Breaking News

မောင်လင်းရိပ် - လူနာမေးသွားတဲ့ တစ်နေ့က

 

Art- Aung Htet

လူနာမေးသွားတဲ့ တစ်နေ့က
မောင်လင်းရိပ်
(မိုးမခ) ဩဂုတ် ၁၉၊ ၂၀၂၅


ပြေနာနေချိန် ငွေမရှာနိုင်တဲ့ ငါ့ကိုယ်ငါ အဖြစ်မရှိမှန်း နောက်ကျကျမှ သိရ
ပြေနာတဲ့ထဲ လူနာလည်း မေးရတာပဲ။ ငါ့မိတ်ဆွေလူနာရဲ့ လျောင်းတော်မူဘေး ငါဟာ အပြစ်ရှိသူလို
အဖြစ်မရှိတာဟာ အပြစ်ရှိတာနဲ့ ဒီလို ညီမျှခြင်းချမိတယ်
သူရေးဖူးသလို ရေစီးသန်တဲ့ ချောင်းထဲ အသက်နဲ့ရင်းပြီး ထင်းချောင်းလေးတွေ
တစ်ချောင်းချင်း လိုက်ဆယ်နေကြရတာပါ ငါတို့ဟာ
နေပါဦး ခင်ဗျားရဲ့ အသက်ကိုဖြင့် ဘယ်သူတွေက လိုက်ဆယ်မတဲ့လဲ
လူနာကို လက်ချည်းသက်သက်နဲ့ မေးလည်း အသက်နဲ့ ဝေးသေးသလို
ကိုယ့်လူရဲ့ အပြုံးဟာ အဲ့ဒီနေ့က အေးဆေးတုန်းပါပဲ ဒါပေမဲ့ သူဟာ ခဏမျှပဲ ကုန်းထပြီး ထိုင်ရှာရဲ့
လျောင်းတဲ့ ဣရိယာပုတ်သာ သူ့အမောကိုသက်သာစေသလို သူဆိုတယ်
သူ့ငယ်ဘဝ တပ်ကုန်းဘက်က ကြက်သွန်ခင်းတွေရဲ့အစိမ်းရောင်ကို သူ တသသ ပြောတယ်
အဲ့ဒီမှာ ငပိချက်နဲ့ လတ်ဆတ်တဲ့ တို့စရာတွေနဲ့ စားခဲ့ဖူးတာတွေကို သူ တရရ မေ့မရပုံ
လူနာဆိုတာ စားကောင်းသောက်ဖွယ်ထက် သူခံတွင်းတွေ့ရာကို ပြေးတပ်မိရှာပုံ
ကျုပ်တို့ဟာ တစ်ဘဝစာ ကိုယ်ခံတွင်းတွေ့ရာကိုသာ သစ္စာရှိခဲ့သူတွေ
ကိုယ့်သစ္စာကို ကိုယ့်ကိုယ်တွင်း ကလီစာတွေက ဖီလာပြုလာတဲ့ အချိန်မှာ
ပြေကလည်း ပြေနာ လူကလည်း လူနာ၊ အနာသက်သာရာဟာ ခုလို တွေ့ကြ
ပြောကြရတဲ့ အခါကောင်း တိုတိုလေးမျှသာ။ နေ့တစ်ဝက်လောက် ငါးမျှားချိန်ရခဲ့ရင်
ကျုပ်တို့ ဘာတွေများထပ်ရနိုင်ဦးမလဲတွေးမိပါရဲ့ ရဲဘော်ကြီးရေ
ပျားအုံထဲကပျားတွေဟာ အချင်းချင်း နာမည်မမှတ်မိကြပေမဲ့ တစ်အုံတည်းသားတံဆိပ်ကို ဘာနဲ့ သိကြလဲ
ဆူးတွေကြားထဲ အပွင့်သေးသေးလေးတွေ ကျွန်တော်က စိတ်ဝင်စားပြီး ဇီးပင်အုပ်ကနေ ပျံလာတယ် ဆိုပါစို့
ခင်ဗျားကို နေဘက်လှည့်မြဲ နေကြာပန်းရဲ့ဝတ်ရည်နံ့ရတတ်တဲ့ ပျားတစ်ကောင်အဖြစ်အမှတ်ရှိနေမြဲပဲ
နေကြာခင်းကြီး တစ်ခင်းဆီ ခင်ဗျားနဲ့အတူတကွ ခရီးသွားချင်စိတ်တွေနဲ့ 
လျောင်းနေသူရဲ့ ခြေထောက်ကို တင်းတင်းဆုပ်ရင်း နှုတ်ဆက်ပြန်ခဲ့တယ်

ဩဂုတ် ၁၅၊ ၂၀၂၅

 Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar