စစ်တပ်က အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲ ရက်စတင်ကြေညာ
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၈ မြင်ကွင်း
မိုးမခ ၊ ဩဂုတ် ၁၉၊ ၂၀၂၅
စစ်တပ်က အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲ ရက်စတင်ကြေညာ
အာဏာသိမ်းထားတဲ့ စစ်တပ်က ၂၀၂၅ ခုနှစ်ကုန်ခါနီး ရက်ကနေ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအအတွင်း အပိုင်းလိုက် ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲရက်ကို စတင်ကြေညာလိုက်ပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်း/ပြည်နယ် လွှတ်တော် ၃ ရပ် အတွက် အပိုင်းလိုက် ကျင်းပမယ်လို့ ဆိုတဲ့ ရွေးကောက်ပွဲရဲ့ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ တနင်္ဂနွေနေ့မှာ စတင်ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ အပိုင်း ဘယ်နှပိုင်းနဲ့ ကျင်းပမလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်ခြင်း မရှိသေးဘဲ ဆက်လက်ပြုလုပ်မယ့် အပိုင်းလိုက် နေ့ရက်တွေကိုလည်း ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အကောင်အထည်ဖော် အစိုးရဖွဲ့ဖို့ လွှတ်တော်ခေါ်မယ့် နံနက်ပိုင်း ဖေဖေါ်ဝါရီ ၁ ရက်နေ့ ကူးပြောင်းချိန်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အခု ၅ နှစ်နီးပါးကြာမြင့် ချိန်မှာ ၂၀၂၅ ရွေးကောက်ပွဲ သို့မဟုတ် ၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲ လို့ အမည်ပေးရမယ့် နောက်တကြိမ် ရွေးကောက်ပွဲကို ကျင်းပမယ့် သဘောဖြစ်ပါတယ်။
ရွေးကောက်ပွဲ ၂ ခုရဲ့ အကြား ၅ နှစ်နီးပါး ကာလအတွင်းမှာ မြန်မာနိုင်ငံတွင်းမှာ မြန်မာနိုင်ငံဟာ ဆယ်စုနှစ် ၇ ခုကျော်အတွင်း ပြည်တွင်းစစ်မီးတောက်ထဲကို တကျော့ပြန်ကျရောက်ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလာဒ်ကို လက်မခံနိုင်တဲ့ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲအများဆုံး အနိုင်ရတဲ့ NLD ပါတီကို ဖျက်မသိမ်းရုံ တမယ် ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ထောက်ခံသူ၊ ပါတီရဲ့ ထိပ်တန်း၊ အလယ်အလတ်တန်း နောက် ထောက်ခံသူတွေကို အကျဥ်းချထားတာ ဖြစ်ပါတယ်။ ပါတီမှတ်ပုံတင်ဥပဒေသစ်ကို ထုတ်ပြန်ကြေညာပြီး သတ်မှတ်ရက်အတွင်း မှတ်ပုံပြန်တင်ဖို့ မတင်ခဲ့ရင် နိုင်ငံရေးပါတီအဖြစ်မှ ပျက်ပြယ်တယ်ဆိုတဲ့ ဥပဒေပါ သတ်မှတ်ချက်တွေအရ NLD ပါတီဟာလည်း မြေပေါ်မှာ မရှိနိုင်တော့တဲ့ ပါတီတရပ်အဖြစ်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။
နိုင်ငံကို ၂၂ နှစ်နီးပါး အုပ်ချုပ်ခဲ့တဲ့ နဝတ၊ နအဖ စစ်အစိုးရ အနေနဲ့ ၄င်းတို့ရဲ့ အာဏာ တစိတ်တပိုင်းကို ဝေမျှပေးပြီး ဒီမိုကရေစီစနစ် ပုံသဏ္ဌာန် အသွင်ဆောင်ဖို့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြဋ္ဌာန်းကာ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ခဲ့တာဖြစ်ပါတယ်။ နှစ် ၂၀ ကျော်အတွင်း ပထမဆုံးဖြစ်လာတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြိုင်ဘက် ကြီးကြီးမားမား မရှိတာကြောင့်ရော အပြတ်အသတ်အနိုင်ရအောင် အစစ်အမှန်မဟုတ်တဲ့ ကြိုတင်မဲတွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ အနိုင်ရခဲ့ပြီး ကမ္ဘာကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအဖြစ် ဆယ်စုနှစ် တခုနီးပါး ပြသခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး လွှတ်ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ဖို့ စည်းရုံးနိုင်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်ခဲ့ခြင်းဟာ နိုင်ငံတကာရဲ့ ယုံကြည်မှုကို ရရှိခဲ့စေတာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပြတ်အသတ် NLD က အနိုင်ရခဲ့ပြီး NLD အနေနဲ့ အစိုးရဖွဲ့ခွင့်အာဏာ ပထမဆုံး ရရှိကာ ၂၅ ရာနှုန်း စစ်တပ်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်မှာ အငြင်းအခုံတွေနဲ့ ဖြတ်သန်းခဲ့ရတာပါ။ အစိုးရအဖွဲ့မှာ အရေးပါတဲ့ ကာကွယ်ရေး ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ၃ ခုကို စစ်တပ်ဘက်က ခန့်အပ်ခွင့် ရထားသည့်တိုင် စစ်တပ် အနေနဲ့ ၄င်းတို့ လွှမ်းမိုးနိုင်မယ့် အစိုးရနဲ့ လွှတ်တော် မဟုတ်တော့တဲ့ အနေအထားကို ၅ နှစ်တာကာလအတွင်း တွေ့မြင်ခဲ့ရပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလာဒ်ကို စစ်တပ်အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်တော့ဘဲ စစ်အာဏာသိမ်းတဲ့ အဖြစ်နဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆိုတဲ့ ပြဇတ်တခန်းရပ်ခဲ့ရတာပါ။
မင်းအောင်လှိုင် ဦးဆောင်တဲ့ လက်ရှိစစ်တပ်ဟာ ၂၀၂၅ ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲ ကာလနဲ့ နှိုင်းယှဥ်စိတ်ကူးယဥ် ကြည့်ကောင်း ကြည့်နိုင်ပါတယ်။ သို့ပေမယ့် ၂၀၂၅ ရွေးကောက်ပွဲဟာ ဆယ်စုနှစ် ၄ ခုနီးပါးအတွင်း စိတ်ဝင်စားမှု အနည်းဆုံး ရွေးကောက်ပွဲ တရပ်အဖြစ် နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုက ရှုမြင်နေကြတာပါ။ လူထုအနေနဲ့ ရွေးကောက်ပွဲပြီးခဲ့ရင် ပြည်တွင်းစစ်ပွဲတွေ ရပ်သွားနိုင်မလားဆိုတဲ့ မျှော်လင့်ချက်မျိုးလည်း မျှော်လင့်လို့မရသလို၊ မြေပေါ်မှာ နိုင်ငံရေးလုပ်ကိုင်ခွင့် နေရာကျယ်ဝန်းလာမလားဆိုတဲ့ မျှော်လင့်ချက်လည်း မထားနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။
ခု လာမယ့် ရွေးကောက်ပွဲကို ပါဝင်ယှဥ်ပြိုင်မယ့် အချို့သောနိုင်ငံရေးပါတီတွေကတော့ ၂၀၂၅ ရွေးကောက်ပွဲက ပြည်တွင်းစစ် အရှိန်ကို အတိုင်းအတာတခုထိ လျော့ကျအောင် လုပ်ဆောင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက် ထားရှိနေတာ တွေ့ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ တက်လာမယ် အစိုးရဟာ လက်ရှိစစ်တပ် အနေနဲ့ တိုက်ရိုက်အုပ်ချုပ်နေတဲ့ အရေးပေါ် အခြေအနေ၊ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်တဲ့ စစ်အစိုးရ ထက်စာရင် အနည်းငယ် တော်လိမ့်မယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေ ဘက်က ရှုမြင်ချက်ကတော့ အခုရွေးကောက်ပွဲက စစ်တပ်ရဲ့ အာဏာသိမ်းမှုကို တရားဝင်အောင် လုပ်ဆောင်ပေးလိုက်သလို ဖြစ်စေနိုင်တယ်လို့ ရှုမြင်ထားကြတာ ဖြစ်ပါတယ်။ တဖက်မှာလည်း အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ နိုင်ငံရေး စစ်ရေး အင်အားစုတွေရဲ့ မဟာမိတ်အဖြစ် စုစည်းမှုက ရွေးကောက်ပွဲကြောင့် အင်အားယုတ်လျော့သွားမယ့် အရေးကို စိုးရိမ်ကြတာလည်း ဖြစ်ပါတယ်။
အခု လက်ရှိ အချိန်ထိတော့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ ရွေးကောက်ပွဲ ကျင်းပတာကို လိုလားတာ၊ တိုးတက်မှုအဖြစ် ရှုမြင်တာမျိုး မရှိသေးပါဘူး။ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ၄င်းတို့ ထိန်းချုပ်နယ်မြေတွေအတွင်းမှာ နေထိုင်ကြသူတွေကို ရွေးကောက်ပွဲ ကျင်းပခွင့် မပြုကြောင်း ကြေညာထားကြတာ တွေ့ရပါတယ်။ ၄င်းတို့ ထိန်းချုပ်နယ်မြေထဲ ရွေးကောက်ပွဲအတွက် မဲစာရင်းစုဆောင်းတာက အစ လုပ်ဆောင်ခွင့်မပြုဘဲ ယမန်နှစ်က ရွေးကောက်ပွဲအတွက် ရည်ရွယ်ကာ သန်းခေါင်စာရင်းကောက်ခံသူတွေကို ဖမ်းဆီးတာ အသက်သေဆုံးသည် အထိ အပြစ်ပေးတာတွေ ရှိခဲ့တာပါ။ စစ်ကောင်စီဘက်ကလည်း ရွေးကောက်ပွဲကို နှောင့်ယှက်တဲ့လုပ်ရပ်တွေကို ထောင်ဒဏ်ကနေ သေဒဏ်အထိ အပြစ်ပေးနိုင်တဲ့ ဥပဒေတွေ မကြာသေးခင်က ပြဌာန်းထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အကာအကွယ်ပေးရမယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီက ထွက်ရှိလာပြီး တဖက်က ရွေးကောက်ပွဲကို နှောင့်ယှက်လာခဲ့ရင် ကြီးလေးတဲ့ ထောင်ဒဏ်၊ လူသေပျောက်မှုရှိခဲ့ရင် သေဒဏ်အထိ ချမှတ်နိုင်အောင် လုပ်ဆောင်နေတာပါ။
အခုရွေးကောက်ပွဲနဲ့ နှိုင်းယှဥ်စရာ အခြေအနေ တရပ်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးခါစ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကာလမှာ ကျင်းပတဲ့ ၁၉၄၉-၁၉၅၀ ခုနှစ်တွေအတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ အခုကျင်းပမယ့် ရွေးကောက်ပွဲလိုပဲ တရက်ထည်း တနိုင်ငံလုံး မကျင်းပနိုင်သလို ဒေသအားလုံးမှာ ပျံ့နှံ့အောင်လည်း မကျင်းပနိုင်ခဲ့ပါဘူး။ ၁၉၄၉-၁၉၅၀ ခုနှစ် ရွေးကောက်ပွဲမှာ လွတ်လပ်ရေးရပြီးစ အင်အားအကြီးဆုံး ပါတီအဖွဲ့ချုပ် ဖြစ်တဲ့ ဖဆပလ အဖွဲ့ချုပ်ကပဲ အနိုင်ရခဲ့တာ ဖြစ်ပေမယ့် ပြည်တွင်းစစ်မီးကို မငြှိမ်းသတ်နိုင်ခဲ့တဲ့ အဆုံး ၁၉၆၂ မှာ စစ်အာဏာသိမ်းခံရပြီး ဒီမိုကရေစီစနစ် ဆိတ်သုဥ်းခဲ့တာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပါတယ်။
အခုတဖန် ပြည်တွင်းစစ်ကာလအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲက ပြည်တွင်းစစ်မီး ငြိမ်းစေဖို့ အလားအလာ နည်းပါးနေဆဲ ဖြစ်ပြီး ရွေးကောက်ပွဲကြောင့် ပေါ်ထွက်လာနိုင်တဲ့ အကြမ်းဖက်မှု၊ လုပ်ကြံသတ်ဖြတ်မှု၊ အပြစ်မရှိတဲ့ အရပ်သားတွေ သေဆုံးရတဲ့ အဖြစ်အပျက်တွေလည်း ပေါ်ပေါက်လာစေနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေတာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar