လေးလေး - မြသန်းတင့်နှင့်ခရီးသွားခြင်း
လေးလေး - မြသန်းတင့်နှင့်ခရီးသွားခြင်း
မိုးမခ ၊ ဩဂုတ် ၁၉ ၊ ၂၀၂၅
လွန်ခဲ့တဲ့ ခုနစ်နှစ်ခန့်က အွန်လိုင်းရုပ်သံမီဒီယာတခုမှာ အမျိုးသားစာရေးဆရာတယောက်က”ခုခေတ်လူတွေ စာမဖတ် ကြလို့ ကျနော်တို့စာရေးဆရာတွေ စာပေဟောပြောပွဲတွေ လိုက်ဟောနေကြရတာလို့ ပြောသွားတာ ကြားခဲ့ရ တယ်။အဲ့ဒီမီဒီယာမှာပဲ အမျိုးသမီးစာရေးဆရာတယောက်က ခုခေတ်လူတွေစာဖတ်ကြလို့သာ ကျမ ဝတ္ထု စာအုပ်တွေ အထပ်ထပ်အခါခါ ပြန်ရိုက်နေရတာပေါ့လို့ ပြောတာ ကြားခဲ့ရပြန်ပါတယ်။ကျနော်က တိုင်းပြည်ကနေ ဆယ်နှစ်ဆယ်မိုးဝေးဝေးသွားတတ်လေတော့ ဘယ်သူ့စကား ယုံရကောင်းမှန်းမသိခဲ့ဘူး။
တခုတော့ အခိုင်အမာပြောနိုင်တာက ဆရာမြသန်းတင့်ရေးခဲ့တဲ့စာအုပ်တွေ စာစု၊ဆောင်းပါးစုတွေကို၊ဆို ရ လျင် ဆရာ့စာပေလက်ရာမျိုးစုံအဖုံဖုံကို စာအုပ်တိုက်ပေါင်းစုံက စာအုပ်နာမည်အမျိုးမျိုးနဲ့ အထပ်ထပ်အခါခါ ပြန် လည်ရိုက်နှိပ်ထုတ်ဝေနေတာကတော့ မျက်မြင်ပဲဖြစ်တယ်။ အခုပဲကြည့်၊
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်တတိုက်ထဲကနေ ၂၀၂၅ခု၊မတ်လမှာ”မြောက်ဘက်တောင်ကုန်းဒေသမှအ ပြန်”၊ ဧပြီ လမှာ “ငွေသောင်ယံ ဟွန်ဒါယဥ◌်ကျေးမှု မေရီပိုဗေးနှင့် အီကွေတာညများ”ဆိုတဲ့ စာအုပ်နှစ်အုပ်ကို ဆက်တိုက် ဆိုသလို ထုတ်ဝေဖြန့်ချီလာတယ်။နှစ်အုပ်စလုံးက ခရီးသွားဆောင်းပါးတွေချည်း။
ပထမဆုံး မြသန်းတင့်နဲ့အတူ မြောက်ဘက်တောင်ကုန်းဒေသဆီ သွားကြည့်ကြရအောင်ပါ။
ဒီစာအုပ်ထဲမှာ ဆရာမြက ဒေသငါးခုကို သွားထားတယ်။”လှသောကောင်းသောမြို့”က သထုံကို တညအိပ် ခရီး သွားဆောင်းပါး၊”ပန်းခင်းကိုမြင်းစီး၍လျှောက်ကြည့်ခြင်း”က မန္တလေး၊စစ်ကိုင်း၊မုံရွာဘက် ရုပ်ရှင်ရိုက် ခရီးတခု ကို အတူလိုက်သွားတဲ့ ဆောင်းပါး၊”မြောက်ဘက်တောင်ကုန်းဒေသမှအပြန်”က ကသာ၊အင်းတော်၊ကောလင်း၊ ဝန်းသို ခရီးသွား၊”လှိုင်းပြာကပြောလိုက်သော ဝတ္ထုများ”က သံဖြူဇရပ်၊စက်စဲဘက်၊ရွှေဇာလီအလွမ်းကျ မိုးညှင်း ခရီးသွား။
ခရီးတွေစုံသလို သွားခဲ့တဲ့ တိုင်မ်းလိုင်းတွေက မတူ၊သထုံကိုသွားပြီး ရေးခဲ့တာက ၁၉၉၄၊ပန်းခင်းကိုမြင်းစီး ကြည့်ခဲ့တာက ၁၉၇၈ခု၊မြောက်ဘက်တောင်ကုန်းကပြန်ခဲ့တာ ၁၉၈၀ ဝန်းကျင်၊လှိုင်းကပြော လိုက်တဲ့ ဝတ္ထု တွေက ၁၉၇၉ ခု၊ရွှေဇာလီကိုလွမ်းဖြစ်ခဲ့တာက ၁၉၈၆။”မဆလ”ခေတ်၊”နအဖ”ခေတ်။ဘယ်ခေတ်ဆိုဆို စစ်တပ်က အုပ်စိုးထားချိန်ချည်း။ကောင်းပါ့။ဒီနေရာမှာ မြသန်းတင့်နဲ့အတူ စုံလင်ကျယ်ပြောတဲ့ ခရီးတွေကို အတူလိုက်သွားဖို့က စာတအုပ်လုံးဖတ်မှဖြစ်နိုင်မှာမို့ စာရေးသူရဲ့ အရေးအဖွဲ့တချို့ကိုသာ ကောက်နုတ်ဖော်ပြ ပါမယ်။
ပထမဆုံး အညာသားစာရေးသူက အညာကို ခရီးသွားဖို့အကောင်းဆုံးအချိန်ဆိုတာကို ခုလို ရေးဖွဲ့ထားခဲ့တယ်။
“အညာတွင် ခရီးသွား၍အကောင်းဆုံးအချိန်မှာ မိုးတွင်းဖြစ်သည်။နေလည်း မပူ၊ဖုန်လည်း မရှိ၊ကောင်းကင်သည် အမြဲတမ်း အုံ့မှိုင်းနေသည်။သို့ရာတွင် အောက်အရပ်မှာလို သဲသဲမဲမဲလည်း မရွာ၊မိုးတိမ်တို့သည် ရန်ကင်းတောင် ထိပ်တွင် အမြဲလိုလို မှိုင်းညို့နေတတ်သည်။မန္တလေးတဝိုက်မှ မန်ကျည်းပင်၊ကုက္ကိုပင်တို့သည် နီကျင်သောဖုန်မှုန့် တို့ဖြင့် ပေါင်ဒါဖို့ထားခြင်း မရှိတော့။မုတ်သုန်ဦး၏ မိုးစက်များက ဖုန်မှုန့်တွေကို ဆေးကြောပစ်လိုက်ကြပြီ။ သစ် ပင်တို့က စိမ်းနေကြသည်။လယ်ကွင်းတွေကလည်း စိမ်းနေကြသည်။တောင်တွေကလည်း စိမ်းနေကြသည်။”
ဆရာဇော်ဂျီရဲ့ ပုဂံကို အလည်အပတ်သွားဖို့အကောင်းဆုံးအချိန် သီတင်းကျွတ်၊တန်ဆောင်တိုင် ဆိုတဲ့ အရေးအ ဖွဲ့ကို ပြန်ပြောင်းအောက်မေ့ဘွယ်ရာ ရေးသားဖွဲ့ဆိုမှု။
မြသန်းတင့်ရဲ့ ခရီးသွားဆောင်းပါးတွေမှာ ဒေသအဖွဲ့တွေတင်ပါတာမဟုတ်ဘဲ ခရီးထဲတွေ့ခဲ့ရတဲ့ ဇာတ်ကောင်တ ချို့ကိုလည်း သရုပ်မှန်ပီပီပြင်ပြင်နဲ့ ရေးဖွဲ့ထားတာတွေဖတ်ရတယ်။တကယ့်လူတွေကို ရေးဖွဲ့ထားခဲ့တာဖြစ်လို့ ဇာတ်ကောင်အဖွဲ့တွေက သက်ဝင်လှုပ်ရှားပြီး စိတ်ဝင်စားစရာ ဖြစ်ရတယ်။ဥပမာ-ပန်းခင်းကိုမြင်စီးကြည့်ခြင်း ထဲက ရုပ်ရှင်ရှုတင်မန်နေဂျာကိုညိုကြီး အဖွဲ့မျိုးကို မြည်းစမ်းကြည့်ပါ။
“သူက ခပ်ဝဝ၊အရပ်ထောင်ထောင်မောင်းမောင်း၊အသားကစိမ့်နေအောင် ညိုသည်။ကျနော်သူ့ကို သဘောအ ကျဆုံးမှာ ရုပ်ရည်ရော စိတ်နေသဘောထားပါ အညာသားပီသခြင်း ဖြစ်သည်။သဘောကောင်း၍ စကားပြော လျင် ပွင့်လင်းသည်။ပျော်ပျော်နေတတ်သည်။အဖော်ကောင်းသည်ဆိုလျင် အလုပ်တွေ သားမယားတွေကိုပစ်ပြီး ခေါ်ရာကိုလိုက်တတ်သူဖြစ်သည်။သူ စိတ်ညစ်နေသည်ကို ကျနော် တခါမျှ မတွေ့ဖူး။အိမ်မှာ ထမင်းချက်စရာ ဆန်မရှိသည့်တိုင် ဖြူဖွေးသောသွားများပေါ်အောင်ပြုံးကာ “ဆရာရေ ဒီနေ့ ခါနာနိမ်းလာတယ်၊ အိမ်ကကလေး တွေ ဆန်ပြုတ်ဟဲနေရတယ်၊ဟု ဟင်းခွက်ဆယ်ခွက်လောက်ဖြင့် ကောင်းကောင်းမွန်မွန်စားသောက်လာရသူ၏ မျက်နှာမျိုးဖြင့် ပြောတတ်သည်။
မုံရွာညိုကြီးသည် မိတ်ဆွေသူငယ်ချင်းများက အရက်သောက်ချင်သည်ဆိုလျင် ညကြီးသန်းခေါင်ဖြစ်စေ အရက် ရှာဝယ်ပေးသည်။သူကိုယ်တိုင်ကမူ တစက်မျှ သောက်သူ မဟုတ်။ဘုရားတရားကို အလွန်ကြည်ညိုသည်။ သူ သည် ရန်ကုန်တွင် နေ့စဥ◌်နေ့တိုင်း ဘုရားသုံးဆူပြည့်အောင် ဖူးတတ်သည်။ရန်ကုန်တွင် သူ မဖူးဖူးသည့် ဘုရား ဟူ၍ရှိမည်မထင်။မည်မျှ အလုပ်များများ ဘုရားသုံးဆူတော့ ပြည့်အောင်ဖူးတတ်သည်။
ကားစရိတ်မရှိလျင် ထိုဘုရားများကို ခြေကျင်လျှောက်၍သွားဖူးသည်။အလုပ်များလိုက်သည်မှာလည်း သူ့အပြင် နှစ်ယောက်ရှိမည်မထင်။ဒါရိုက်တာသဘောကိုလည်း သိသည်။ထိုမျှမကပါ။ရုပ်ရှင်ရိုက်ခါနီး မိုးမရွာအောင် ရှင်ဥပဂုတ္တတင်ဖို့ လိုလျင်လည်း ရှင်ဥပဂုတ္တ တင်တတ်သေးသည်။ပရိတ်လည်း ရွတ်တတ်သည်။ မော်တော်ကား ပျက်သည်ဆိုလျင်လည်း ဝင်ပြင်လိုက်သေးသည်။”
ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ လူတွေအကြောင်း မြသန်းတင့်ရဲ့ခရီးသွားဆောင်းပါးတွေထဲ ဖတ်ရတယ်။ စာရေး ဆရာ “ရှော့”ရတဲ့ စာဖတ်ပရိသတ်တယောက်အကြောင်းလည်း ခုလို ဖတ်ရတယ်။
“ကိုသန်းဖေသည် စာအုပ်ထဲတွင်ရှိသောအမှန်တွေကိုချည်း ပြောတတ်သဖြင့် “ခွကျလူတယောက်”ဟု အများက ထင်ကြသည့်အကြောင်းကို အထက်တနေရာတွင် ကျနော်ပြောခဲ့ပါသည်။ယခု သူမေးလိုက်သော မေးခွန်းတခု ကြောင့် (ကိုသန်းဖေကို မကျေလည်ခြင်း မဟုတ်ဘဲ)ကျနော့်ကိုယ်ကိုယ်ကျနော် မကျေမလည်ဖြစ်ရသော ပြသနာ တရပ်ကို ဘွားကနဲ ကျနော်တွေ့လိုက်ရသည်။ကျနော်ရေးသော စာပေများနှင့်ပတ်သက်သော ကိုသန်းဖေ၏ မေး ခွန်းတခုထဲတွင် ကျနော်၏ဝတ္ထုများသည် အများအားဖြင့် ဇာတ်လိုက်သေရသော ဝတ္ထုများ ဖြစ်နေသည်။ ဘာ့ ကြောင့် ဇာတ်လိုက်များကို သတ်နေရသနည်း ဟူသော မေးခွန်းတခု ပါလေသည်။
ကိုသန်းဖေ ထောက်ပြသည့်အတိုင်းပင် ကျနော့်ဝတ္ထုများထဲမှ ဇာတ်လိုက်များသည် အဆုံးသတ်တွင် သေသွား ကြပါသည်။”ဓားတောင်”မှ သံချောင်း၊”ကံကောင်း”မှ ကံကောင်း၊”မမ”မှ မမ၊”နွံထဲကကြာမှ ရွှေအင်၊”မာယာဘုံ”မှ အေးမ၊”နေထွက်သောည”မှ မိချို၊ စသည့် ဇာတ်ဆောင်များသည် အဆုံးသတ်တွင် သေသွားကြပါသည်။
ကျနော့်ဝတ္ထုများတွင် ထိုသို့ဖြစ်နေခြင်းသည် ဇာတ်လမ်းအရလား၊စာရေးသူ၏ပင်ကိုယ်စိတ်ဓာတ် ဖွဲ့စည်းပုံ ကြောင့်လား၊ဆိုသည်ကို ကိုသန်းဖေထောက်ပြမှပင် ကျနော့်ဘာသာပြန်၍သုံးသပ်မိသည်။သို့ရာတွင် အဖြေမ ထွက်ချေ။စိတ်သရုပ်ခွဲဆရာတို့ကမူ စာရေးဆရာ၏ မသိစိတ်ထဲတွင် လူသတ်သမားကိန်းအောင်းနေသည်ဟု သရုပ်ခွဲကြမည်လား မသိပါ။”
မြသန်းတင့်ရဲ့ မြောက်ဘက်တောင်ကုန်းမှအပြန် ခရီးသွားဆောင်းပါးစာအုပ်ကို ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်က ၂၀၂၅ခု၊မတ်လမှာ တတိယအကြိမ်အဖြစ် အုပ်ရေ ၁,၀၀၀ ထုတ်ဝေဖြန့်ချီပြီး စာအုပ်တန်ဖိုးက ကျပ် ၁၅,၀၀၀ တိတိ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar