Breaking News

စစ်အာဏာသိမ်းပြီးနောက် ပျက်စီးသွားတဲ့ အရာတွေ

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၃၀ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၊ ၂၀၂၅

စစ်အာဏာသိမ်းပြီးနောက် ပျက်စီးသွားတဲ့ အရာတွေ

ရန်ကုန်မြို့ရဲ့ လူစည်ကားရာ တရုတ်တန်းက အမှိုက်ပုံတခုမှာ သေဆုံးပြီးဖြစ်တဲ့ မွေးကင်းစ ကလေးငယ်ကို အနှီးလိုအဝတ်နဲ့ ပတ်ပြီး ပစ်ထားတာကို အမှိုက်ထဲက ပလုံကောက်သူတွေက တွေ့ရှိခဲ့တဲ့အကြောင်း ဆိုရှယ်မီဒီယာမှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ ဒီရက်ပိုင်းအတွင်း အခြားသတင်းတပုဒ်မှာ နာမကျန်းဖြစ်နေတဲ့ အသက်အရွယ်ကြီးရင့်သူတဦးကို သုဿန်မှာလာရောက်စွန့်ပစ်ထားတဲ့ သတင်းလည်း ဖတ်ရှုရသလို စကားမပြောနိုင်သေးတဲ့ အရွယ် ကလေးငယ်တဦးကို လူသွားလူလာများတဲ့ နေရာတနေရာမှာ လာစွန့်ပစ်သွားတဲ့ အဖြစ်အပျက်လည်း အခုရက်ပိုင်းအတွင်း ဖတ်ရှုခဲ့ရပါတယ်။ အခုလို အဖြစ်အပျက်မျိုးတွေ စစ်အာဏာ မသိမ်းမီကာလတွေကမဖြစ်ပွားဖူးတာ မဟုတ်ပေမယ့်လို့ အခုလို ခပ်စိတ်စိတ် ဖြစ်ပွားတာတော့ မဟုတ်ပါဘူး။

စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာမှာ မြန်မာနိုင်ငံတနိုင်ငံလုံးနီးပါး စီးပွားရေး ကြပ်တည်းမှု၊ စစ်ပွဲကြောင့် အသက်ဆုံးရှုံးရတာ ဒဏ်ရာအနာတရဖြစ်တာ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးပြီး ဒုက္ခိတ အဖြစ်ရောက်ရတာတွေက မထူးဆန်းတဲ့ ဖြစ်ရပ်တွေ သဖွယ် နေရာအနှံ့အပြားမှာ ဖြစ်ပျက်နေတဲ့ အနေအထားဖြစ်လာပါတယ်။ လူ့အအသက်သတ်ဖြတ်ပြီး ပစ္စည်းလုယူတဲ့ မှုခင်းမျိုးက မြို့တွေမှာ အများအပြားဖြစ်ပွားနေသလို ကျေးရွာတွေမှာတော့ စစ်ပွဲနဲ့အတူ ရန်သူကို ထောက်ခံတယ်လို့ သံသယရှိယုံနဲ့တင် အသက်ကြီးငယ်မရွေး သတ်ဖြတ်တဲ့ ဖြစ်ရပ်တွေ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ယူဆောင်သွားတာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တာတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

သေနတ်လို လက်နက်တွေကို လွယ်လွယ်နဲ့ လက်ဝယ်ရရှိဖို့ လွယ်ကူလာခြင်း နဲ့ တရားဥပဒေ စိုးမိုးရေးကို ကြပ်မတ်ရတဲ့ ရဲတပ်ဖွဲ့လို  အဖွဲ့အစည်းတွေက စစ်ပွဲတွေထဲ အသုံးခံနေရသလို လာဘ်စားတာ၊ ငွေညှစ်တာတွေကို တရားဥပဒေ စိုးမိုးရေးအဖွဲ့ ဖြစ်တဲ့ ရဲတွေကိုယ်၌က လုပ်ဆောင်နေကြတာကြောင့်လည်း  အခုလို ရာဇဝတ်မှုတွေ မြင့်တက်လာတာ မထူးဆန်းတဲ့ သဘော ဖြစ်နေပါတယ်။

ရိုးရိုး ရာဇဝတ်မှုတွေ အမြို့မြို့ အနယ်နယ်မှာ တရှိန်ထိုးမြင့်တက်လာသလို စစ်ပွဲတွေနဲ့ ဆက်စပ်နေတဲ့ စစ်ရာဇဝတ်မှု၊ အချို့သော လက်နက်ကိုင် အဖွဲ့တွေက မိမိတို့ကို မထောက်ခံတဲ့သူတွေကို ရိုက်နှက်၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေက အခုကာလမှာ ထူးဆန်းတဲ့ သတင်းမဟုတ်ကြတော့ပါဘူး။

လုယက်တာ၊ ပစ္စည်းယူဖို့အတွက် လူသတ်တာ၊ ဓါးပြတိုက်လူသတ်တာတွေဟာ ကြီးလေးတဲ့ပြစ်ဒဏ်ကျနိုင်တဲ့ ရာဇဝတ်ပြစ်မှုကြီးတွေ ဖြစ်ပြီး အခုလို စစ်အာဏာသိမ်းမှု မတိုင်ခင်ကာလမျိုးတုန်းက အလွယ်အကူ ကျူးလွန်တာမျိုး မတွေ့ခဲ့ရပေမယ့် ခုနေခါမှာတော့ ထမင်းစားရေသောက် ဖြစ်ရပ်တွေ သဖွယ် ကျူးလွန်လာကြတာ တွေ့ရပါတယ်။ အရင်အခြေအနေတွေတုန်းက အထက်ပါ ပြစ်မှုကြီးတွေကို ပြစ်မှု ရာဇဝင်ဟောင်းရှိတဲ့သူတွေက ကျူးလွန်တာမျိုးတွေ့ရပေမယ့် အခုနေအခါ တကြိမ်တခါမျှ ပြစ်မှုကျူးလွန်ဖူးခြင်း မရှိသူတွေတောင် ကျူးလွန်လာကြတာ တွေ့မြင်နေကြရပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတဲ့အခြေအနေ၊ ရာဇဝတ်မှုကျူးလွန်ပေမယ့်လည်း စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိတဲ့ အမှုအခင်းတွေများပြားလာခြင်းက ကျူးလွန်ဖို့ စေ့ဆော်သလို ဖြစ်စေပါတယ်။ အခုနှစ်ပိုင်းတွေ အတွင်းဖြစ်ပွားတဲ့ လူသတ်မှု၊ ပစ္စည်းလုယက်မှု၊ ရွှေဆိုင်၊ ဖုန်းဆိုင်၊ ဘဏ် ဓါးပြတိုက်မှု နဲ့ လူနေအိမ်တွေအထိ လုယက်လူသတ်မှုတွေ အများစုကို ဖေါ်ထုတ်နိုင်ခြင်း မရှိတာကြောင့် ရာဇဝတ်မှုတွေ တောက်လျှောက်မြင့်တာ လာနေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဆိုးရွားလာတဲ့ အခြေအနေတွေမှာ အထက်က ဖေါ်ပြခဲ့တဲ့ ရာဇဝတ်မှုတွေ အပြင် ငွေညှစ်တဲ့ ဖြစ်စဥ်တွေ၊ စစ်ဆေးရေး ဂိတ်တွေဖွင့်ပြီး ခရီးသွားလာသူ၊ ကုန်ပစ္စည်း ရောင်းဝယ် ဖောက်ကားသူ တွေထံက မတန်တဆငွေကြေး တောင်းခံမှုတွေကလည်း နိုင်ငံအဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသလို စစ်မှုထမ်း ဥပဒေအသက်သွင်းပြီးနောက် စစ်မှုထမ်း ကောက်ယူမှုနဲ့ ပတ်သက်လို့ ငွေညှစ်တာ၊ ငွေကြေး အလွဲသုံးစားလုပ်တာတွေက စစ်ကောင်စီ ထိန်းချုပ်ရာ ဒေသအားလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတပုဒ်မှာ မြစ်ကြီးနားကနေ မန္တလေးဘက်ကို လာတဲ့ ခရီးသွားသူတွေထံက မှတ်ပုံတင် ရှိသူတွေပင်လျင် လမ်းခရီးမှာ ငွေသောင်းနဲ့ချီပေးရသလို မှတ်ပုံတင် ပျောက်နေပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူး ထောက်ခံစာနဲ့ ခရီးသွားသူအနေနဲ့ လမ်းခရီးတလျှောက်က စစ်ဆေးရေးဂိတ်တွေမှာ ကျပ် ၅ သိန်းလောက်ကုန်ကျတဲ့အထိ ပေးခဲ့ရတယ်လို့ သတင်းက ဖေါ်ပြထားပါတယ်။ ဒီလို အဖြစ်အပျက်က သာမန်လူထုတွေအဖို့ ဒီအခြေအနေအောက်မှာ ရှင်သန်နေထိုင်ဖို့ ဘယ်လောက် ခက်ခဲသလဲဆိုတာ နားလည်စေပါတယ်။

အထောက်အထား ပြည့်စုံတဲ့ ခရီးသွားသူတွေတောင် မြစ်ကြီးနား-မန္တလေး ခရီးကို တဦးချင်းအတွက် ဂိတ်ကြေး ၅ သောင်းလောက် ပေးရပြီး ကုန်ပစ္စည်းသယ်ယူတဲ့ ကားတွေဆီကလည်း သိန်းနဲ့ချီ တောင်းခံနေကြတာ ကြားသိနေရပါတယ်။ အကွာအဝေး မိုင် ၁၀၀ လျော့လျော့သာရှိတဲ့ မြဝတီ ကနေ မော်လမြိုင်သွားတဲ့ လမ်းခရီးမှာ ကုန်ပစ္စည်းတင်တဲ့ ဟိုင်းလက်စ်ကားတစီးစာ အတွက် ကျပ် ၈ သိန်းလောက် ဂိတ်ကြေးပေးရသလို ၁၂ ဘီးကားလို ကုန်ကားတစီးအဖို့ သိန်း ၃၀ ဝန်းကျင် ဂိတ်ကြေးပေးကြရတယ်လို့ သိရပါတယ်။ အခုလို စစ်ပွဲတွေ ဖြစ်ပွားပြီး လက်နက်ကိုင် အဖွဲ့အသီးသီးက လမ်းခရီးတလျှောက် စစ်ဆေးရေး ဂိတ်တွေဖွင့်လှစ်ကာ သယ်ယူတဲ့ကုန်ပစ္စည်းတွေ အပေါ် အနည်းဆုံး ၃ ရာနှုန်းကနေ ၇ ရာနှုန်းလောက်ထိ ကောက်ယူနေကြတာ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ စစ်ကောင်စီ ရဲ့ တပ်တွေက ကောက်ခံတဲ့ ဂိတ်ကြေးတွေက လက်နက်ကိုင် တပ်တွေရဲ့ တရားမဝင် ခွဲဝေယူကြတဲ့ငွေဖြစ်ပြီး တိုင်းရင်းသား PDF လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့တော့ တပ်ရဲ့ ရိက္ခာ၊ လက်နက်ခဲယမ်း ဝယ်ယူဖို့အတွက် အသုံးပြုကြတာ ဖြစ်ပါတယ်။

စစ်ပွဲတွေ ဖြစ်ပွားနေရာမှာ စစ်ပွဲတွေရဲ့ စရိတ်၊ လက်နက်ကိုင် တပ်တွေရဲ့ ကုန်ကျစရိတ်တွေကို လူထုက တာဝန်ထမ်းရတဲ့ သဘောလို့ဆိုရင် မှားမယ်မထင်ပါဘူး။ စစ်ကောင်စီ အနေနဲ့ကတော့ ၄င်းဘက်ကနေ တိုက်ခိုက်ပေးနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ဘယ်လောက် လာဘ်လာဘ တောင်းခံတာ ငွေညှစ်တာ ခြိမ်းခြောက်တောင်းယူတာတွေကို အရေးယူခြင်း မရှိဘဲ လျှော်ပစ်ထားတဲ့ အနေအထားတွေ့ရပါတယ်။ တရားရုံး တင်တဲ့ အမှုတွေမှာ ရဲ၊ တရားရေးဝန်ထမ်း၊ တရားသူကြီး စတဲ့ပါဝင်ပတ်သက်သူအားလုံး လာဘ်စားတာတွေ ရှိနေသလို လုံခြုံရေး အကြောင်းပြပြီး နိုင်ငံတလွှားကားလမ်းတွေ ရေလမ်းတွေမှာ စစ်ဆေးရေး ဂိတ်နဲ့ ငွေတောင်းခံနေတာတွေကိုလည်း လျစ်လျူရှုထားတာဖြစ်ပါတယ်။ အခု အထက်က တင်ပြခဲ့တဲ့ ဒီအခြေအနေတွေ ဖြစ်တဲ့ စားဝတ်နေရေး ကြပ်တည်းမှုကြောင့် ကျင့်ဝတ်ဆိုင်ရာ ကျဆုံးမှု၊ ရာဇဝတ်မှုတွေ တရှိန်ထိုး မြင့်တက်လာမှု၊ လက်နက်ကိုင်အဖွဲ့တွေရဲ့  လာဘ်စားမှု အခွန်အကောက် မတန်တဆကောက်ခံမှုတွေက စစ်အာဏာသိမ်းပြီးနောက် ပျက်စီးသွားတဲ့ အရာတွေဖြစ်ပြီး ဘယ်အချိန်ကာလမှာ ပြန်လည် ပြင်ဆင်နိုင်မလဲဆိုတာ မမျှော်မှန်းနိုင်တဲ့ အနေအထားမှာလည်း ရောက်နေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar