Breaking News

တရုတ်လွှမ်းမိုးမှု ဆန့်ကျင်ရေးနဲ့ မြန်မာ့နိုင်ငံရေးအပေါ်သက်ရောက်မှု

Xi meets with Myanmar's commander-in-chief of defense services - Xinhua |  English.news.cn

တရုတ်လွှမ်းမိုးမှု ဆန့်ကျင်ရေးနဲ့ မြန်မာ့နိုင်ငံရေးအပေါ်သက်ရောက်မှု 

မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၃ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၂၆

 


မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ထုတ်ယူမှုနဲ့ ရောင်းချမှုတွေမှာ တရုတ်နိုင်ငံရဲ့ အစိုးရပိုင် လုပ်ငန်းတွေရော အစိုးရမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်နည်းလုပ်ဟန်၊ အကျိုးအမြတ်တခုတည်း ကြည့်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေနဲ့ နိုင်ငံရေး လက်နက်ကိုင်ပဋိပက္ခတွေမှာ အချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်  သြဇာလွှမ်းမိုးနိုင်တာ၊ အသုံးချတာတွေက မြန်မာနိုင်ငံက အာဏာရှိသူ၊ လက်နက်ကိုင်စစ်တပ်နဲ့ အရပ်သားပြည်သူတွေမှာ တရုတ်ဆန့်ကျင်ရေး၊ တရုတ်သြဇာလွှမ်းမိုးမှုကို မုန်းတီးတဲ့ စိတ်သဘောထားတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ 

လတ်တလော MNDAA လို့ အတိုကောက်ခေါ်ဆိုတဲ့ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှ သိမ်းယူနိုင်လာတဲ့ နယ်မြေတွေမှာ တရုတ်ဘာသာစကား၊ စာ၊ တရုတ်နိုင်ငံသားတွေကို သယံဇာတနဲ့ မြေယာငှားရမ်းပိုင်ခွင့် စတဲ့ အုပ်ချုပ်မှုနဲ့ စီးပွားရေးဆိုင်ရာ လုပ်ဆောင်မှုတွေက မြန်မာနိုင်ငံထဲက အမျိုးသားရေးစိတ်ဓာတ်၊ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို ပြန်ပြီးနှိုးဆွသလို ဖြစ်စေလာတာ တွေ့ကြရမှာပါ။ 

တရုတ်ဆန့်ကျင်ရေး၊ အစ္စလာမ်ဘာသာဝင်နဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာ(၄င်းတို့က ဘင်္ဂါလီလို့သုံးနှုန်း)ဆန့်ကျင်ရေးတွေက မြန်မာ့နိုင်ငံရေးမှာ အစွန်းရောက်အမြင်ရှိတဲ့လူထု သို့မဟုတ် လူထုကိုလူမျိုးရေး ဘာသာရေးနဲ့ မှိုင်းတိုက်စည်းရုံးပြီး နိုင်ငံရေး အကျိုးအမြတ် ထုတ်လိုတဲ့အခါတိုင်းမှာ အုပ်ချုပ်သူတွေ အာဏာရှိသူတွေ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ လူမျိုးရေးနဲ့ မှိုင်းတိုက်တာ ဖက်ဆစ်စနစ်လို ကျင့်သုံးတဲ့ နိုင်ငံမျိုးမှာ အားကောင်းသလို အာဏာရှင်နိုင်ငံတွေမှာလည်း အသုံးချနေကျ၊ လုပ်နေကျ ညစ်ပတ်တဲ့ နိုင်ငံရေးကစားကွက်တွေ ဖြစ်ပါတယ်။  

MNDAA လက်နက်ကိုင်အဖွဲ့ အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်၊ စစ်ဆင်ရေးကာလနဲ့ အောင်ပွဲရတဲ့ကာလတွေ အထိ မြန်မာလူထု၊ အခြားသော တိုင်းရင်းသားလူမျိုးစုတွေအမြင်မှာ တရုတ်သြဇာလွှမ်းမိုးမှု နဲ့ ဆက်စပ်တဲ့ ဆန့်ကျင်မှုမျိုး ထင်ထင်ရှားရှား မရှိခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်နဲ့ အပစ်ရပ်ပြီးနောက်မှာ တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် အပစ်ရပ်ရတာ ဖြစ်စေ၊ ၄င်းတို့ ဆုံးဖြတ်ချက်နဲ့ အပစ်ရပ်ရတာဖြစ်စေ စစ်အာဏာရှင် တော်လှန်ရေးမှာ မိမိတို့ ရပ်တည်ရေးကို ဦးစားပေးသွားတယ်ဆိုတဲ့ အမြင်တွေ ပေါ်ထွက်လာခဲ့တဲ့ အချိန်ကစပြီး တရုတ်နိုင်ငံက သြဇာအာဏာ သုံးပြီး ၁၀၂၇ စစ်ဆင်ရေးကို အရှိန်လျော့သွားအောင် ရပ်သွားအောင်လုပ်တယ်ဆိုတဲ့ အမြင်တွေ အားကောင်းလာတာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံက ၂၀၂၄ သြဂုတ်လမှာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်လာပြီးနောက် ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က ခေါင်းဆောင်တွေနဲ့ တိန့်ရွှီကျင်း အစည်းအဝေး စတဲ့အဖြစ်အပျက်တွေက ၁၀၂၇ စစ်ဆင်ရေး အရှိန်ကို လျော့ကျအောင်လုပ်ဖို့ လုပ်နိုင်တဲ့ အရာတွေ၊ သက်ဆိုင်တဲ့သူတွေကို ဖိအားပေးတာ၊ အပေးအယူ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တာဖြစ်ပြီး စစ်တပ်ကို ၄င်းတို့ အကျိုးစီးပွားနဲ့ လိုက်ဖက်တဲ့ လမ်းကြောင်းသွားဖို့ မူဝါဒချ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး အရှိန်လျော့အောင် လုပ်ဆောင်ပေးခဲ့တဲ့ တရုတ်အစိုးရကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ကျေးဇူးမတင်လို့ မဖြစ်တဲ့ အနေအထား ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေမတိုင်ခင် စစ်အာဏာသိမ်းတာကို ထောက်ခံခဲ့တဲ့ အမျိုးသားရေး အစွန်းရောက်တဲ့ ဆန္ဒပြသူတွေဟာ တရုတ်အစိုးရကိုလည်း ဆန့်ကျင်ဆန္ဒပြတာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့က တရုတ်သံရုံးရှေ့ ဆန္ဒပြမှုတွေကို စစ်အာဏာသိမ်းပြီးနောက် မှာ စစ်ကောင်စီက ခွင့်ပြုခဲ့တာ အထင်အရှား အထောက်အထားတွေ ရှိခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှာတော့ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြတာတွေ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို မင်းအောင်လှိုင်အစိုးရက ခွင့်မပြုတော့ပါဘူး။ 
မျိုးချစ်ရဟန်းတော်များ သမဂ္ဂလို အပါအဝင် အဆိုပါ အမျိုးသားရေး အစွန်းရောက်လှုပ်ရှားသူတွေဟာ နိုင်ငံရေးအရ ကြံ့ခိုင်ရေး ပါတီထောက်ခံသူတွေ ဖြစ်ပြီး စစ်အာဏာသိမ်းခါစမှာ အာဏာသိမ်းတာကို ထောက်ခံခဲ့ကြတာ တွေ့ရမှာပါ။ တရုတ်အစိုးရကိုလည်း ဆန့်ကျင်တဲ့အမြင်ရှိသလို၊ ရခိုင်အရေး၊ ရိုဟင်ဂျာအရေးမှာလည်း ခိုးဝင်ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းနဲ့ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှုတွေရှိတဲ့ အင်အားစုဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်တပ်က အဆိုပါ အင်အားစုကို ၄င်းတို့တိုက်ရိုက်တာဝန်ခံစရာမလိုသော လူထုထဲက အင်အားစုအနေနဲ့ လိုအပ်တဲ့အခါ ထုတ်သုံးပြီး မလိုအပ်တဲ့အခါ ဇက်ဆွဲပြီး ထိန်းထားတဲ့ လက္ခဏာတွေ့ရပါတယ်။ သံရုံးရှေ့ဆန္ဒပြတာ၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ မဟာဗန္ဓုလပန်းခြံ နဲ့ မြို့တော်ခန်းမရှေ့တို့လို ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေဟာ စစ်တပ်နဲ့ ရဲ လုံခြုံရေးတွေက ခွင့်မပြုရင် မိနစ်ပိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံရမယ့် အခြေအနေဖြစ်ပြီး ဒီဟာတွေရဲ့ နောက်မှာ စစ်တပ်က အသုံးချနေတာ ထင်ရှားနေပါတယ်။ 

တရုတ်ဆန့်ကျင်ရေး လှုံ့ဆော်မှုနဲ့ အမျိုးသားရေး လှုံ့ဆော်မှုတွေ နဲ့ ပတ်သက်လို့ လတ်တလော အနေအထားမှာ ဇတ်ကောင်ဖြစ်လာတာက MNDAA ကိုးကန့် လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ 

မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ထဲမှာ ပါဝင်တဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်သလို တော်လှန်ရေး လက်နက်ကိုင် အင်အားစုအများစုနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲက အခြားတဖွဲ့ဖြစ်တဲ့ TNLA နဲ့ ယခုနှစ်ဆန်းမှာ တိုက်ပွဲအချို့ ဖြစ်ပြီး ကွတ်ခိုင်မြို့ကို ထိန်းချုပ်ခဲ့လို့ TNLA နဲ့ ဆက်ဆံရေး တန်းသွားခဲ့သည့်တိုင် FPNCC လို ၇ ဖွဲ့ထဲက လက်နက်ကိုင်အဖွဲ့တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပြီး မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသက တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အချို့နဲ့လည်း ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ဆက်ဆံရေး ရှိခဲ့တာပါ။ 

ရှမ်းပြည်နယ် မြောက်ပိုင်း ရှမ်းလူမျိုးတွေ အများစုနေတဲ့ မြို့တွေ၊ ရွာတွေမှာ တရုတ်ဘာသာစကား ဆိုင်းဘုတ်တွေ ပြောင်းလဲပစ်တာ၊ မြန်မာနဲ့ တရုတ် ၂ ဘာသာ ဆိုင်းဘုတ်တွေအဖြစ် ပြောင်းလဲတာတွေကို MNDAA လက်နက်ကိုင်နဲ့ အုပ်ချုပ်ရေးဘက်က လုပ်ဆောင်နေခဲ့တာကြောင့် ရှမ်းပြည်ပူးပေါင်းလုပ်ဆောင်မှုကော်မတီ SSJAC က ကန့်ကွက်တဲ့ ထုတ်ပြန်ချက် တစောင်ထုတ်ခဲ့ပြီးနောက် MNDAA  ဘက်က အဆိုပါ ထုတ်ပြန်ချက်ကို ပြင်းထန်စွာ တုံ့ပြန်တဲ့ ထုတ်ပြန်ချက်နဲ့ တုံ့ပြန်ခဲ့ပါတယ်။ 

ဒါ့အပြင် တရုတ်သြဇာ လွှမ်းမိုးမှုနဲ့ ပတ်သက်လို့ အမျိုးသားရေးအမြင် ကိုင်စွဲတဲ့ ပြည်တွင်းသတင်းမီဒီယာတခုက တရုတ်နိုင်ငံသူ၊ ပီကင်း နိုင်ငံခြားဘာသာသင်တက္ကသိုလ်က မြန်မာစာဆရာမ ဖြစ်သူနဲ့ အပြန်အလှန် ရေးသားကြတာတွေ လူမှုကွန်ရက်မီဒီယာတွေမှာ မကြာသေးခင် ရက်တွေက တွေ့မြင်လာရတာ ဖြစ်ပါတယ်။ ဒီရေးသားမှုတွေနဲ့ အတူ MNDAA ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလတွေမှာ တရုတ်တပ်မတော်က တပ်ဖွဲ့ဝင်တွေ အရာရှိတွေ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့လာခဲ့တာပါ။ 

ဒီလို နောက်ခံအနေအထားမှာ အမေရိကန်အစိုးရ ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မဟာဗျူဟာကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးစာမျက်နှာကနေ ထုတ်ပြန်ခဲ့ရာမှာ မြေရှားသတ္တုကိစ္စလည်း ပါဝင်လာခဲ့သလို တရုတ်ရဲ့ သြဇာကို ကန့်သတ်ထိန်းချုပ်ဖို့ မူဝါဒဆိုင်ရာ စကားလုံးကိုလည်း ထည့်သွင်းပါရှိနေတာ ဖြစ်ပါတယ်။ 

အမေရိကန် အနေနဲ့ မြန်မာ့အရေးမှာ ဘယ်လောက် လက်ဝင်ပါမလဲဆိုတာ မသိနိုင်သေးပေမဲ့ မြန်မာနိုင်ငံဟာ အမေရိကန်-တရုတ် တို့ရဲ့ အားပြိုင်မှု နေရာဒေသတခု ဖြစ်လာပြီလားဆိုတဲ့ မှန်းဆချက်တွေလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ 

အမေရိကန်ရဲ့ လက်ဝင်ပါလာခဲ့ရင် တရုတ်ရဲ့ တုံ့ပြန်မှုက ဘာဖြစ်မလဲ၊ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ နယ်ရုပ်အဖြစ် ကျရောက်ပြီး အင်အားကြီးနိုင်ငံ ၂ နိုင်ငံအကြား အားပြိုင်မှုမှာ အသုံးချခံဖြစ်မလား ဆိုတဲ့ ဖြစ်နိုင်ခြေတွေကို တွေးတောမှန်းဆလာကြတဲ့ ပြောဆိုရေးသားမှုတွေ တွေ့လာရတာပါ။ 

လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်တဲ့ အမြင်တွေနဲ့ လှုံ့ဆော်မှုတွေက ဘယ်အချိန်မဆို နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချခံရတတ်တဲ့ သဘောသဘာဝကို သတိပြုသင့်တဲ့အကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။


 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar