Breaking News

လေကြောင်း တိုက်ခိုက်မှုတွေ ပိုများလာ၊ လေကြောင်းတိုက်ခိုက်မှု အပေါ် လူထုအမြင်နဲ့ အိမ်နီးချင်းနိုင်ငံအချို့ရဲ့ အမြင်

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၃၀ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၅

လေကြောင်း တိုက်ခိုက်မှုတွေ ပိုများလာ၊ လေကြောင်းတိုက်ခိုက်မှု အပေါ် လူထုအမြင်နဲ့ အိမ်နီးချင်းနိုင်ငံအချို့ရဲ့ အမြင်

တိုင်းရင်းသားလက်နက်ကိုင် နဲ့ PDF တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ နေထိုင်နေကြတဲ့ ပြည်သူ လူထုတွေအနေနဲ့ လေယာဥ်သံ ကြားရင်၊ လေကြောင်းအန္တရာယ်ရှိတယ်လို့ သတိပေးနှိုးဆော်သံကြားရင် စိုးရိမ်ထိတ်လန့်နေကြရတဲ့ အခြေအနေတွေ ဖြစ်ပွားလာတာ ၄ နှစ်ကျော် ၅ နှစ်ထဲဝင်လာခဲ့ပါပြီ။ အဆိုပါ ကာလမတိုင်ခင်လည်း စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နိုင်ငံရဲ့ ဒေသအချို့မှာ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မနှိုင်းယှဥ်နိုင်လောက်အောင် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ 

တဖန် လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်း ထပ်ပြီးအသေးစိတ်သုံးသပ်ရင် ၁၀၂၇ စစ်ဆင်ရေးကာလ နောက်ပိုင်း ပိုများလာတာကိုတွေ့ကြရမှာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း နဲ့ ဒုတိယပိုင်းကာလတွေမှာ စစ်ကောင်စီအနေနဲ့ လက်လွတ်ဆုံးရှုံးရတဲ့နယ်မြေပိုမိုများပြားလာသလို လက်လွှတ်လိုက်ရတဲ့နယ်မြေတွေကို မြေပြင်ကပြန်လည်ထိုးစစ်ဆင်နိုင်ခြင်းမရှိတော့တာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ရသလောက် ထိခိုက်အောင်၊ အဆိုပါဒေသတွေမှာနေထိုင်သူတွေအနေနဲ့ စိတ်ချလက်ချနေထိုင်နိုင်ခြင်းမရှိတဲ့အခြေအနေမျိုးဖြစ်စေဖို့ လေကြောင်းတိုက်ခိုက်မှုတွေကို ရှိသမျှ ငွေအား၊လေယာဥ်တွေကို အသုံးပြုပြီး တိုက်ခိုက်နေတာ တွေ့ရပါတယ်။ 

ဇူလိုင်လ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်တဲ့ ကျောက်မဲမြို့၊ ကွတ်ခိုင်မြို့နဲ့ MDY-PDF ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူမြို့နယ်က ကျေးရွာ၊ ကန့်ဘလူမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စုစုပေါင်း ထိခိုက်သေဆုံးမှု ၃၀ ကျော်ထိ ရှိခဲ့တာတွေ့ရပါတယ်။ 

ဇူလိုင် ၂၉ ရက်နေ့ ညနေပိုင်းမှာ MDY-PDF ထိန်းချုပ်ထားတဲ့ စဥ့်ကူမြို့နယ်ထဲက လက်ပံလှ ကျေးရွာမှာရှိတဲ့ရဲစခန်းကို ဗုံးကြဲခဲ့ရာမှာ အဆိုပါတနေရာထည်းတင် ၂၂ ဦး သေဆုံးခဲ့ပြီး နောက်ကျေးရွာတရွာဖြစ်တဲ့ရွှေပန်းတောရွာကိုလည်း လေကြောင်းကဗုံးကြဲခဲ့ရာမှာ ၂ ဦး သေဆုံးတယ်လို့ဒေသတွင်းသတင်းဌာနတွေက ဖေါ်ပြထားကြပါတယ်။ 

မကြာသေးတဲ့လပိုင်းအတွင်းကလည်း လက်ပံလှကျေးရွာ စျေးဗုံးကြဲခံခဲ့ရပြီး လူအများအပြား သေ ဆုံးခဲ့တဲ့ဖြစ်စဥ် ရှိခဲ့တာပါ။ အခုတကြိမ် လက်ပံလှကျေးရွာ ဗုံးကြဲခံရတဲ့နေရာက ရဲစခန်းဖြစ်ပြီး စစ်သုံ့ပန်းအပါအဝင် အချုပ်သားတွေနဲ့ ဝန်ထမ်း စုစုပေါင်း ၂၂ ဦး သေဆုံးတယ်လို့သတင်းတွေမှာ ဖေါ်ပြထားကြတာပါ။ 

လက်ပံလှကျေးရွာဟာ မန္တလေး မြစ်ကြီးနား ကားလမ်းပေါ် မှာ တည်ရှိပြီး အချက်အချာကျတဲ့ နေရာမှာရှိတယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၃၀ ရက်မှာတော့ ကန့်ဘလူမြို့နယ်ထဲက NUG စီမံခန့်ခွဲတဲ့တောတွင်းဆေးရုံတရုံကို လေကြောင်းကဗုံးကြဲခဲ့ရာမှာ ဆေးရုံရဲ့ လူနာဆောင်ကို တည့်တည့်ထိမှန်ခဲ့ပြီး သေဆုံးမှုများပြားကြောင်း သတင်းအချို့မှာ ဖေါ်ပြထားပြီး သတင်းဌာန တခုကတော့ ၅ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၃၀ ရက်မှာပဲ TNLA ထိန်းချုပ်ထားတဲ့ကွတ်ခိုင်မြို့ကို ဗုံးကြဲခဲ့ရာမှာ ရာစုသစ် ၂ ဟိုတယ်ကို ထိမှန်ခဲ့ပြီး ကွတ်ခိုင်ဗုံးကြဲခံရမှုအတွင်း ၆ ဦး သေဆုံးတယ်လို့သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ ကွတ်ခိုင်မြို့ဟာ TNLA က တိုက်ခိုက်သိမ်းယူပြီး အုပ်ချုပ်နေတဲ့မြို့ဖြစ်ပါတယ်။ TNLA က ထိန်းချုပ်ဒေသလို့ဆိုပေမယ့်လည်း MNDAA တပ်ဖွဲ့ဝင်တွေလည်း ဝင်ထွက်နေတဲ့မြို့ဖြစ်ပြီး ကွတ်ခိုင်မြို့ကိုလေကြောင်းတိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသားတဦးထိခိုက်သေဆုံးခဲ့ရတယ်လို့ MNDAA ကထုတ်ပြန်ခဲ့ကာ အခုလိုတိုက်ခိုက်မှုဟာ အပစ်ရပ်သဘောတူညီမှုကို စစ်ကောင်စီဘက်က ချိုးဖောက်တာ လို့လည်း MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြခဲ့ပါတယ်။ 

အခုလို MNDAA က ထုတ်ပြန်ခြင်းဟာ ယခုနှစ် ဇန်နဝါရီလ စစ်ကောင်စီနဲ့ အပစ်ရပ် သဘောတူညီမှုနောက်ပိုင်း ပထမဆုံး စစ်ကောင်စီကို ဝေဖန်ပြောဆိုတဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။ ဒီလို ထုတ်ပြန်ချက်ကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား စစ်ပွဲပြန်ဖြစ်လာမလားဆိုတဲ့အထိတော့ မယူဆနိုင်သော်လည်း တရုတ်နိုင်ငံက စောင့်ကြည့်နေတဲ့ အပစ်ရပ်သဘောတူညီချက်ကို ဘယ်လောက်အထိ သက်ရောက်မှုရှိနိုင်သလဲဆိုတာတော့ လောလောဆယ်မှာ မပြောဆိုနိုင်သေးပါဘူး။ 

ခုရက်ပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ အများအပြားဟာ TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေနဲ့ NUG ထိန်းချုပ်ဒေသတွေ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ စိပ်လာတဲ့အပေါ် TNLA အဖွဲ့ကလည်း “ပြည်သူလူထုကို ဦးတည်တိုက်ခိုက်နေသည့် စကစ မြန်မာစစ်အုပ်စု၏ စစ်ရာဇဝတ်မှု လုပ်ရပ်များကို ကန့်ကွက် ရှုတ်ချခြင်း” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဇူလိုင် ၃၀ ရက်နေ့မှာ ထုတ်ပြန်ချက် တရပ် ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ အရပ်သားပြည်သူတွေကိုဦးတည်တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေအတွက် ကုလသမဂ္ဂနဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အပါအဝင် နိုင်ငံတကာအစိုးရတို့ကို မေတ္တာ ရပ်ခံပန်ကြားကြောင်း ဖေါ်ပြထားတာ တွေ့ရပါတယ်။ 

ကုလသမဂ္ဂ အဖွဲ့ အနေနဲ့ နိုင်ငံတကာ အရေးကိစ္စတွေမှာ နိုင်ငံရေးအရ၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်တွေနဲ့ စစ်ရေးအရပါဝင်နိုင်တဲ့အနေအထားမရှိတဲ့အခြေအနေမျိုးမှာရှိတာကို နိုင်ငံတကာ အဖြစ် အပျက်တွေကို လေ့လာကြည့်ရင် နားလည်နိုင်ပါတယ်။ အခုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အဖွဲ့ထက် မျှော်လင့်ခြင်း မျှော်လင့်မယ်ဆို တရုတ်နိုင်ငံရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတဲ့ အချက်ကိုသာ စောင့်ကြည့်ရမယ့် သဘောဖြစ်ပါတယ်။ မကြာသေးခင်က ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတပုဒ်မှာ လေကြောင်းတိုက်ခိုက်မှု အသုံးပြုတဲ့ လေကြောင်းသုံး ဗုံးတွေကို တရုတ်နိုင်ငံအကူအညီနဲ့ ဆက်လက်ထုတ်လုပ်နေကြောင်း SAC-M လို့ အတိုကောက်ခေါ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဖေါ်ပြထားတာတွေ့ရပါတယ်။ 

ယခင် အစိုးရတွေလက်ထက်ကတည်းက စစ်တပ်ပိုင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေအတွက် နည်းပညာ၊ အချို့သော အဆင့်မြင့် ပစ္စည်းတွေကို တရုတ်နိုင်ငံကုမ္ပဏီတချို့က ရောင်းချပေးနေတာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် အခုကာလအထိ ကူညီနေဆဲ ဖြစ်ပါတယ်။ မကြာသေးခင် မန္တလေးတိုင်းထဲက စစ်ကောင်စီ တပ်စခန်းတချို့ကို PDF တပ်ဖွဲ့တွေက သိမ်းယူရာမှာ တရုတ်နိုင်ငံ Norinco စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတံဆိပ်နဲ့ မိုင်းရှင်းကိရိယာတွေကို သိမ်းဆည်းရရှိခဲ့ပါတယ်။ 

ဒီအချက်တွေကို ကြည့်ရင် တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီရဲ့ လေတပ်အတွက် လိုအပ်တဲ့လက်နက်ပစ္စည်း၊ လေယာဥ် စတာတွေကို ဆက်လက်ရောင်းချပေးနေတာ သံသယဖြစ်စရာ မလိုပါဘူး။ 

ဒါ့အပြင် ယမန်နေ့က သတင်းတပုဒ်မှာ  မြန်မာလေတပ်ဦးစီးချုပ်ထိုင်းနိုင်ငံကိုလာရောက်ပြီး ထိုင်းနိုင်ငံက  ဒရုန်းနည်းပညာနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီလေတပ်ကိုသင်တန်းပေးဖို့ကိစ္စရပ်တွေ သဘောတူခဲ့ကြောင်း သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ 

မြန်မာပြည်တွင်းမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲမှာ လေတပ်အင်အားကိုအသုံးပြုပြီး တိုက်ခိုက်နေတဲ့အပေါ်  အိမ်နီးချင်းနိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့အနေနဲ့ ဆန့်ကျင်တဲ့သဘောထားမရှိပဲ လက်နက်ခဲယမ်း နဲ့ နည်းပညာတွေအတွက် အကူအညီပင်လျင်ပေးနေကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ 

ဒီအခြေအနေမှာ စစ်ကောင်စီအနေနဲ့  လေကြောင်းတိုက်ခိုက်မှုတွေမလုပ်နိုင်တော့ဖို့ ပိတ်ဆို့မှုတွေ၊ လက်နက်ခဲယမ်းမထုတ်လုပ်နိုင်ဖို့ နည်းပညာမရရှိဖို့ ကြိုးပမ်းမှုတွေထက် မြေပြင်ကအရပ်သားလူထုတွေ လေကြောင်း ထိခိုက်မှု နည်းပါးအောင်လုပ်ဆောင်နိုင်တဲ့ ကြိုတင်ကာကွယ်မှုနည်းလမ်းတွေ ရှာ ဖွေလုပ်ဆောင်ကြဖို့သာ ပိုအရေးပါလာတယ်လို့ ဆိုချင်ပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar