Breaking News

စစ်ရေးနာလန်ထူဖို့ အဘက်ဘက်က ပြန်လည်ကြိုးပမ်းနေတဲ့ အာဏာသိမ်း စစ်တပ်

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၉ မြင်ကွင်း

မိုးမခ ၊ ဩဂုတ် ၁၀၊ ၂၀၂၅


စစ်ရေးနာလန်ထူဖို့ အဘက်ဘက်က ပြန်လည်ကြိုးပမ်းနေတဲ့ အာဏာသိမ်း စစ်တပ်

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အာဏာသိမ်း စစ်ကော်မရှင်ဟာ ယမန်နှစ် နှစ်လယ်ပိုင်း မြို့တွေ၊ စစ်တိုင်းဌာနချုပ်တွေ၊ နယ်မြေတွေအများအပြား လက်လွှတ်ဆုံးရှုံးပြီး နိုင်ငံရေး၊ စစ်ရေးအရ အကြပ်ဆိုက်နေခဲ့ရာက တနှစ်အကြာမှာ မြို့အချို့ကို ပြန်လည်ထိုးစစ်ဆင်သိမ်းယူနိုင်ခဲ့သလို လားရှိုးမြို့ နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို မတိုက်ခိုက်ရဘဲ ပြန်ရရှိတဲ့ အချက်၊ ၂၀၂၄ ခုနှစ်အတွင်းမှာ ဒေသအများအပြားမှာ ခံစစ်အနေအထားနဲ့ အပြင်းအထန် ကာကွယ်နေရတဲ့ အနေအထားကနေ ၂၀၂၅ ခုနှစ်လယ်ရောက်လာတဲ့ အခါမှာ ဒေသအချို့မှာ စစ်စခန်းတွေ လက်လွှတ်ဆုံးရှုံးနေရသည့်တိုင် စစ်မျက်နှာအချို့မှာတော့ ပြန်လည်ထိုးစစ်ဆင်နိုင် မြို့နဲ့ စစ်စခန်းတချို့ကို ပြန်လည်သိမ်းယူနိုင်တာတွေ ရှိလာသလို နိုင်ငံတကာ ဆက်ဆံရေး သံတမန်ရေးအရလည်း အာဆီယံ အဖွဲ့မှာ ထိတွေ့ဆက်ဆံမှုတွေ ပြန်လည်ရရှိနေသလို နိုင်ငံတကာ အသိုင်းအဝိုင်းမှာလည်း ထိတွေ့ဆက်ဆံမှုတွေ ယခင်ထက် ပိုမိုလာတာ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ 

နိုင်ငံတကာမှာ သံတမန်ရေးအရ ပိုမိုထိတွေ့မှုတွေ ရလာစေဖို့ရာမှာ လာမယ့် နှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ပြယုဂ်အဖြစ် အသုံးချနေတာတွေ့မြင်နေရပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီ အနေနဲ့  ၂၀၂၄ ခုနှစ်အတွင်း ရှမ်းမြောက်ကမြို့ အများအပြား လက်လွှတ်ဆုံးရှုံးခဲ့ရသလို ကချင်ပြည်နယ်က မြို့တွေ စခန်းတွေ၊ ရခိုင်ပြည်နယ်က မြို့တွေသာမက ရခိုင်ပြည်နယ်ရဲ့ နယ်မြေ ၉၀ ရာနှုန်းနီးပါး လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ ကချင်ပြည်နယ်မှာ ကျောက်စိမ်း သယံဇာတထွက်ရှိတဲ့ ဖားကန့်ဒေသ၊ မြေရှားထွက်ရှိတဲ့ ကချင်အထူးဒေသတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို မန္တလေးတိုင်းထဲက ပတ္တမြားထွက်ရှိတဲ့ မိုးကုတ်မြို့၊ ရွှေတွင်းတွေရှိတဲ့ သပိတ်ကျဥ်း၊ စဥ့်ကူစတဲ့ဒေသတွေကို အာဏာသိမ်း စစ်တပ်က လက်လွှတ်ဆုံးရှုံးခဲ့ပါတယ်။ 

၂၀၂၄ နှစ်လည်မှာ စစ်ကောင်စီ အနေနဲ့ စစ်ရေးအရ အရှုံးတွေ တခုပြီးတခု ဆက်တိုက်ရင်ဆိုင်နေရချိန် သြဂုတ်လမှာ တရုတ်နိုင်ငံရဲ့ ရပ်တည်မှုကို ရရှိလာတဲ့ အချက်ဟာ စစ်ကောင်စီအတွက် ရေနစ်တုန်း ကယ်ဆယ်မယ့်သူ ပေါ်လာတဲ့ သဘောဖြစ်ပါတယ်။ တရုတ် အနေနဲ့ စစ်ကောင်စီကို အပေါ်စီးကနေ ကစားနိုင်ဖို့ အတွက် ၁၀၂၇ စစ်ဆင်ရေးအစပိုင်းမှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကို အားပေးထောက်ခံခဲ့ပုံရပြီး စစ်ရေးအရ နဂို မျှော်လင့်မထားတဲ့ အခြေအနေထိ ပြောင်းလဲလာတဲ့ အခါမှာ ပြန်လည်သုံးသပ်ပြီး စစ်ကောင်စီကို ရပ်တည်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ အနေအထား စစ်ကောင်စီဘက်ကလည်း တရုတ်နိုင်ငံက လိုလားတဲ့ ရွေးကောက်ပွဲကျင်းပရေးကို အချိန်သတ်မှတ်လုပ်ဆောင်ဖို့ သဘောတူခဲ့တယ်လို့ ယူဆရပါတယ်။ 

အာဏာသိမ်းထားတဲ့ စစ်တပ်အနေနဲ့ လျောကျသွားခဲ့တဲ့ စစ်ရေး၊ သံတမန်ရေး ထောက်ခံမှုတွေကို တန့်သွားအောင် တန့်နေရာက တဆင့်ပြီးတဆင့်ပြန်တက်လာဖို့ ကြိုးပမ်းရာမှာ သဘာဝဘေး ဖြစ်တဲ့ စစ်ကိုင်း မန္တလေးဒေသက ငလျင်ကြီးကို အခွင့်အရေး တခုအဖြစ် အသုံးချခဲ့တာတွေ့ကြရပါတယ်။ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေကို လက်ခံခဲ့ပြီး အဆိုပါ ထိတွေ့ဆက်ဆံမှုတွေက တဆင့် အာဆီယံ အသိုင်းအဝိုင်းနဲ့ ပုံမှန်အနေအထား မရောက်သည့်တိုင် ထိတွေ့မှု ခပ်စိပ်စိပ်ရှိခဲ့ပြီး အာဆီယံ ဝန်ကြီးတချို့ နေပြည်တော်ကို လာရောက်ခဲ့တဲ့ အဖြစ်အပျက်တွေက သံတမန်ရေးအရ ပြန်လည်ဝင်ဆံ့လာတဲ့ သဘောမျိုး ဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် လူသားချင်းစာနာမှု အကူအညီ အများအပြားလိုအပ်နေတဲ့ မြန်မာနိုင်ငံမှာ အင်အားပြင်းထန်တဲ့ ငလျင်ဘေး ကျရောက်တဲ့ အခြေအနေကို အကြောင်းပြုပြီး အပစ်အခတ်ရပ်စဲဖို့ နိုင်ငံတကာ နဲ့ အာဆီယံတို့က တိုက်တွန်းခဲ့တာကို စစ်ကောင်စီဘက်က အပြသဘော တဖက်သတ်အပစ်ရပ် ကြေညာခဲ့သလို NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကလည်း ထိုးစစ်ရပ်၊ တဖက်သတ် အပစ်ရပ်ကြေညာခဲ့ကြပါတယ်။ 

အာဏာသိမ်း စစ်တပ်အနေနဲ့ တဖက်သတ် ထိုးစစ်ရပ် ကြေညာသည့်တိုင် လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းခြင်း မရှိဘဲ ငလျင်ဘေးကျရောက်ချိန်ကနေ အခုလက်ရှိအချိန်ထိ ၄ လကျော် တောက်လျှောက် လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။ စစ်ကောင်စီ အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းအစတွေမှာ အလူးအလဲ ခံခဲ့ရတဲ့ ဒရုန်းဒဏ်ကို တုံ့ပြန်တိုက်ခိုက်နိုင်ဖို့ ၁ နှစ်ခွဲနီးပါးကာလအတွင်း ဒရုန်းနည်းပညာ၊ ပစ္စည်းတွေ ဝယ်ယူဖြည့်ဆည်းတာ ဒရုန်းတပ်ခွဲတွေ တည်ထောင်တာတွေ လုပ်ဆောင်ပြီး 

မကြာသေးခင်က နောင်ချို နဲ့ သပိတ်ကျဥ်းကို ပြန်လည် သိမ်းယူနိုင်ခဲ့တဲ့ အချက်က စစ်ကောင်စီ တပ်တွေအဖို့ သိက္ခာဆည်စရာနဲ့ စိတ်ဓါတ်ရေးအရ စည်းရုံးဖို့ ပြစရာ ဖြစ်ရပ်တွေဖြစ်ပါတယ်။ ဖားကန့်ကို ပြန်လည်ထိုးစစ်ဆင်နေသလို ၆ လကျော် ၇ လကြာပြီဖြစ်တဲ့ ဗန်းမော်မြို့နဲ့ စကခ ၂၁ သိမ်းတိုက်ပွဲမှာ ဆက်လက်ခုခံတိုက်ခိုက်နေရင်း ခုရက်ပိုင်းမှာ အမြှောက်တပ် တပ်ရင်းတခုကို ပြန်လည်သိမ်းပိုက်နိုင်တဲ့ သတင်းတွေလည်း ပေါ်ထွက်လာခဲ့တာ တွေ့ရပါတယ်။ 

 အခုလို ရန်သူ အာဏာသိမ်းစစ်တပ်အနေနဲ့ ရှုံးနေရာကနေ ရုန်းထဖို့ ကြိုးစားနေချိန်မှာ တော်လှန်ရေး အင်အားစုဘက်မှာ အောင်မြင်မှုတွေ အပေါ် ယစ်မူးမှု၊ အကျိုးစီးပွား ပဋိပက္ခဖြစ်မှုတွေနဲ့ စတင်ရှုပ်ထွေးလာနေတာလည်း ဖြစ်ပါတယ်။ သိမ်းယူရရှိတဲ့ နယ်မြေတွေ ထိန်းချုပ်ခွင့်၊ သယံဇာတ စီမံခန့်ခွဲခွင့်တွေ အပေါ် အကျိုးစီးပွားချင်း ပဋိပက္ခ ဖြစ်စရာတွေက ရန်သူ့အတွက် အခွင့်အလမ်းတွေ ဖြစ်စေနိုင်တာ သတိပြုကြဖို့ လိုအပ်ပါတယ်။ 

နိုင်ငံတကာရဲ့ နောက်ခံ အခြေအနေ၊ သံရေး တမန်ရေးတွေမှာ ဒီမိုကရေစီရေး ဦးစားပေးတာထက် အကျိုးစီးပွားနဲ့ စစ်ပွဲတွေအထဲ နစ်မြုပ်နေကြချိန်၊ သံတမန်ရေး ဂငယ်ကွေ့တွေ ကွေ့နေကြချိန် မှာ မြန်မာ့တော်လှန်ရေး အင်အားစုတွေ အနေနဲ့ မိမိတို့ မဟာမိတ် အချင်းချင်း ဆက်ဆံရေး၊ မိမိတို့ အဖွဲ့အစည်းတွင်း ပဋိပက္ခကို ကောင်းမွန်စွာ ဖြေရှင်းလုပ်ဆောင်နိုင်ရေးတွေက ပိုပြီးအရေးကြီးလာနေတာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar