Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျပ်မပြည့်အုပ်ချုပ်ရေးနဲ့ ပြည်သူ့ခံနိုင်ရည်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျပ်မပြည့်အုပ်ချုပ်ရေးနဲ့ ပြည်သူ့ခံနိုင်ရည်

မိုးမခ ၊ ဇူလိုင် ၂၉ ၊ ၂၀၂၅


မအေဘေး မအလ အတည်ပေါက်လုပ်နေတဲ့ အလုပ်တခုက စစ်မှုထမ်းဖို့ မဲနှိုက်တာ။ ပွဲလိုလို ဘာလိုလိုကိုလုပ်နေတာ။ ဒို့ရပ်ကွက် ဘယ်တော့ပါလိမ့်ဆိုပြီး ကြောက်သလိုလို မျှော်သလိုလို ဖြစ်လာအောင် တမင်လုပ်နေတာလေ။ 

အဲဒီလိုနဲ့ဘဲ ဒါကြီးက တရားဝင်တာဝန်တရပ်လိုလို ဖြစ်လာတာပေါ့။ အဲဒီလို ထင်အောင်လည်း သူလုပ်ပုံက မဲနှိုက်တဲ့ထဲမှာ မရှိတဲ့သူတွေပါ တမင်ထည့်နှိုက်လိုက်တယ်။ ပြည်ပ အလုပ်သွားလုပ်နေသူတွေ၊ သင်္ဘောသားတွေ၊ ပြည်ပထွက် ကျောင်းတက်နေသူတွေ အကုန်ထည့်နှိုက်လိုက်တယ်။ လက်ရှိ ပြည်တွင်း ကျောင်းတက်နေသူကိုပါ ထည့်လိုက်တယ်။ မဲနှိုက်ရင် ပေါက်တယ်၊ ပေါက်ဆို ဗလာ မပါဘူးလေ။ အဲဒီလူတွေကလဲ အခုလာပြီး စစ်မှုထမ်းဖို့ မဟုတ်ဘူး၊ အချိန်ကျရင် ပြန်လာမယ်၊ လက်ရှိ ကျောင်းမပြီးသေးသူကလဲ အခု စစ်သင်တန်းမတက်ရသေးဘူး၊ ကျောင်းပြီးရင် တက်မယ်၊ လက်ခံတယ် ဆိုတဲ့ အထာချိုးပြတာ။ နှစ်နှစ်ပဲပေါ့။ နှစ်နှစ်ပြည့်ရင် ကိုယ့်သဘော၊ ဆက်ပြီးစစ်မှုထမ်းမလား၊ မထမ်းရင်လဲ ထမ်းပြီးကြောင်းလက်မှတ်နဲ့ အလုပ်အကိုင်တောင်လွယ်လွယ်လေးရမယ်ဆိုတာမျိုး ခင်းပြထားတယ်။ ပြီးတော့ ဒါဟာ အခြေခံစစ်သင်တန်းပါပေါ့။ လူငယ်တိုင်း မဖြစ်မနေ တတ်ထားရမယ့်ဟာပေါ့။ အဲဒီတော့ ရပ်ကွက်ထဲမှာ ရှိနေတဲ့ လူငယ်က သူ ပေါက်တာကို သူ့အလှည့်ဆိုပြီး အသာတကြည် လက်ခံသွားအောင်၊ အသာတကြည် လက်မခံနိုင်ရင်လည်း ကလန်ကဆန် မလုပ်သာအောင် မိဘတွေကို လက်မှတ်ထိုးခိုင်းထားတာမျိုးတွေနဲ့ ဆင်ထားတာလေ။ အဲဒီမှာ တကယ် ကလန်ကဆန် လုပ်သူကိုလဲ လူရှေ့သူရှေ့ ပစ်သတ်ပြတာထိ လုပ်သလို ငွေကြေးနဲ့ ပြန်ရွေးထုတ်လို့ရတဲ့ လမ်းကြောင်းကလည်း ဖွင့်ထားသေးတာ။ တဖက်မှာလဲ အကျွတ်ဝင်ဆွဲတာတို့၊ ဂိတ်တွေကနေ ခရီးသွားတွေကို ဆွဲချတာတို့၊ လမ်းဘေးမှာ အတည်ပေါက်ခေါ်သွားတာတို့၊ အလုပ်အပြန် ရုံးအပြန် အပျောက်ရိုက်သွားတာတို့၊ စစ်ကြောင်းထိုးရင်း ဖမ်းခေါ်သွားတာတို့တွေက သတ်သတ်ရှိသေးတယ်။ တသုတ် ငါးထောင်နဲ့ အတည်ပေါက် စုနေတာ ခု တပ်သားသစ် သိန်းဂဏန်း နီးလာပါပြီ။ စုလို့ အဆင်ပြေအောင် အသံသိပ်မထွက်အောင်လည်း သူတို့အုပ်ချုပ်ရေးမှာဝင်ပါနေသူတွေ၊ ခရိုနီ ခရိုနက်တွေ၊ ခရိုပြာ ခရိုဝါတွေရဲ့ သားတွေကို ထည့်မဲမနှိုက်ဘဲ ထားလိုက်တယ်။

မြို့ပေါ်က လူတွေကို ထွက်ပေါက်တွေ တဖြည်းဖြည်းပိတ်ပြီး စစ်မှုထမ်းဥပဒေထဲ ကျုံးသွင်းနေတာကို ဘယ်လို ဟန့်တားကြမလဲဆိုတာ တော်လှန်ရေးရဲ့ တာဝန်တခု၊ တနည်း တိုက်ပွဲဖော်ဆောင်ပုံတခုဖြစ်ပါတယ်။ ရှေ့တန်းရောက်လာမှ ထွက်ပြေးတာကို စောင့်နေလို့ မရပါဘူး။ တဖက်က လက်နက်ကိုင်ထားရင် တဖက်မှာ လက်နက်ကိုင်ထားသူအတွက် ရန်သူပါဘဲ။ ကိုယ်မပစ် ကိုယ်သေပါဘဲ။ ရန်သူဖြစ်ပြီးသွားရင် မိတ်ဆွေဖြစ်ဖို့ အပြောင်းအလဲလုပ်ရတာ အချိန်ယူရပါတယ်။ အချိန်ရပေမယ့်လဲ အခြေအနေမပေးရင် ဖြစ်ချင်မှလဲ ဖြစ်တော့မှာပါ။ ပိုရင့်ကျက်အားကောင်းတဲ့ရန်သူတောင် ဖြစ်သွားနိုင်ပါတယ်။ ပိုဆိုးတာက ခုစစ်မှုထမ်းခေါ်ခံရတဲ့လူငယ်တွေဟာ ပညာတတ်တွေ များပါတယ်။ အရင်ရိုးရိုးစစ်သားတွေလို သူခိုး ဂျပိုး စာမတတ်ပေမတတ် အလုပ်မရှိအကိုင်မရှိ ရာဇဝတ်မှု ကျူးလွန်ထားသူများ အူကြောင်ကြားများ နလပိန်းတုံးများ မဟုတ်ကြပါဘူး။ တဖက်ကကြည့်ရင်တော့ ဒီလိုလူတွေဟာ လက်ရှိအခြေအနေအားလုံးကို မြင်တွေ့နားလည်ထားသူတွေမို့ စစ်တပ် သိမ်းသွင်းတာ မခံရနိုင်ဘူး ထင်ရပေမယ့် စစ်ပွဲတွင်းမှာ ရန်သူဖြစ်သွားအောင် လုပ်ရတာတော့ မခက်ဘူးလို့ ထင်ပါတယ်။ လူဆိုတာ ကိုယ့်အသက်ကို ကာကွယ်ဖို့ဟာ ပထမဦးစားပေးဖြစ်လာပါမယ်။ ပြီးတော့ သူတို့ကို နည်းပညာပိုင်းအရ အသုံးချလို့ ပိုအဆင်ပြေပါတယ်။ လူငယ်က နည်းပညာကို ခုံမင်တာကို အားနည်းချက်အဖြစ် အသုံးချသွားလို့ရပါတယ်။ လူငယ်သဘာဝ စွန့်စားရတာကို ကြိုက်တာတို့၊ သေနတ်ကိုင်မိရင် သွေးပြောင်းသွားတတ်တာတို့တွေလည်း ရှိတော့ ပေါ့ပေါ့တန်တန် သဘောထားလို့ မရပါဘူး။ 

စစ်အုပ်စုဟာ အဲသလို လူသူစုဆောင်းတာအပြင် စနစ်တကျ စစ်ရေးပြင်ဆင်လာတာ၊ နည်းပညာအကူအညီတွေ အလွယ်တကူရယူနိုင်တာ၊ လက်နက်ခဲယမ်း မြန်မြန်ဆန်ဆန် ဖြည့်တင်းနိုင်တာ၊ ဖြတ်တောက်ပိတ်ဆို့နိုင်တာ၊ အရပ်သားပြည်သူတွေကို ဒုက္ခမျိုးစုံ ဖန်တီးပေးနိုင်တာ၊ သံတမန်ရေးတိုးမြှင့်ထိုးဖောက်လာနိုင်တာတွေ သိသိသာသာ မြင်လာရပါတယ်။

တော်လှန်ရေးဘက်တော်သားတွေက အခွန်ငွေ စနစ်တကျ ကောက်ခံတာ၊ မျှမျှတတ မှန်မှန်ကန်ကန် ထိထိရောက်ရောက် သုံးစွဲတာအပါအဝင် ပြင်ဆင်စရာရှိတာတွေကို အမြန်ပြင်ဆင်စုဖွဲ့ပြီး လူသူစုဆောင်းတာကို တနည်းနည်းနဲ့ ဟန့်တားဖို့လုပ်ရပါမယ်။ မအလအုပ်စု စနစ်တကျစစ်ရေးပြင်ဆင်ခွင့်မရအောင် နေရာစုံ တိုက်ပွဲဖော်ဆောင်ရပါမယ်။ သူတို့ နည်းပညာအကူအညီတွေအလွယ်တကူ ရယူနိုင်တာကိုတော့ ဟန့်တားဖို့ ခက်ခဲတာမို့ ကိုယ့်ဘက်က နည်းပညာမြှင့်သုံးဖို့ အထောက်အပံ့တွေ များများလုပ်ပေးဖို့လိုပါမယ်။ ကိုယ့်ဘက်မှာ နည်းပညာမြင့် ဒရုန်းစင်းရေများများထုတ်နိုင်ဖို့ကို ဥပေက္ခာပြုထားတဲ့ သဘောထားတွေ ပြောင်းလဲရပါမယ်။ ကပစ စက်ရုံတွေအမြန်ဆုံးသိမ်းပိုက်နိုင်ရင်၊ ဒါမှမဟုတ် ထုတ်လုပ်ရေး ဖြတ်တောက်နိုင်ရင်တော့ လက်နက်ခဲယမ်းရရှိမှု ခက်ခဲနှောင့်နှေးသွားပါလိမ့်မယ်။ ဒါဆိုရင် ရိက္ခာဆေးဝါး စက်ဆီ ဖြတ်တောက်နိုင်စွမ်း အရပ်သားတွေကို ဒုက္ခပေါ် ဒုက္ခဆင့်နိုင်စွမ်းတွေ လျော့သွားပါလိမ့်မယ်။ စိုးမိုးနယ်မြေ ကျယ်ပြန့်လာရင် သံတမန်ရေးပါ ထိန်းချုပ်နိုင်လာမှာပါဘဲ။ ဒါဆိုရင် လေကြောင်းတိုက်ခိုက်နိုင်စွမ်း ချည့်နဲ့သွားမှာပါ။

အားလုံး ချုပ်ရရင်တော့ စစ်တိုက်ဖို့နဲ့ စစ်နိုင်ဖို့ပါဘဲ။ စစ်သေချာတိုက်နိုင်ဖို့ကလည်း ဦးစီးဦးဆောင်နေရာမှာ တာဝန်ယူထားတဲ့သူ‌တွေအနေနဲ့ လိုကယ်ပီဒီအက်တွေ၊ ကိုယ့်အောက်က မဟုတ်တဲ့ တပ်ဖွဲ့တွေအပေါ်  ထားတဲ့ သဘောထားတွေ ပြင်ဖို့ပါပဲ။ မဟာမိတ်အဖြစ်၊ နယ်မြေတူတပ်ချင်း တပြေးညီ ချိတ်ဆက်လုပ်ဆောင်ရမယ့် အင်အားစုအဖြစ် သဘောထားဖို့ပါဘဲ။ အဲဒီလိုအဖွဲ့တွေအပေါ်ထားတဲ့ သဘောထားဟာ အဖွဲ့ကြီးတွေ ERO‌ တွေအပေါ်ထားတဲ့ သဘောထားကို ထင်ဟပ်ပါတယ်။

စစ်နိုင်အောင် တိုက်ဖို့မှာ အရေးအကြီးဆုံးက ပြည်သူ့ ကြံ့ကြံ့ခံနိုင်စွမ်းပါ။ ပြည်သူ့ခံနိုင်ရည်ကို မမြှင့်တင်နိုင်ရင်တောင် မထိခိုက်ဖို့ပါဘဲ။ ထောက်ပံ့ပြည်သူနဲ့ တောင့်ခံပြည်သူကိုဝန်ဆောင်မှုပေးနေသူတွေကို စိတ်အနှောင့်အယှက်မပေးဖို့ပါ။ ဝန်မဖိဖို့ပါ။ ပြည်သူ့အုပ်ချုပ်ရေး ယူထားသူတွေ၊ ပညာရေးမှာပဲ ဖြစ်ဖြစ် စီမံခန့်ခွဲခွင့်ရထားသူတွေဟာ ပြည်သူကို ဝန်ဆောင်မှုပေးရမယ် ဆိုတဲ့စိတ် အားနည်းလာတာတွေ သိသိသာသာ များလာပါတယ်။ မချေမငံ ဆက်ဆံတာ နှောင့်ယှက်တာတင်မက ငါ ခွင့်မပြုရင် မလုပ်ရဘူး ဆိုတဲ့ အရင်စစ်ရူးတွေရဲ့ အူကြောင်ကြားသဘောထားတွေနဲ့ ဆက်ဆံလုပ်ကိုင် ဗိုလ်ကျလာကြတာတွေ တိုးပွားလာပါတယ်။ အရေးပေါ် ကူညီကယ်ဆယ်ရေးမှာတောင် ငလျင်အကူကို ခွင့်မပြုချင်တဲ့ မအလ စိတ်ဓာတ်မျိုးတွေနဲ့ လုပ်ပိုင့်ခွင့် ယူထားသူတွေဒုနဲ့ဒေးပါဘဲ။ တပါတည်း ပူးပေါင်းဆောင်ရွက်ဖို့ မဟုတ်ဘဲ ကူမယ့်ဟာ ငါတို့လက်ထဲပေး ဆိုတဲ့ ကလေကဝ စိတ်ဓာတ်မျိုးတွေပေါ့။ ဒါတွေဟာ စစ်တိုက်စွမ်းအားကို ချည့်နဲ့အောင်လုပ်တဲ့ အဓိကအချက်ကြီး ဖြစ်ပါတယ်။ စစ်တိုက်သူ အေးအေးဆေးဆေး တိုက်နိုင်အောင် ပညာရေး၊ ကျန်းမာရေး၊ အရေးပေါ် စားသောက်နေထိုင်ရေးနဲ့ တခြား ပြည်သူ့လိုအပ်ချက်တွေကို ဘက်ပေါင်းစုံက နည်းမျိုးစုံနဲ့ ကူညီလုပ်ကိုင်ပေးနေသူတွေ အများကြီးရှိပါတယ်။ အဲဒီလူတွေရဲ့လုပ်ငန်းဆောင်တာတွေကို လွယ်ကူမြန်ဆန်ချောမွေ့အောင် မကူညီတဲ့အပြင် အနှောင့်အယှက်ပြုနေတဲ့‌ ကျပ်မပြည့် အုပ်ချုပ်သူတွေကို ဖြုတ်ပြင်ဖို့ကလည်း အင်မတန်အရေးကြီးပါကြောင်း။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar