းလေးလို့ ဆိုရတာပါ။
နှစ်ထပ်ကွမ်း စစ်ရှောင်စခန်းလေးမှာ မိုးကာနဲ့ ဖြစ်သလို ယာယီတဲထိုးပြီး စာသင်နေရတယ်၊ စာသင်ကျောင်း မဆောက်ရသေးဘူး ဆိုလို့ တတ်နိုင်သမျှ ကူညီဖို့ သွားတာပါ။ မောင်လူမွှေး ရောက်သွားတဲ့အချိန်မှာတော့ စခန်းက ယာယီမိုးကာတဲ မြေစိုက် စာသင်ဆောင်လေးဟာ ဖရိုဖရဲပြိုကျပြီးနေပါပြီ။ မောင်လူမွှေး မသွားခင် တစ်ရက်က လေအနည်းငယ်ထန်တာမှာ ဒီလိုဖြစ်ပျက်သွားတာလို့ သိရပါတယ်။
မောင်လူမွှေးလည်း မောင်လူမွှေးတို့ စုပေါင်းအဖွဲ့အမည်လေးနဲ့ ခုနစ်သိန်းကျပ် ကျောင်းဆောက်ဖို့ ကျောင်းကော်မတီကို ပေးအပ်လိုက်ပါတယ်။ တာဝန်ခံ ဆရာမလေးရော၊ ကျောင်းကော်မတီဝင်ရော၊ စခန်းအုပ်ချုပ်ရေးမှူးရော မျက်နှာတွေ သိသိသာသာ လင်းလက်သွားကြပါတယ်။
မောင်လူမွှေးဟာ ကျောင်းဆရာတစ်ယောက် ဖြစ်လေတော့ နှစ်ထပ်ကွမ်း စစ်ရှောင်စခန်းလေးက ကျောင်းသူကျောင်းသား တစ်ရာခန့်နဲ့ ဝါးရုံပင်အောက်မှာ တွေ့ကြပါတယ်။ ကလေးတွေဟာ စိတ်ပျက်အားငယ်ပုံမရဘဲ တက်ကြွသွက်လက်နေတာ မြင်ရတော့ မောင်လူမွှေး ဝမ်းနည်း၊ ဝမ်းသာ ခံစားရပါတယ်။
မောင်လူမွှေးနဲ့ ကလေးတွေ သီချင်းတစ်ပုဒ် အတူဆိုကြပါတယ်။ မောင်လူမွှေးက ရှေ့ကဆို သူတို့လေးတွေက နောက်က လိုက်ဆိုပေါ့။
"မှောင်မဲ.. လမိုက်လို့သာပဲ ၊ အားငယ်မနေနဲ့ကွယ်၊ တစ်ယောက်ထဲ ထွန်းပတဲ့အခါဝယ် ၊ အရောင်ပိုကဲ ရွှန်းမြတောက်ပသေးတယ်၊ အိုကွယ်.. လင်းလိုက်စမ်းပါ ကြယ်ကလေးရယ်..."
သီချင်းဆိုပြီးတဲ့အချိန်မှာ ကလေးတွေနဲ့ မောင်လူမွှေး ပိုရင်းနှီးသွားပြီး မောင်လူမွှေးရော ကလေးတွေရော ခွန်အားတစ်စုံတရာရလိုက်သလို ခံစားကြရပါတယ်။
ကလေးတွေ ဝါးရုံပင်အောက် ထိုင်နေကြရတာမို့ မောင်လူမွှေး ကလေးတွေကို စကားကြာကြာ မပြောရက်ပါဘူး။ သူတို့အခြေအနေလေးတွေ မြင်ရအောင်သာ တွေ့ဆုံရတဲ့သဘောပါ။ ကလေးတွေရဲ့ မျက်နှာမှာ ညှိးငယ်ရိပ်မရှိလို့ မောင်လူမွှေး ဖြေသာခဲ့ရသလို ကော်မတီကလည်း နှစ်ပတ်အတွင်း ကပ်မိုးမြေစိုက်ကျောင်းပြီးအောင် ဆောက်မယ်ဆိုလို့ ဝမ်းသာရပါတယ်။
စာသင်ကျောင်းဆောက်ပြီးတဲ့အခါ မကြာမကြာ လာမှာဖြစ်ကြောင်း၊ ပုံပြင်တွေ ပြောပြမှာဖြစ်ကြောင်း ကလေးတွေကို ကတိပေး နှုတ်ဆက်ပြီး နှစ်ထပ်ကွမ်း စစ်ရှောင်စခန်းလေးကနေ မောင်လူမွှေး ထွက်လာခဲ့ပါတယ်။
နှစ်ထပ်ကွမ်း စစ်ရှောင်စခန်းလေးကနေ နောက်ထပ် စစ်ရှောင်စခန်းတစ်ခုကို မောင်လူမွှေး ဆက်သွားပါတယ်။ စခန်းနှစ်ခုဟာ လေးမိုင်ဝန်းကျင်လောက် ဝေးပါတယ်။ မောင်လူမွှေး နောက်ထပ်ရောက်တဲ့ စစ်ရှောင်စခန်းကတော့ မောင်လူမွှေးကိုယ်တိုင် အဲဒီစခန်းက မိသားစုဝင်တစ်ယောက်လို ရင်းနှီးပြီးသား စစ်ရှောင်စခန်းပါ။
အဲဒီစစ်ရှောင်စခန်းကတော့ အသားကျနေပြီမို့ လူဦးရေ များသလို စနစ်လည်း ကျတယ်။ ပညာရေးကိုလည်း အားပေးရကောင်းမှန်း သိပြီး ကျေးရွာတော်တော်များထက်ကို ကလေးတွေဟာ ပညာရေးကောင်းကြပါတယ်။ အဲဒီစစ်ရှောင်စခန်းက ဆရာ၊ဆရာမတွေဟာ မောင်လူမွှေးနဲ့ ခင်မင်ပြီး ပညာရေးဆွေးနွေးပွဲတွေလည်း အတူလုပ်ကြပါတယ်။
ပညာရေးကို အလေးပေးတဲ့ အဲဒီစစ်ရှောင်စခန်းက ဆရာ၊ ဆရာမတွေနဲ့ မောင်လူမွှေး တွေ့ဆုံကြပါတယ်။ လာမယ့်ပညာသင်နှစ်အတွက် ပညာရေး ဝပ်ရှော့ လုပ်ကြဖို့ ဆွေးနွေးဆုံးဖြတ်ဖြစ်ကြပါတယ်။
ပညာရေးဝပ်ရှော့ လုပ်ပြီးသွားရင် မောင်လူမွှေးတို့ လင်မယား နှစ်ယောက်ရော၊ အဲဒီစစ်ရှောင်စခန်းက ဆရာ၊ ဆရာမတွေရော နှစ်ထပ်ကွမ်းစစ်ရှောင်စခန်းလေးက ကျောင်းကိုသွားပြီး ပညာရေးဝပ်ရှော့ ထပ်လုပ်ပေးကြဖို့ အကြံဉာဏ်ပေးတော့ အားလုံးက ဝမ်းမြောက်ဝမ်းသာ ထောက်ခံကြပါတယ်။
စစ်ရှောင်စခန်းတွေက ကလေးတွေဟာ ရွာထဲမှာ နေရတဲ့ ကလေးတွေလို မိုးလုံလေလုံ အိမ်နဲ့ မနေရသလို မိုးလုံလေလုံ အဆောက်အဦမှာလည်း စာမသင်ကြရဘူး။ ရွာထဲက ကလေးတွေလို သူတို့ မစားရဘူး။ မကစားကြရဘူး။ ရွာထဲက ကလေးတွေနဲ့ လေယာဥ်ကြောက်ရတာခြင်းတော့ တူတာကြပါတယ်။
စစ်ရှောင်စခန်းက ကလေးတွေဟာ အစစအရာရာ ပိုချို့တဲ့တာမို့ သူတို့လေးတွေ ပညာတော်တယ်ကြားရင် မောင်လူမွှေး သိပ်ပျော်ပါတယ်။ သူတို့လေးတွေကို တော်စေချင်၊ တတ်စေချင်တယ်။ ကိုယ့်ဒေသကို ဦးဆောင်နိုင်မယ့်သူတွေ ဖြစ်စေချင်တယ်။
သူတို့ဟာ ဘဝရဲ့ ဒုက္ခသင်ရိုးကို ကောင်းကောင်းကျေညက်ထားသူတွေဖြစ်လို့ သူတို့တွေခေါင်းဆောင်နေရာ ရောက်ရင် ဒုက္ခရောက်နေသူတွေကို ပိုနားလည်၊ ပိုစာနာနိုင်မယ့်သူတွေဖြစ်မယ်လို့ မောင်လူမွှေး ယုံကြည်ပါတယ်။ စစ်ရှောင်စခန်းကကြယ်ကလေးတွေလင်းနိုင်ဖို့ နီးစပ်သူတွေ၊ စွမ်းနိုင်သူတွေလုပ်ဆောင်ပေးကြပါလို့ မောင်လူမွှေးတိုက်တွန်းလိုက်ပါရစေ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar