Breaking News

မောင်လွမ်းဏီ - တောင်နေကြာရိုင်းများသို့လွမ်းချင်း

Image - Credit
တောင်နေကြာရိုင်းများသို့လွမ်းချင်း
မောင်လွမ်းဏီ
(မေ) ၂၊ ၂၀၂၅

နွေလောင်ကျွမ်းမြိုက်
လမ်းမကတ္တရာပျော့ခွေ
တောမီးလောင်နေတဲ့ တောင်စောင်း
ရှေးဟောင်းနှောင်းဖြစ်များ တရိပ်ရိပ်ပြေးလွှား
ရှေ့မှာလား ,,, 
သတိရမှုတွေ ဖူးပွင့်ကြတဲ့
မြို့လေးပေါ့ မောင်။

မျှော်မှန်းခံစားကြည့်လာ
ဆယ်စုနှစ်ရာသီများ
စိန်ခေါ်ခြင်းကို စိန်ခေါ်ဖို့ အနံ့ခံခဲ့ကြပုံများ။    

စစ်မက်ခင်းခဲ့တဲ့
စစ်တလင်းက အကြွင်းအကျန်တွေ
ဒီမြို့ရဲ့ ပေ ၃၀၀၀ ကျော်အထက်မှာ
ရာဇဝင်ရေးလိုက် ဖတ်လိုက်နဲ့ပါပဲ
တချို့ကလည်း သမိုင်းကိုတူးဆွ
စစ်ဖြစ်ဖူးခဲ့တဲ့ တခေတ်တခါကို စာမျက်မှာဖောင်ဖွဲ့။

မြေပြန့်က တောင်ပေါ်တက်ရင်း
အနောက်ဘက်က ပထဝီဝင်
ဇာတိရင်ခွင်ရိပ်၊ မျက်စေ့တမှိတ်၊ မျက်တောင်တခတ်
ပင့်သက်တရှိုက်၊ လွှတ်ချလိုက်တဲ့ကဗျာ
လင်းယုန်တကောင်လို တဟုန်ထိုးပျံသန်းသွားပေါ့။

ဖြတ်သန်းခြင်းတွေကို တေးဖွဲ့သီသူတွေ
တယောက် သို့မဟုတ် တယောက်ယောက်ကို
တမ်းတနေကြစမြဲမဟုတ်လား
ကင်းပတ်စပေါ် အရောင်တွေ အရိပ်တွေ ထုဆစ်ခြေမှုန်းသူလည်း
ဆေးရောင်ဖျော့ဖျော့နဲ့ ဝေးအောင် လွင့်မျောခဲ့တာပဲ။

အရုဏ်အကျင်း
တောင်ပေါ်က ဆင်းခဲ့
မြင်ကွင်းတွေက ညကမက်တဲ့ အိပ်မက်ရှည်လို 
တလျင်လျင်ပြေးလွှားရင်း
အတိတ်တွေလည်း ပြိုလဲကျန်ရစ်ခဲ့ကြတယ်။   ။

၂၅ ဧပြီ ၂၀၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar