Breaking News

မောင် နွေ ထက် - ငါ့ နွေ ဦး လမ်း

Art- Than Htay Maung

ငါ့ နွေ ဦး လမ်း
မောင် နွေ ထက်
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၂၅

ငါက
အပေါစားကျော်ကြားမှုမြစ်ထဲလက်ပစ်ကူးနေတဲ့ကောင်မဟုတ်ဘူး
ငွေနောက်‌တကောက်ကောက်လိုက်နေတာလဲမဟုတ်ဘူး
ငါက တတိယနိုင်ငံသွားချင်တဲ့ကောင်မဟုတ်ဘူး
ငါ့ အမေ့မြေရဲ့ မြေသင်းခဲကိုသာ ငါနမ်းရှိုက်တယ်
စကားလုံးသေတွေထဲမှာလဲ နစ်မြုပ်မနေပါဘူး
ငါတို့ဖြတ်သန်းနေရတဲ့ ခေတ်ကြီးက မာယာများတယ်
တချို့ မျက်နှာဖုံးစွပ်ထားကြတယ်
တချို့ အုပ်စုဖွဲ့ကောင်းတုန်း
တချို့ သကာဖုံးထားတဲ့ မချိုမချဉ် အပြုံးတုတွေနဲ့
ပန်းချီမဟုတ်တဲ့ ပန်းချီကားအတုတွေ
ပန်းပုမဟုတ်တဲ့ ပန်းပုအတုတွေ
ကဗျာမဟုတ်တဲ့ ကဗျာအတုတွေ
ဂီတမဟုတ်တဲ့ ဂီတအတုတွေ
အနုပညာမပါတဲ့ အနုပညာအတုတွေ
လူညံ့တွေကြားမှာ ပျားပန်းခတ်နေကြ
မဟာကဗျာဆရာကြီး မင်းသုဝဏ်က
စု
တု
ပြု
တဲ့
တုလို့ကိုမဆုံးနိုင်တဲ့သူတွေကြား
သုခုမအတုတွေက သေဆုံးနေပါရောလား
နေလမ်းပတ်ကြောင်းတွေ ပြောင်းတယ်
ဂြိုလ်တွေကလဲ တန်းတယ်
ငလျင်တွေလှုပ်တယ်
မုန်တိုင်းထန်တယ်
 မြစ်ရေလျှံတယ် ရေကြီးတယ်
ပင်လယ်ရေတွေ မြင့်တက်လာနေတယ်
‌ပင်လယ်ကြမ်းပြင်အောက်က မီးတောင် ပေါက်ကွဲနိုင်တယ်ဆိုပါလား
ဆူနာမီကလဲ အငြိမ်မနေဘူး
မုတ်သုန်လေရိုင်းက မရပ်မနား
အော်
ကမ္ဘာကြီးမှာ
နျူကလီးယား လက်နက်နက်ပိုင်ရှင်တွေက တထောင့်ကတမှောင့်
သူတို့ပဲ တတိဘကမ္ဘာစစ်မီးကို ပျော်ပျော်ကြီး မွှေးနေကြ
ကမ္ဘာကြီးရဲ့ လည်ပတ်နှုန်းက မြန် နေပြီ
ကမ္ဘာကြီးတခုလုံးက လက်ပိုက်ကြည့်နေတဲ့ ပွဲကြည့်တွေပဲ
ကဲ
ဘယ်သူဘာပြောချင်သေးသလဲ
ကိုယ့်အားသာ ကိုယ်အားကိုးကြ
ကိုယ့်လမ်းသာ ကိုယ်ဖောက်ကြ
ကိုယ့်နွေဦးကိုသာ ကိုယ်မျှော်ကြ
တကယ့် နွေဦးက ငါ့ရင်ထဲမှာ
ငါ့ ရင်ထဲလာ
ပွဲတော်အစစ်ရဲ့
ပိတောက်သရဖူသစ်ကိုဆောင်း
အဟောင်း အဆိုးတွေကိုဖယ်
ဟိုမယ်
 အောင်ပွဲဆိုတာ
 တိုက်ရဲသူအတွက်
ကောင်းကင်လမ်းပေါ်က
ငါ မျှော်လင့်စောင့်စားနေတဲ့
နွေဦးက
ငါ့ကို
ငါ့ကို
ခေတ်ပြိုင်ပင်မရေစီးကဗျာသစ်တွေလက်ဆောင်အပါး
ပင်လယ်သစ်ထဲက ဒီရေတက်သံတွေရဲ့ အဆန်လမ်း
အံ့တပါးပါလားဟေ့
ဟိုမယ်
ငါ့ နွေဦးက
ခြေသံဖျောက်လို့ လာနေပြီ

၉-ဇူလိုင်-၂၀၂၅
ဗုဒ္ဓဟူးနေ့

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar