တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားက အကျိုးစီးပွား ပဋိပက္ခနဲ့ ပွတ်တိုက်မှု
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၃၀ မြင်ကွင်း
မိုးမခ၊ မေ ၁ ၊ ၂၀၂၅
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားက အကျိုးစီးပွား ပဋိပက္ခနဲ့ ပွတ်တိုက်မှု
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်မှုနဲ့ ထိပ်တိုက်တွေ့မှုတွေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု မတိုင်မီ ကလည်း ရှိနေခဲ့တာ ဖြစ်ပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြောင်းလဲလာတဲ့ စစ်ရေးအခြေအနေ နယ်မြေစိုးမိုးမှု အနေအထားတွေက အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား အကျိုးစီးပွားဆန့်ကျင်ဘက် ဖြစ်မှုတွေ နဲ့ ပွတ်တိုက်မှုတွေ ဖြစ်လာစေတာလည်း တွေ့ရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အကောင်းဘက်ကဖြစ်ထွန်းမှုတချို့ကတော့ အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြားမှာတော့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန်ကူညီမှုတွေရှိကြတာလည်း ရှိပေမယ့် တပြိုင်နက်တည်းမှာ လူမျိုးတမျိုးတည်းနဲ့ လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ ရှိနေကြတဲ့ အချို့သောတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေအကြား အားပြိုင်မှု တိုက်ခိုက်မှုတွေလည်း ရှိနေကြတာမျိုးတွေ့ရပါတယ်။ အထင်ရှားဆုံး ဥပမာအနေနဲ့ပြရရင် ပအို့ဝ်လူမျိုးတွေအနေနဲ့ PNO/PNLA နဲ့ PNLO/PNLA ဆိုတဲ့ လက်နက်ကိုင် ၂ ဖွဲ့ရှိနေပြီး ၂ ဖွဲ့အကြားတိုက်ခိုက်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ နောက်အခြားသော ဥပမာကတော့ ရှမ်းလူမျိုးတွေမှာလည်း RCSS နဲ့ SSPP ဆိုပြီး ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ရှိနေပြီး အခါအားလျော်စွာ တိုက်ခိုက်မှုတွေရှိနေတာတွေ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ နှစ်ဖက် မတိုက်ခိုက်ရေး သဘောတူထုတ်ပြန်ခဲ့ကြပေမယ့် အချို့သောအခြေအနေမှာ ထိတွေ့မှုတွေ ဖြစ်ပွားခဲ့တဲ့ အဖြစ်တွေ ရှိနေတာပါ။
လူမျိုးမတူကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာတော့ နယ်မြေစိုးမိုးမှု၊ အခွန်ကောက်ခံမှု၊ စစ်သားစုဆောင်းမှုနဲ့ သယံဇာတ ထုတ်ယူမှု စတာတွေနဲ့ပတ်သက်ပြီး အကျိုးစီးပွားဆန့်ကျင်ဘက် ဖြစ်မှုတွေ ကြုံတွေ့ရလေ့ ရှိတာဖြစ်ပါတယ်။
လတ်တလော ဖြစ်ပွားနေတဲ့ ပွတ်တိုက်မှုတွေကို လေ့လာကြည့်ရင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ MNDAA နဲ့ SSPP တို့အကြား ဧပြီလနှောင်းပိုင်းအတွင်း စစ်ရေးထိတွေ့မှု ၈ ကြိမ်နဲ့ နဲ့ စစ်သားအချင်းချင်း ထိုးကြိတ်မှု ၂၄ ကြိမ်ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ရှမ်းမြောက်မှာ အဓိက လှုပ်ရှားတဲ့ SSPP တပ်တွေနဲ့ ရှမ်းအရှေ့မြောက် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ လှုပ်ရှားပြီး ၁၀၂၇ စစ်ဆင်ရေးမှာ လားရှိုး ကွတ်ခိုင်ဒေသတွေအထိ နယ်မြေကျယ့်ပြန့်စွာထိန်းချုပ်လာခဲ့တဲ့ MNDAA တို့ လားရှိုးနဲ့ သီပေါအကြားက ကျေးရွာတချို့မှာ ထိတွေ့မှုနဲ့ ထိုးကြိတ်မှုတွေ ဖြစ်ခဲ့ကြတာလို့ သတင်းတွေက ဆိုပါတယ်။ ရှမ်းလူမျိုးတွေ အများအပြားနေထိုင်ကြတဲ့ သီပေါ၊ နမ့်ခမ်း၊ မူဆယ်တို့လို ဒေသတွေမှာ ရှမ်းလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ SSPP အနေနဲ့ ၄င်းတို့ အနေနဲ့ လှုပ်ရှားခွင့်ရှိတဲ့ဒေသအဖြစ် မှတ်ယူထားတဲ့ အနေအထားဖြစ်ပြီး MNDAA ကတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း လူအင်အား၊ လက်နက်အင်အားတွေ ရင်းနှီးပြီး တိုက်ခိုက်သိမ်းယူထားတဲ့ နယ်မြေတွေဖြစ်လို့ စိုးမိုးပိုင်ခွင့်ရှိတယ်လို့ မှတ်ယူကောင်း မှတ်ယူမှာ ဖြစ်ပါတယ်။
အလားတူ ရှမ်းမြောက်ဒေသမှာပဲ KIA အဖွဲ့နဲ့ TNLAA အကြား ပွတ်တိုက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတာလည်း သတင်းတွေမှာ ကြားသိပြီး ဖြစ်ပါလိမ့်မယ်။ မကြာသေးတဲ့ လအတွင်းက ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာတို့မှာ ဂိတ်စခန်းတွေ ဖွင့်တာ၊ ဖြတ်သန်းတာ နဲ့ပတ်သက်ပြီး ထိတွေ့ထိုးကြိတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့သလို ကွတ်ခိုင်မြို့မှာ ရှိတဲ့ KIA ဆက်ဆံရေးရုံးကို TNLA က အင်အားသုံးရွှေ့ပြောင်းစေခဲ့တဲ့ အဖြစ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက်ခေါင်းဆောင်ပိုင်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီး အသေးစိတ်ရလဒ်တွေတော့ ထုတ်ဖေါ်ပြောဆိုတာ မတွေ့ကြရတော့ပါဘူး။
လူမျိုးတမျိုးထည်းမှာပဲ နောက်ထပ်လက်နက်ကိုင်အဖွဲ့တွေကွဲနေပြီး အင်အားစု ၂ စုအနေနဲ့ ထိတွေ့မှုတွေ ဖြစ် ပွားတဲ့ ဥပမာနောက်တခုကတော့ ချင်းညီနောင်အဖွဲ့နဲ့ CC လို့ ခေါ်တဲ့ CNF ခေါင်းဆောင်တဲ့ချင်းပြည်ကောင် စီ လက်နက်ကိုင်အစုအဖွဲ့တို့အကြား ထိတွေ့မှုတွေ ဖြစ်ပါတယ်။
ကရင်လူမျိုးတွေအကြားမှာလည်း လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့လောက်ရှိနေပြီး တဖွဲ့က စစ်ကောင်စီနဲ့ပူးပေါင်း လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ကာ ကျန်အဖွဲ့တွေက သီးခြားစီရပ်တည်နေကြပြီး အချို့သော ထိတွေ့မှု တိုက်ခိုက်မှုတွေ အောက်ခြေအဆင့်မှာ ဖြစ်ပွားတာတွေရှိနေတာပါ။
အခုဖေါ်ပြခဲ့သလို လူမျိုးမတူတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဖြစ်ပွားတဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒေသအလိုက်ဖွဲ့စည်းထားတဲ့ အချို့သော မဟာမိတ်အဖွဲ့တွေရှိကြပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အားလုံးနီးပါးပါဝင်တဲ့ တပ်ပေါင်းစုအဖွဲ့မျိုးတော့ လောလော ဆယ်မှာ ဖွဲ့စည်းထားတာမတွေ့ရသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဖြစ်ပွားတဲ့ ပြဿနာတွေကို လက်နက်နဲ့တိုက်ခိုက်တဲ့နည်းမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးခြင်းနဲ့ ဖြေရှင်းတဲ့ စနစ်တရပ်လည်း ရှိမနေပါဘူး။
၁၉၈၈ ခုနှစ် မတိုင်ခင်ကာလတွေက တိုင်းရင်းသားလက်နက်ကိုင်တွေစုဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) လို အဖွဲ့ဆယ်စုနှစ် ၁ ခုကျော်ကြာတည်ရှိခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားက ပွတ်တိုက်မှုတွေ ပဋိပက္ခတွေကိုလည်း ဖြေရှင်းသလို စစ်ရေး သံတမန်ရေး ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ် ဆောင်ခဲ့ကြတာ တွေ့ရပါတယ်။ ၁၉၇၆ မှာ စတင်ဖွဲ့စည်းခဲ့တဲ့ မဒတ မှာ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ဝန်းကျင်အထိပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ မြောက်ဘက်မှာ KIA ကနေ တောင်ဘက်မှာ KNU ၊ အရှေ့ဘက်မှာ ဝ နဲ့ လားဟူ၊ အနောက်ဘက်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့တွေပါဝင်ခဲ့ကြတာပါ။ ထိုစဥ်က အင်အားအကြီးဆုံး CPB ဗကပအဖွဲ့ကတော့ မဒတမှာ ပါဝင်ခြင်းမရှိပါဘူး။ အဲဒီနောက် ၁၉၈၈ နောက်ပိုင်း KNU ဦးစီးတဲ့ Democratic Alliance Burma လို အဖွဲ့ပေါ်ထွက်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းကာလတွေမှာတော့ UNFC လို့အတိုကောက်ခေါ်တဲ့ United Nationalities Federal Council အဖွဲ့နဲ့ ၂၀၁၇ မှာ FPNCC လို့ခေါ်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အဓိကပါဝင်တဲ့ တပ်ပေါင်းစုတွေ ဖွဲ့စည်းခဲ့ကြတာတွေ့ရပါတယ်။
ဒီအဖွဲ့တွေ အနေနဲ့ ဘုံရည်မှန်းချက် ဘုံရည်ရွယ်ချက်တွေကို အောင်မြင်အောင် ဘယ်လောက်စွမ်းဆောင် နိုင် မနိုင် ဆိုတာထက် တပ်ပေါင်းစု အဖွဲ့ဝင်တွေအကြား ဖြစ်ပွားလာနိုင်တဲ့ ပြဿနာတွေကို ဆွေးနွေးဖြေရှင်းနိုင်တဲ့ ဘုံပလက်ဖောင်းတခုဖြစ်တဲ့ အချက်ကို အဓိကမီးမောင်းထိုးပြချင်တာ ဖြစ်ပါတယ်။
အခုလက်ရှိအနေအထားမှာ FPNCC ကတော့ ပျက်ပြယ်ခြင်းမရှိသေးသလို လှုပ်ရှားမှုတွေလည်း တိတိပပ မကြားသိကြရတဲ့ အနေအထားဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ ရှမ်းမြောက်က လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အကြားဖြစ်ပွားတဲ့ ပွတ်တိုက်မှုတချို့ကို FPNCC ကို တိုင်ကြားပြီး ကိုင်တွယ်ဖြေရှင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်း လတ်တလောအဖြစ်အပျက်တွေမှာ FPNCC ကို အသုံးပြုကြတာ တိုင်ကြားကြတာတွေ မကြားသိကြရပါဘူး။
၂၀၂၁ နောက်ပိုင်းအခြေအနေက ၁၉၈၀ ပြည့်နှစ်တွေတုန်းက အခြေအနေတွေနဲ့လည်းမတူသလို ၁၉၉၀ ကျော်ကာလတွေနဲ့လည်း မတူကွဲပြားတဲ့အခြေအနေဖြစ်ပါတယ်။ အဆိုပါခေတ် ၂ ခေတ်မှာတော့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နယ်မြေစိုးမိုးမှုချဲ့ထွင်နိုင်ရေးထက် မိမိတို့ခြေကုပ်စခန်းတွေကို ကာကွယ် ရေးနဲ့ ရှင်သန်နိုင်ရေးက အဓိကဖြစ်ခဲ့တဲ့အနေအထားဖြစ်ပြီး အခု ၂၀၂၁ နောက်ပိုင်းအခြေအနေက မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်နိုင်တဲ့ နယ်မြေပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်နိုင်တဲ့အခင်းအကျင်း ဖြစ်လာပါတယ်။ ဗဟိုအာဏာပါဝါကိုထိန်းချုပ်ထားတဲ့ စစ်အာဏာရှင်တပ်အဖို့ သမိုင်းတလျှောက် အင်အားအနည်းဆုံးအချိန်နဲ့ ပြိုကွဲသွားတော့မလားဆိုတဲ့မှန်းဆချက်တွေ ရှိနေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စုပေါင်းဖော်ဆောင်ဖို့ထက် မိမိတို့စိုးမိုးနိုင်တဲ့ နယ်မြေကို ပိုမိုကျယ်ပြန့်လာဖို့ စိတ်အားထက်သန်နေကြတဲ့ အနေ အထားလည်း တွေ့နေရပါတယ်။ ဒီအခြေအနေက တပ်ပေါင်းစုဖွဲ့ဖို့ဆိုတာထက် တဦးချင်း အင်အားကြီးဖို့ ပိုပြီး ရည်မှန်းချက်ထားနေကြတဲ့အနေအထားလို့ ယူဆစရာ ကောက်ချက်ချစရာတွေလည်း ရှိနေတာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar