Breaking News

စုမြတ်မေ - ဘာမထီ မဟာအာဇာနည် တုနှိုင်းမမီ အောင်ဆန်းစုကြည်

စုမြတ်မေ - ဘာမထီ မဟာအာဇာနည် တုနှိုင်းမမီ အောင်ဆန်းစုကြည်

မိုးမခ ၊ ဇွန် ၁၉ ၊ ၂၀၂၅


“အဘိုး”က နယ်ချဲ့ကို တော်လှန်ခဲ့တဲ့ “ဗိုလ်မင်းရောင်”

“အဖေ” က အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဗိသုကာ “ဗိုလ်ချုပ်အောင်ဆန်း”

“အမေ” က နိုင်ငံ့ဂုဏ်ဆောင် “မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်”

ဒီလို ဒီလို ရိုးသားဖြောင့်မတ် စင်ကြယ်မြင့်မြတ် ကောင်းခြင်းဂုဏ်ဒြပ်တွေနှင့်

လိပ်ပြာလှသည့် မျိုးရိုးဗီဇပိုင်ရှင်

“ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်(လ်)ဆု” သခင်

ပြည်သူ့နှလုံးသား အပိုင်စားရ

ပြည်သူ့ဂုဏ်ရည် ဂုဏ်ထူးဆောင်ဘွဲ့ရ “ဒေါ်အောင်ဆန်းစုကြည်” က

ဘေးမသီ ရန်မခတဲ့ နေရာဌာနမှ သာယာချမ်းမြတဲ့ မိသားစုကိုစွန့်လွှတ်ကာ

ဘေးအပေါင်း ရန်အပေါင်း ဝန်းရံခနေတဲ့ နေရာဌာနမှာ

အသက်ကို ပဓာဏ မထား ဘ၀တစ်ခုလုံးကို 

ကျေကျေနပ်နပ် ပေးဆပ်စွန့်စားအနစ်နာခံနေတာ

*ဘာကြောင့်လဲ

မင်းကျင့်တရားဆယ်ပါး မလိုက်နာ မကျင့်ပွား

ဆယ်ပါးဒုစရိုက် ကန်ထရိုက်ဆွဲထားတဲ့ စစ်အာဏာရှင်တွေရဲ့

နိုင်ငံ့ကောင်းကျိုး ပြည်သူ့ကောင်းကျိုးလို့ ပါးစပ်ကအထပ်ထပ် သယ်ပိုးပြီး

လက်တွေ့မှာ သေနတ်မိုးကာ အကြောက်တရားတွေပေးဝေ

တိုင်းပြည်ဘဏ္ဍာတွေ မဆင်မခြင်ဖြုန်း

မြေပေါ် မြေအောက် သယံဇာတတွေ အလွဲသုံးစား တန်ဖိုးမထား

စီးပွားလေး လက်ဝါးကြီးအုပ် ပြည်သူကို ကုပ်သွေးစုပ်

ယုတ်မာရမ်းကားမှုများရဲ့ အကျိုးဆက်

ပျက်သုဉ်းနေတဲ့ တရားဥပဒေစိုးမိုးရေး ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေး

လုံခြုံစိတ်ချရမှု ကင်းမဲ့နေတဲ့ လူမှုရေး ခေတ်မမီတဲ့ ပညာရေး

ကျဆင်းနေတဲ့ စီးပွားရေး ချို့ယွင်းနေတဲ့ ကျန်းမာရေး

မငြိမ်းချမ်းတဲ့ ပြည်တွင်းရေး ကလိမ်ကကျစ် နိုင်ငံရေး

ဒုက္ခသမုဒ္ဒရာမှာ သောကပင်လယ်ဝေနေတဲ့ ပြည်သူ့အရေး

စသည် စသည့် အရာရာချွတ်ခြုံကျနေတဲ့ တိုင်းပြည်မှာ

အုပ်ချုပ်သူ လူတန်းစားနှင့် သူတို့ရဲ့ အလွမ်းသင့်သူတွေက မတရားကြီးပွားချမ်းသာ

အုပ်ချုပ်ခံပြည်သူအများစုကတော့ ဆင်းရဲတွင်းထဲမှာ

တိုင်းပြည်က ကမ္ဘာ့အလယ် မျက်နှာငယ် အမွဲစာရင်းဝင်နေကာ

အာရှထိပ်သီးကနေ အာရှဘိတ်ချီး ဖြစ်နေတာတွေကြောင့်

* ဘယ်သူ့အတွက်လဲ ဘာအတွက်လဲ

လူညွန့်ချိုးခံ ပြည်သူတွေကို 

ကြောက်ရွံ့ခြင်းနှင့် ချို့တဲ့ဆင်းရဲခြင်းမှ ကင်းဝေးစေကာ 

ကိုယ့်ရည်မှန်းချက် ကိုယ့်ကြမ္မာကိုယ် 

လွတ်လပ်စွာ အကောင်အထည်ဖော်နိုင်ဖို့

*ဘာလုပ်မှာလဲ

ပြောတာနားထောင် ပြန်မပြောနဲ့။ 

ဟုတ်ဟုတ် မဟုတ်ဟုတ် ခိုင်းတာလုပ် 

မှန်မှန် မှားမှား ကြိုက်ကြိုက် မကြိုက်ကြိုက် 

ထောက်ခံလိုက် လုံးဝမကန့်ကွက်ရ ဆိုတဲ့ 

တသွေးတသံ တမိန့် အဓမ္မအာဏာရှင်စနစ် အမြစ်ဖြုတ်ပြီး 

ဖခင်အောင်ဆန်း မျှော်မှန်းပန်းတိုင် ဒီမိုကရေစီနိုင်ငံတော်အစစ် ထူထောင်မှာ

*ဘယ်နည်းနှင့်လဲ

အယူအဆ မူဝါဒ မတူကွဲပြား သဘောထားကို

တိုင်ပင်ဆွေးနွေး ညှိနှိုင်းအဖြေရှာ သဘောတူညီမှု ရယူခြင်းဆိုတဲ့ ငြိမ်းချမ်းရေးနည်းနဲ့

* ဤသို့ ဤနှယ် စိတ်ဝယ်ထုံ၍

ဖခင်ရည်မျှော် ဒီမိုကရေစီ နိုင်ငံတော်သို့ 

အရောက်လှမ်းနေစဉ်ကာလ

ကမ္ဘာတစ်ခွင် လူရာမဝင် မျက်နှာပန်းမလှ 

အောက်တန်းနောက်တန်းကျနေတဲ့ တပ်မတော်ကို

ပြည်သူ့ဘက်က ရပ်တည်သော

ပြည်သူတို့ ချစ်ခင်အားထားရသော

ကမ္ဘာက လေးစားအသိမှတ်ပြုခံရသော

ဂုဏ်သိက္ခာရှိရှိ အဆင့်အတန်းမြင့်မြင့် တပ်မတော်ဖြစ်စေချင်တဲ့ စေတနာဆန္ဒ

စိတ်ရှည်သည်းခံ မေတ္တာဈာန်နဲ့ လက်တွဲခေါ်ဆောင်ခဲ့သမျှ

တပ်မတော်သမိုင်း ရိုင်းစေခဲ့သူ လူမပီသ 

အာဏာငတ်ကြီးကျတွေရဲ့ တုံ့ပြန်မှုက 

အကြပ်ကိုင်ခြင်း အကြမ်းဖက်ခြင်း ဖိအားပေးခြင်း ဖိနှိပ်ချုပ်ချယ်ခြင်း

စွပ်စွဲပုတ်ခပ် ပြစ်တင်ဝေဖန် ကဲ့ရဲ့ ရှုတ်ချ အသက်ကို လုပ်ကြံကြ

စတဲ့ စတဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲစေမှု ဒုက္ခအစုစု

အဲဒီလို ဆန္ဒနဲ့ ဘ၀မညီမျှသော်ငြား ဘယ်သူ့ကိုမှ ဘာကိုမှ အာဃာတမထား

သူတော်ကောင်းနှလုံးသားဖြင့်

“တိုင်းပြည်တိုးတက်ဖို့ ဆိုရင် ကျွန်မကို အသုံးချပါ” လို့

ဖြောင့်ဖြောင့်မတ်မတ် ရိုးရိုးသားသား 

စေတနာပါပါ မေတ္တာသန့်သန့် ပြောတဲ့စကား

ရှားမှရှားတဲ့ အာဂလူသား “ဒေါ်အောင်ဆန်းစုကြည်” ပါတကား

၁၉၄၈ လွတ်လပ်ရေးမှာ မွေးဖွားလာသည့် ဒီမိုကရေစီအလင်းရောင်

အတင်းအဓမ္မ အမှောင်ချခံလိုက်ရသည့် ၁၉၆၂ ကစလို့

နာကြည်း ချုပ်တည်း မျိုသိပ်ထားခဲ့ရသမျှ တွန်းကန်ရုန်းထွက်လာသည့်

၈.၈.၈၈ ရှစ်လေးလုံးအရေးတော်ပုံကို အကြောင်းပြု

ကျောင်းသားထု၏ တောင်းဆိုမှု သမိုင်း၏ လိုအပ်မှုအရ

တာဝန်သိသိ စည်းကမ်းသိက္ခာရှိရှိဖြင့်

နိုင်ငံရေးတာဝန် စတင်ယူခဲ့သည့် 

“သက် ၄၀ ကျော်မှ ယနေ့ သက် ၈၀” တိုင်အောင်

တဏှာပူးတဲ့ ဥစ္စာရူး အာဏာရူး စစ်ခွေးဘီလူးတွေရဲ့

ရိုင်းစိုင်းရက်စက် ရမ်းကားယုတ်မာ 

ကြုံလာသမျှ လောကဓံအဖုံဖုံကို

လက်နက်အာဏာ အသပြာပါဝါ မာယာ သာဌေယျ 

ဘာကိုမှအသုံးမချဘဲ မတရားမမျှတ 

အဓမ္မအမိန့်အာဏာမှန်သမျှ ဖီဆန်တော်လှန် ကြံ့ကြံ့ခံပြီး 

ယုံကြည်ချက် ခံယူချက်ကို မဖောက်မဖျက် 

ကတိသစ္စာတည်လျက် သန္နိဋ္ဌာန်စွဲမြဲ တိုက်ပွဲဝင်နေသည့် 

သူရဲကောင်းဇွဲသတ္တိ မမေ့မလျော့ မပေါ့မဆသည့် 

သတိ ဝီရီယ သမာဓိ ပညာ

မယိမ်းမယိုင်သည့် စာရိတ္တ သီလမင်

ဒုက္ခ ဒေါမနဿများကို သည်းခံနိုင်သည့် ခန္တီစွမ်းအား

ပြည်သူတွေရဲ့ ရင်ခုန်သံစည်းချက်ကို 

နားလည်ခံစား ဖြည့်ဆည်းပေးသော ကရုဏာမေတ္တာ 

အတုယူစံထား လေးစားဂုဏ်ယူဖွယ်ရာ ကိုယ်ရည်ကိုယ်သွေးတွေ ပြည့်စုံကြွယ်ဝ

ဩဇာတိက္ကမ ကြီးမားလှသည့်

ကမ္ဘာ့မိတ်ဆွေ ဗမာ့ကျက်သရေ လူထုအမေ 

“ဒေါ်အောင်ဆန်းစုကြည်” သည်ကား

“အာဇာနည်” ဟူသည်

အကြောင်းဟုတ် မဟုတ်ကို ကောင်းစွာသိတတ်သောသူ

လက်ရုံးရည် နှလုံးရည် ထူးကဲသာလွန်၍

အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ” ဟု 

မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားချက်နှင့် လုံးဝဥဿုံ ကိုက်ညီသူမို့

“ဘာမထီ မဟာအာဇာနည် တုနှိုင်းမမီ ဒေါ်အောင်ဆန်းစုကြည်” ရယ်လို့

ဂုဏ်ပြုကာ စာစီသလို့ တတ်စွမ်းသမျှ ကျေးဇူးဆပ်ပါသည်ရှင့်

ယနေ့မှစ ဘေးမသီရန်မခ ကြံသမျှအောင်ပါစေ

ချမ်းမြေ့ဘဝင် ကြည်လင်စိတ်မှာ ဆန္ဒလိုရာပြည့်ပါစေ

ရာကျော်သက်တမ်း မပင်မပန်း ကျန်းမာရွှင်လန်း ဖြတ်သန်းနိုင်ပါစေ

တောင်းဆုပန်ခြွေ မေတ္တာဝေလျက်

စုမြတ်မေ



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar