စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ ဥပဒေတွေ ထုတ်ပြန်
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၉ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၂၅
စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ ဥပဒေတွေ ထုတ်ပြန်
အာဏာသိမ်းထားတဲ့ စစ်ကောင်စီက လာမယ့် ဒီဇင်ဘာလ နဲ့ နောင်နှစ် ဇန်နဝါရီလ တို့အတွင်း ကျင်းပမယ်လို့ ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ်ပြင်ဆင်သည့် ဥပဒေကို သက်ဆိုင်ရာ လွှတ်တော် ၃ ရပ်အတွက်ပြင်ဆင်ချက် ၃ ခု ကြေညာခဲ့သလို ယခင် ရွေးကောက်ပွဲတွေမှာ မရှိခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ဆိုတဲ့ ဥပဒေသစ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့ပါတယ်။
နှစ်ကုန်မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲ မတိုင်ခင် ၅ လ ၆ လ အလိုမှာ အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အခုထုတ်ပြန်တဲ့ ဆဋ္ဌမအကြိမ်ပြင်ဆင်သည့် ဥပဒေရဲ့ ထူးခြားချက်တွေကတော့ စက်မဲပေးစနစ် ဆိုတာကို အသုံးပြုတာနဲ့ ပတ်သက်တဲ့ ဖေါ်ပြချက်တွေ ပါရှိသလို ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြတာ၊ မဲမပေးဖို့ လှုံ့ဆော်တာ၊ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေကို တားဆီးတာ၊ တားဆီးဖို့ ကြိုးစားတာတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချဖို့ ပြင်ဆင်တာမျိုးတွေက အခု ဆဋ္ဌမပြင်ဆင်သည့် ဥပဒေမှာ ပါရှိတာတွေ့ရပါလိမ့်မယ်။
လွှတ်တော် ၃ ရပ်နဲ့ ပတ်သက်တဲ့ ဆဋ္ဌမအကြိမ် ပြင်ဆင်သည့် ဥပဒေအပြင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ဆိုတဲ့ ယခင်က မရှိသေးတဲ့ ဥပဒေသစ်တရပ်ကိုလည်း ပြဋ္ဌာန်းခဲ့တာက ထူးခြားချက် ဖြစ်ပါတယ်။
နကိုရှိနှင့်ပြီး ရွေးကောက်ပွဲ ဥပဒေမှာလည်း ရွေးကောက်ပွဲ မဲမပေးရေးလို လှုပ်ရှားမှုတွေ လုပ်လာခဲ့ရင် အရေးယူပြီး ပြင်းထန်စွာ အပြစ်ပေးနိုင်အောင် ပြစ်ဒဏ်ပြင်ဆင်ချက်တွေ လုပ်ခဲ့သလို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဆိုပြီး သီးခြား ဥပဒေတရပ်ကိုပါ ထပ်မံပြဋ္ဌာန်းခဲ့ခြင်းဟာ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီ အနေနဲ့ လုံခြုံရေး လုံလောက်အောင် မစီမံနိုင်တာ၊ နယ်မြေတွေကို သေသေချာချာ ထိန်းချုပ်ထားနိုင်စွမ်း မရှိတဲ့ အခြေအနေကိုလည်း လှစ်ဟပြသလို ဖြစ်နေတာပါ။
ဆဋ္ဌမအကြိမ် ပြင်ဆင်လိုက်တဲ့ ဥပဒေမှာ ယခင်ဥပဒေပါ ပြစ်ဒဏ်တွေထက် ၂ ဆ ၃ ဆပိုတဲ့ ပြစ်ဒဏ်လိုမျိုး ပြဋ္ဌာန်းတာ တွေ့ရသလို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေမှာလည်း အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ သေဒဏ်အထိ ချမှတ်နိုင်ခွင့်ပြုထားတ တွေ့ရမှာ ဖြစ်ပါတယ်။
အဆိုပါ ဥပဒေသစ်မှာ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီကိုဘယ်သူတွေနဲ့ ဖွဲ့စည်းရမယ်ဆိုတာတွေကို ထည့်သွင်းထားတာတွေ့ရပါတယ်။ ဗဟိုကနေ ပြည်နယ်၊ တိုင်း၊ ခရိုင်နဲ့ မြို့နယ် အဆင့်ထိ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီတွေ ဖွဲ့ဖို့ အသေးစိတ်ဖေါ်ပြထားပြီး လာမယ့် ရွေးကောက်ပွဲအဖို့ လုံခြုံရေး အခြေအနေ အားနည်းချက်ကို လှစ်ဟပြလိုက်တဲ့ သဘောလို့လည်း ကောက်ချက်ချမယ်ဆို ချနိုင်ပါတယ်။
နိုင်ငံတဝှမ်းမှာ အချို့သော ပြည်နယ်နဲ့ တိုင်းဒေသတွေမှာ ၇၀ ရာနှုန်းကနေ ၉၀ ရာနှုန်းလောက်ထိ စစ်ကောင်စီ ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ အခြေအနေအောက်မှာ ရွေးကောက်ပွဲ ဘယ်လို ကျင်းပမလဲဆိုတဲ့ အချက်အပေါ် လူအများက သံသယရှိနေကြတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်၊ ကရင်နီပြည် (ကယား) ချင်းပြည်နယ်တို့လို ဒေသတွေမှာ စစ်ကောင်စီဘက်က ပြည်နယ် မြို့တော်ကိုသာ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမျိုးဖြစ်တာကြောင့် ကျန်ပြည်နယ်တခုလုံးက တိုင်းရင်းသား လက်နက်ကိုင်၊ မြို့၊ ဒေသအလိုက် ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေကြတာ ဖြစ်ပါတယ်။ ကျန် ဒေသတွေ ဖြစ်တဲ့ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စတဲ့ ဒေသတွေမှာလည်း နယ်မြေအများအပြားကို ERO လို့ ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ PDF တွေက ထိန်းချုပ်ထားကြတာ ဖြစ်ပါတယ်။ ဒီလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မှတ်ချက် သဘောထား အချို့ကို ထုတ်ဖေါ်ပြောဆိုထားကြပေမယ့် လာမယ့် နှစ်ကုန်မှာ အမှန်တကယ် ကျင်းပလာရင် ဘယ်လို တုံ့ပြန်မလဲ ဆိုတာနဲ့ ပတ်သက်လို့ အသေးစိတ်တော့ ပြောဆိုတာမျိုး မတွေ့ကြရသေးပါဘူး။ အချို့သော တိုင်းရင်းသားနယ်မြေတွေမှာ နယ်ခြားစောင့်တပ်လိုမျိုးကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ စစ်ကောင်စီဘက်က ပြောဆိုတာတွေတော့ ရှိနှင့်ပြီးဖြစ်ပုံရပါတယ်။ သာဓက တခုပြရရင် DKBA လက်နက်ကိုင် အဖွဲ့ကို ရွေးကောက်ပွဲ ကျင်းပရာမှာ ကူညီပေးဖို့ စစ်ကောင်စီက ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်က ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ KIA, KNU, KNPP, KNDF, AA, CNF, CB, TNLA တို့အနေနဲ့တော့ စစ်ကောင်စီ ရွေးကောက်ပွဲကို အကူအညီပေးစရာ အကြောင်းမရှိတာ သေချာပါတယ်။
အကူအညီမပေးတာ အပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စည်းရုံးလှုံ့ဆော်မှုတွေ မဲပေးတဲ့ ရက် မဲရုံ၊ ကိုယ်စားလှယ်လောင်း၊ နိုင်ငံရေးပါတီတွေ အပေါ် ဘယ်လို သဘောထားမလဲ၊ ဘယ်လို ပြုမူမလဲ ဆိုတဲ့ အချက်ကလည်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အင်အားစုတွေ အဖို့ အဖြေရခက်တဲ့ မေးခွန်းတခု ဖြစ်နေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ အပစ်ရပ်သဘောတူညီချက် ယူထားတဲ့ MNDAA လို အဖွဲ့မျိုးက ဘယ်လို ဆုံးဖြတ်မလဲ၊ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်လို၄င်းတို့နယ်မြေထဲ ရွေးကောက်ပွဲ လာရောက်ကျင်းပတာမျိုး ခွင့်မပြုတာမျိုး အနေအထား သို့မဟုတ် ဒိထက်ပိုတဲ့ အရေးယူမှုမျိုးထိ လုပ်ဆောင်မလား စတဲ့ မူဝါဒ သဘောထားတွေ ရှင်းရှင်းလင်းလင်းတော့ ထုတ်ဖေါ်ပြောဆိုတာ မတွေ့ကြရသေးပါဘူး။
စစ်ကောင်စီအနေနဲ့ ၄င်းတို့ကျင်းပမယ့် ရွေးကောက်ပွဲဟာ နယ်မြေအား အရေအတွက်အားဖြင့် သိသိသာသာ နည်းပါးနေတဲ့ အချက်၊ လူထုရဲ့ စိတ်ဝင်စားမှု မရရှိတဲ့အချက် နဲ့ ၄င်းတို့ ထိန်းချုပ်ထားတဲ့ မြို့တွေမှာပင်လျင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပေါ်ထွက်လာနိုင်ခြေ ရှိတာကို တွက်ဆထားပုံရပါတယ်။
ဒီလို နောက်ခံ အခင်းအကျင်းတွေကြောင့် စစ်ကောင်စီက အခုလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေပါဝင်တဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တာလို့ ယူဆရပါတယ်။ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးမှု ကာကွယ်ပေးရေး ဥပဒေမှာ အမြင့်ဆုံးပြစ်ဒဏ်ကို သေဒဏ်အထိ သတ်မှတ်ထားတာလည်း တွေ့ရမှာပါ။ ဒိအရင် မတိုင်ခင် ရွေးကောက်ပွဲ ဥပဒေတွေမှာ ပြစ်ဒဏ်တွေအနေနဲ့ ထောင် ၁ နှစ်ကနေ ၃ နှစ် သို့မဟုတ် ဒဏ်ငွေ စတာတွေသာ အမြင့်ဆုံးတွေ့ခဲ့ရပြီး အခုဥပဒေတွေမှာတော့ ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ် ၇နှစ်၊ နှစ် ၂၀ နဲ့ တသက်တကျွန်းတို့ကနေ သေဒဏ်အထိ ပါဝင်လာတာတွေ့ရမှာဖြစ်ပါတယ်။
အချုပ်အားဖြင့် ဆိုရရင် ယခုနှစ်ကုန်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ မျှော်လင့်ချက်ထက် ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီး အရေးယူအပြစ်ပေးမယ်ဆိုတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပါဝင်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ အကြောက်တရားအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ တခုသာ ဖြစ်မှာ အသေအချာပင်ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar