Breaking News

ပြည်တွင်းစစ်ပွဲနဲ့ ခေတ်ဆိုးကာလထဲက မြန်မာ့ အလုပ်သမားအခွင့်အရေး


မြန်မာနွေဦးခရိုနီကယ် - မေ ၁ မြင်ကွင်း

မိုးမခ၊ မေ ၂ ၊ ၂၀၂၅


ပြည်တွင်းစစ်ပွဲနဲ့ ခေတ်ဆိုးကာလထဲက မြန်မာ့ အလုပ်သမားအခွင့်အရေး

မေဒေးနေ့လို့ ခေါ်ဆိုတဲ့ ကမ္ဘာ့အလုပ်သမားနေ့ ကျရောက်ချိန် မှာ မြန်မာနိုင်ငံရဲ့ အလုပ်သမား အခွင့်အရေး အနိမ့်ဆုံးလုပ်ခလစာ၊ လုပ်ငန်းခွင် လုံခြုံမှု၊ ရွှေ့ပြောင်းလုပ်သားပြဿနာ စတဲ့ ပြဿနာတွေက တန်းစီပြီး အတွေးထဲ ပေါ်ထွက်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး ပြဿနာတွေ လက်နက်ကိုင်ခုခံတိုက်ခိုက်မှု၊ နေရာအနှံ့ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ခံကားတွေထဲ အလုပ်သမား အခွင့်အရေး နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေက နစ်မြုပ်နေကြတဲ့ အနေအထားဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားအခွင့်အရေး နှိုးဆော်သူတွေ အသင်းအဖွဲ့တွေကိုလည်း အာဏာသိမ်းစစ်ကောင်စီက ၄င်းတို့ကို ဆန့်ကျင်တဲ့ နိုင်ငံရေးအင်အားစုတွေအဖြစ် သတ်မှတ်ကာ ဖမ်းဆီးတာ၊ အလုပ်သမား လုပ်ခလစာအတွက် ဆန္ဒပြမှုတွေကို နိုင်ငံရေး လှုပ်ရှားမှုအသွင်နဲ့ မြင်လာတဲ့အချက်တွေက အလုပ်သမားအခွင့်အရေး ပိုပြီးဆုံးရှုံးဖို့ ဖြစ်လာတဲ့ အကြောင်းခံတွေ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေမှာ အလုပ်သမားတွေ ထိပ်ဆုံးက ပါဝင်ခဲ့ကြပါတယ်။ ရန်ကုန်မြို့ ကမာရွတ် လှည်းတန်းလမ်းဆုံမှာ စတင်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေမှာ အလုပ်သမားတွေ အများအပြားစတင်ပါဝင်ခဲ့ကြရာက အာဏာသိမ်း စစ်ကောင်စီအနေနဲ့ အလုပ်သမား သမဂ္ဂ၊ အလုပ်သမားအရေး လှုပ်ရှားတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂစုစည်းဖွဲ့ထားတဲ့ အဖွဲ့ချုပ်တွေကို နိုင်ငံရေးဆန့်ကျင်ဘက် အဖွဲ့တွေအဖြစ် သတ်မှတ်ကာ အနီးကပ်စောင့်ကြည့်တာ ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို နှိမ်နှင်းပြီးနောက် နိုင်ငံရေး လှုပ်ရှားသူတွေ နဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေဟာ မြို့ပေါ်မှာ နိုင်ငံရေးနည်း၊ ပြောက်ကျားနည်းနဲ့ ဆန့်ကျင်ဆန္ဒပြကြတဲ့ အခြေအနေကနေ စစ်ကောင်စီရဲ့ ဖမ်းဆီးတာ၊ နှစ်ရှည်ပြစ်ဒဏ်ချမှတ်တာတွေကြောင့် မြို့ပေါ်မှာ ပုန်းလျှိုးကွယ်လျှိုး နေထိုင်ရတာ သို့မဟုတ်  နယ်စပ်ဒေသတွေ၊ အိမ်နီးချင်းနိုင်ငံတွေဆီ တိမ်းရှောင်နေကြရတဲ့ အနေအထားမျိုး ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမား အခွင့်အရေးလှုပ်ရှားမှုဟာ နိုင်ငံရေးအာဏာနဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့် အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ အလုပ်သမားတက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက နှိပ်ကွပ် ရမယ့်သူတွေအထဲ သတ်မှတ်ထည့်သွင်းခဲ့ရာက အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုတွေ၊ လုပ်ခလစာတိုးမြှင့်ရေး၊ အလုပ်ခွင်အခြေအနေ တိုးတက်ရေးနဲ့ ဆိုင်တဲ့ တောင်းဆိုလှုပ်ရှားမှုတွေ အရှိန်လျော့ကျ ခဲ့တာ တွေ့ရမှာပါ။

စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေ တန်ဖိုးဟာ ၃ပုံ၁ ပုံလောက်သာရှိတော့တဲ့ အထိလျော့ကျလာ ပေမယ့် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်က စစ်အာဏာမသိမ်းမီ တရက် ၄၈၀၀ ကျပ်ကနေ လက်ရှိမှာ ၆၈၀၀ ကျပ်သာရရှိကြတာတွေ့ရပါတယ်။

အာဏာမသိမ်းမီ တရက်အနိမ့်ဆုံးလုပ်ခလစာဟာ အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ ဝန်းကျင်နဲ့ ညီမျှပေမယ့် အခုလက်ရှိ ၆၈၀၀ ကျပ်ဟာ ၁ ဒေါ်လာ ခွဲလျော့လျော့သာရှိတဲ့ အနေအထားဖြစ်လို့ အလုပ်သမားတွေ အနေနဲ့ ကုန်စျေးနှုန်း အစစအရာရာ မြင့်တက်လာချိန် တရက် အနိမ့်ဆုံးလုပ်ခနဲ့ ဝယ်ယူနိုင်တဲ့ တန်ဖိုးက ထက်ဝက်အောက် ရောက်သွားတဲ့ သဘောလည်း ဖြစ်ပါတယ်။ ကုန်စျေးနှုန်းတွေ မြင့်တက်လာခြင်းက ငွေလဲနှုန်း တခုထည်းပေါ် အခြေပြုတာမဟုတ်ဘဲ ကုန်တင်သွင်းတဲ့ သယ်ယူတဲ့ လမ်းကြောင်းတွေမှာ ကောက်ခံကြတဲ့ အခွန်အကောက်တွေကြောင့်လည်း မြန်မာနိုင်ငံထဲက စားသုံးသူတွေအဖို့ ငွေလဲနှုန်းကြောင့် ဖြစ်သင့်တဲ့ တန်ဖိုးထက်ကို ပိုမြင့်တဲ့ စျေးနှုန်းတွေနဲ့ ဝယ်ယူစားသုံးနေကြရတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် သက်ရောက်လာတဲ့ အကျိုးဆက်တွေဖြစ်တဲ့ ပြည်ပကုမ္ပဏီကြီးတွေ ထွက်ခွာသွားတာ၊ မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ခွန် ကင်းလွတ်ခွင့်၊ နည်းပါးတဲ့ ကုန်သွယ်ခွန် ခံစားခွင့်စတာတွေ ရုပ်သိမ်းခံရခြင်း၊ စီးပွားရေးအရ ပိတ်ဆို့ခြင်းတို့ အပြင် လျှပ်စစ်ဓါတ်အား မလုံလောက်မှုစတဲ့ အကျိုးဆက်တွေကြောင့် အမြတ်ကျဆင်းလာတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ ၄င်းတို့အတွက် အမြတ်ငွေကျန်ဖို့ လုပ်ဆောင်ရာမှာ အလုပ်သမားတွေရဲ့ လုပ်ခလစာတွေကို လျော့ပေါ့ပေးတဲ့နည်းနဲ့ ကာမိအောင် လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

လာဘ်စားမှုတွေ၊ လက်နက်ကိုင် စစ်ပွဲတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံထဲမှာ အလုပ်သမားအခွင့်အရေးကို လေးစားလိုက်နာတဲ့ ကုမ္ပဏီတွေထက် အကျိုးအမြတ်တခုသာ ကြည့်ကြတဲ့ ကုမ္ပဏီတွေက ပိုမိုများပြားလာကြတာလည်း ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီတွေ အနေနဲ့ ဂုဏ်သိက္ခာ၊ မျှတစွာခွဲဝေမှု၊ အလုပ်သမားအခွင့်အရေး လေးစားမှု စတာတွေကို အလေးမထားပဲ အကျိုးအမြတ်တခုကိုသာ အလေးထားကြတာတွေ့ရပါလိမ့်မယ်။ အလုပ်သမား အရေအတွက်အများအပြားကို အလုပ်အကိုင် ပေးနိုင်တဲ့ အထည်ချုပ်လုပ်ငန်းလိုမျိုးမှာလည်း အလုပ်သမားအခွင့်အရေးနဲ့ သက်ဆိုင်တဲ့ စံနှုန်းတွေကို တန်ဖိုးထားတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ အနေနဲ့ မြန်မာနိုင်ငံကို အမှာစာပေးသင့် မပေးသင့် ဝေခွဲရခက်တဲ့ အခြေအနေတွေလည်း ကြုံရလေ့ရှိပါတယ်။ လုပ်ခစား လက်ခစား အမှာစာတွေကနေ စစ်ကောင်စီ အဖို့ နိုင်ငံခြားငွေ ရရှိပြီး ပြည်တွင်းစစ်ကို ပိုမိုတိုက်ခိုက်နိုင်မယ့် စိုးရိမ်မှုနဲ့ တဖက်မှာ အမှာစာတွေ ရပ်ဆိုင်းလိုက်ခဲ့ရင် အလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးသွားမယ့် သူတွေရဲ့ အရေးကိုလည်း ထည့်သွင်းစဥ်းစားရတာ ဖြစ်ပါတယ်။

အထက်က ပြောခဲ့တဲ့ အလုပ်သမားအခွင့်အရေးတွေက ပြည်တွင်းက အလုပ်သမားတွေ ဖြစ်ပြီး မြန်မာနိုင်ငံက နေ အိမ်နီးချင်းနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အရေးကလည်း အရေးကြီးပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေး အရ ပိတ်ဆို့မှုတွေ၊ အကူအညီရပ်ဆိုင်းမှုတွေနဲ့ စစ်ပွဲတွေ မတည်ငြိမ်မှုတွေက အလုပ်အကိုင်အခွင့်အလမ်းတွေကို သိသာစွာလျော့နည်းကျဆင်းစေပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ မလေးရှားတို့မှာ တရားမဝင်နေထိုင် အလုပ်လုပ်ဖို့ သွားရောက်သူတွေ သိသာစွာမြင့်တက်လာပါတယ်။

ထိုင်းနိုင်ငံထဲကို နေ့စဥ်နဲ့အမျှ ရာဂဏန်းကနေ ထောင်ဂဏန်းအထိ တရားမဝင်ဝင်ရောက်နေကြပြီး အဲလိုဝင်ရောက်နိုင်ဖို့ လူမှောင်ခိုသယ်ယူသူတွေကို ကျပ်ငွေသိန်းဆယ်ဂဏန်းနဲ့ ချီပေးကြရတာပါ။ ထိုင်းနိုင်ငံမှာ တရားမဝင်ဝင်ရောက်စဥ် ဖမ်းဆီးခံရတဲ့ သတင်း၊ မော်တော်ယာဥ် မတော်တဆဖြစ်မှုတွေကြောင့် ဆယ်ဂဏန်းနဲ့ ချီသေဆုံးကြရတဲ့ သတင်းတွေ၊ မလေးနယ်စပ်မှာ လူမှောင်ခိုဂိုဏ်းတွေက သတ်ဖြတ်လို့ အသက်ဆုံးရှုံးကြရတဲ့ သတင်းတွေ မကြာခဏတွေ့ကြရပါတယ်။

ဒီအဖြစ်ဆိုးတွေ ကြုံတွေ့ကြရတဲ့ စေ့ဆော်မှုဟာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါး၊ တရက်လုပ်ခလစာ နိမ့်ပါးမှုတွေကြောင့် ဖြစ်ပါတယ်။ အဆိုပါ အခြေအနေမျိုး ကြုံရချိန် ထပ်ပြီး ဒုက္ခထပ်ဆင့်လိုက်တာက စစ်မှုထမ်း ဥပဒေအသက်သွင်းခြင်း ဖြစ်ပြီး ၂၀၂၄ နှစ်ဆန်း မတ်လ နောက်ပိုင်း စစ်မှုထမ်းဥပဒေကြောင့် ပြည်ပမှာ အလုပ်ထွက်လုပ်ဖို့ ဆုံးဖြတ်ပြီး တရားဝင်/ တရားမဝင် ထွက်ခွာသူ ပိုမိုများပြားလာပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား  အနည်းဆုံး ၄ သန်းကနေ အများဆုံး ၆ သန်းဝန်းကျင်ထိ ရှိနေပြီး ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်သမားအခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်လို့လည်း ထိရောက်စွာ အကူအညီပေးနိုင်ခြင်း မရှိသေးတာတွေ့ရပါလိမ့်မယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အားခ၊ လုပ်ခွင်အခြေအနေ၊ စာရွက်စာတမ်း ကိစ္စ စတဲ့အကြောင်းအရာတွေကို အစိုးရချင်း ဆွေးနွေးပြောဆိုမှုမျိုး အာဏာသိမ်း စစ်ကောင်စီလက်ထက် မတွေ့ရပါဘူး။ ၂၀၁၆-၂၀၂၀ ကြားကာလ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးကိစ္စနဲ့ ပတ်သက်လို့ အစိုးရအဆင့် ပြောဆိုဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့တဲ့သာဓကတွေက အတိတ်မှာကျန်ခဲ့တဲ့ ရွှေခေတ်အဖြစ်သာ ပြန်တမ်းတရမယ့် အနေအထားဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar