Breaking News

ချစ်ထွန်း - ငါ့စျာပနာမှာ တယောထိုးပါ

  
Image - Credit 
ငါ့စျာပနာမှာ တယောထိုးပါ
ချစ်ထွန်း
(မိုးမခ) ဇူလိုင် ၁၊ ၂၀၂၅


ဂီတဟာ
ဟင်းလင်းပြင်ကြီးပါကွဲ့ ညီမကြီးရဲ့
ငါ့စျာပနာမှာတယောထိုးပါ
ငါ့သက်မဲ့ခန္ဓာကိုယ်ကြီးကို ကျားစာကျွေးလိုက်ပါ။

လူရယ် သစ်ပင်တွေရယ် ငှက်တွေရယ်
ဖင်ထောင်ထောင်အော်လေ့ရှိတဲ့ တွင်းအောင်းပုရစ်တွေရယ်
မှောက်လျက်ပြေးလွှားလေ့ရှိတဲ့ အဆိပ်ပြင်းသတ္တဝါတွေရယ်
သေချာကြည့်ရင် ဘယ်လောက်ကွာလို့လဲ
ပေတံကြီးလိုခရီးကွာတာပါ။

နာရီတွေကသူ့ဘာသာသူ ငါတို့ကိုဖြတ်သန်း
ရှေ့ကိုနှစ်တသန်းလောက်ခဏပြေးပြီး
လက်ရှိလောကကြီးကိုကြည့် ကြည့်လိုက်စမ်း
သွေးရူးသွေးတန်းတို့ရဲ့ပုံဆောင်ခဲတွေဟာ
ဖုန်မှုန့်တွေပဲဖြစ်နေပေလိမ့်မယ်။

ဒီမယ် ညီမကြီးရဲ့
ကမ္ဘာကြီးတခွင်လုံး ဂီတနဲ့ဒုံးမဝေးဘူး
တွေးခေါ်ရှင်ဆန်ဆန် အငြိမ်စိတ်နဲ့
ကမ္ဘာကြီးကိုချော့သိပ်ရတာ ချိုပါတယ်
လက်လှမ်းမှီဝန်းကျင်ကျဉ်းလေးထဲ
စကြာဝဠာနဲ့မဆန့်တဲ့ မာနတွေဆိုတာလည်း
တချိန်မှာထားခဲ့ရရိုး အမှန်။

လောကဓံတရားအားလုံးကိုပဲ
ဂီတနဲ့ဖျော်စပ်သောက်သုံးကြပါစို့
ဒါဟာ...ငါ့ သေတမ်းစာပါ
 နောက်ဆုံးနာရီများရဲ့အခြားဘက်မှာ
ငါ့သက်မဲ့ခန္ဓာကိုယ်ကြီးကို ကျားစာကျွေးလိုက်ပါ
ငါ့စျာပနမှာ တယောထိုးရစ်ပါလေ။ ။
 
ချစ်ထွန်း
( ၁၉၅၈- ၂၀၂၅ )
၂၀၀၂ နိုဝင်ဘာ မြားနတ်မောင်မဂ္ဂဇင်း 

*** ပန်းချီ ဆရာဖေစိုးအောင်နဲ့ တကွ ကဗျာမူရင်းတင်ထားသူများအား Credit ပေးပါတယ်။

*** 30.6. 2025 နေ့က ကွယ်လွန်သွားခဲ့သူ ကဗျာဆရာ 'ချစ်ထွန်' အမှတ်တရ မိုးမခမှ ကြေကွဲသတိရစွာ ပြန်လည်ဖော်ပြအပ်ပါတယ် ...***
 
(မိုးမခ) 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar